Keep calm and let’s talk about sex

 

အပြောလွယ်သလောက် အလုပ်ခက်မယ့် Sex education အကြောင်း

ကလေးတွေဟာ အင်မတန်စူးစမ်းစကားများတတ်တာမို့လို့ ၄-၅နှစ်လောက်ကစပြီး ပေါက်ကရမေးခွန်းလေးတွေ စပြီးမေးလာပါတော့မယ်။ Sex education အကြောင်းရေးထားတဲ့ အောက်မှာ comment တွေကို ဖတ်ကြည့်တော့ ဘယ်ကဘယ်လို စပြောရမယ်၊ ဘယ်လိုစကားလုံးသုံးသင့်တယ်ဆိုတာတွေ အခက်တွေ့နေကြတာ တွေ့တယ်။ ကိုယ့်ကို ၅နှစ်သားက ရုပ်ရှင်ဇာတ်လမ်းကြည့်ရင်း အဲဒါဘာဖြစ်တာလဲ၊ ဘာလုပ်တာလဲလို့ မေးလာပြီဆိုပါတော့။ ဘယ်လိုဖြေရင်ကောင်းမလဲ။ ကျမကိုယ်တိုင်လည်း စာတွေ့ပဲရှိပြီး ငါတွေ့ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ အမြဲပြင်ဆင်ထားတာမို့လို့ သူတို့ တကယ်တမ်းမေးလာရင်လည်း တွန့်ဆုတ်နေတာမျိုးမရှိဘဲ ပြင်ဆင်ထားပြီးသား အဖြေကို ချက်ခြင်းပေးနိုင်တယ်။ ကလေးရဲ့ ကိုယ့်အပေါ်ယုံကြည်မှုကို တက်စေတယ်နော်။

မိဘနဲ့ သားသမီးကြား ဒီခေါင်းစဉ်ကို ပြောဖို့ရာ အနောက်နိုင်ငံတွေမှာတောင် မသက်မသာ ခံစားကြရတုန်းပါ။ သိထားရမှာက ကိုယ့်ကလေးက ကိုယ်ဘာပြောပြော မျက်လုံးလေးအဝိုင်းသားနဲ့ သေချာနားထောင်မယ့် ၅နှစ်အရွယ်မဟုတ်တော့ဘူးလေ။ ၁၃-၁၄နှစ်အရွယ် လူပျိုအပျိုပေါက်နဲ့ ပြောရတော့မှာ။ အဲဒီအပျိုပေါက် လူပျိုပေါက်တွေနဲ့ပြောတဲ့အခါ သက်တောင့်သက်သာရှိဖို့ ၅နှစ်၆နှစ်သားလောက်ကတည်းက အစပျိုးထားပါ။ ခုရေတွင်းတူး ခုရေကြည်သောက်လို့တော့ မရဘူးပေါ့။ ယုံကြည်မှုကို တဖြည်းဖြည်းတည်ဆောက်ထားပါနော်။

ကလေးတွေကို သူတို့လိင်အင်္ဂါတွေအကြောင်း ပြောပြထားပါ။ ၄နှစ်၅နှစ်လောက်မှာ သူတို့စပြီး သတိပြုမိလာတယ်။ ကောင်လေးတွေမှာ ဒါရှိတယ်၊ ကောင်မလေးတွေမှာ မရှိဘူး။ ဘာဖြစ်လို့လဲမေးတယ်။ လိင်အင်္ဂါတွေကို ဘယ်လိုခေါ်သလဲဆိုတာကို လူကြီးတွေခေါ်တဲ့အတိုင်း အမှန်အတိုင်းပြောပြပါ။ မြန်မာလိုပြောရမှာ ပါးစပ်မရဲရင် အင်္ဂလိပ်လို (Penis, vagina) စသည်ဖြင့် သင်ပေးနိုင်တယ်။ ရှက်ရှက်လို့ခေါ်တယ်တို့၊ Wee Wee လို့ခေါ်တယ်တို့ ကလေးစကားလုံးတွေ မပြောပါနဲ့။

ကလေးတွေဘယ်လိုဖြစ်လာသလဲ။ နည်းနည်းအသက်ကြီးလာရင် မေးတော့မယ်။ ရုပ်ရှင်ထဲမှာ sex scene တွေမတော်တဆတွေ့လို့ ဘာလုပ်တာလဲမေးရင် ကလေးလေးတွေ မွေးချင်လို့ ဒါမျိုးလုပ်တာလို့ပဲ ပြောပြပါ။ ကလေးဘယ်လိုဖြစ်လာသလဲမေးရင် တကယ့်အဖြစ်အပျက်ကို တတ်နိုင်သမျှ သူနားလည်မယ့် စကားလေးတွေနဲ့ ပြောပြပါ။ ဖေဖေ့ဆီမှာ မျိုးစေ့ဖြစ်စေတဲ့ အကောင်ကလေးတွေရှိတယ်။ အဲဒီအကောင်ကလေးတွေက မေမေ့ဆီက မျိုးစေ့ဖြစ်စေမယ့် အလုံးကလေး (egg) နဲ့ ပေါင်းသွားမှ ကလေးလေးစဖြစ်လာတယ်ဆိုပြီး ပြောထားနိုင်တယ်။ သူတို့ စိတ်ဝင်တစားမေးတဲ့အထိ ဆက်ပြီးဖြေပေးနိုင်တယ်။ စကားတွေ ပြောရင်းနဲ့ ထင်သလောက် မခက်ခဲတော့ဘူးဆိုတာ တွေ့လာလိမ့်မယ်။ သူမေးသမျှမေးခွန်းတွေကို ဘယ်လောက်ပဲ ဆက်မေးမေး ကိုယ်တတ်နိုင်သလောက်ဖြေပေးပါ။ ဖေဖေ့ဆီက အကောင်လေးတွေက ဘယ်လိုရမှာလဲမေးရင် သူတို့ကို သူတို့အိမ်လေးထဲမှာ လုပ်ရတယ်၊ အဲဒီအိမ်လေးက Penis ပနာက်မှာရှိတဲ့ အိတ်ကလေး (ကပ္ပါယ်အိတ်) ထဲမှာနေတယ်။ Testes လို့ခေါ်တယ်ပေါ့။ အကောင်လေးတွေက အဲဒီအိတ်ကလေးထဲမှာဖြစ်တယ်၊ ပြီးရင် အချိန်ရောက်လို့ အပြင်ထွက်ချင်ရင် Penis ကနေတဆင့် ရေနဲ့ရောပြီး ထွက်လာတယ်လို့ ရှင်းပြနိုင်တယ်။ ရှူရှူးနဲ့ ထွက်လာသလားမေးရင် မဟုတ်ကြောင်းဖြေပါ။ သူတို့အတွက် သီးသန့်ရေရှိတယ်၊ အဲဒီရေကို semen လို့ခေါ်တယ်။ ဒီလိုအချက်အလက်တွေကတော့ အသက် ၁၀နှစ်ဝန်းကျင် ကလေးတွေအတွက်ပေါ့။ ဒီထက်ငယ်ရင် သူတို့ဂဃနဏနားလည်ဖို့ ခက်တယ်။ ဒါပေမယ့် အမေးရှိရင်တော့ အဖြေရှိရစမြဲပဲ။ သူတို့ သိပ်နားမလည်လည်း ဒါကိုပဲ ထပ်တလဲလဲဖြေပါ။ လှီးလွှဲပြီး မဖြေပါနဲ့။ မေမေက တစ်လကို တစ်ကြိမ်မျိုးဥလေးတွေ ထုတ်ပေးနိုင်တယ်ဆိုတာလည်း ပြောပြနိုင်တယ်နော်။ သူတို့ဒါမျိုးတွေမေးရင် မဆူပါနဲ့။ နင်ဘယ်ကတတ်လာတာလဲ မမေးပါနဲ့။ နောက်တစ်ခါ ဒါမျိုးမေးရင် အရိုက်ပဲလို့ မခြိမ်းခြောက်ပါနဲ့။ သူတို့စိတ်ထဲမှာ ပုံမှန်သိချင်လို့ မေးတဲ့မေးခွန်းတွေဟာ မပြောကောင်း မဆွေးနွေးကောင်းတဲ့၊ လူမသိအောင်နေရတဲ့ကိစ္စတွေလို့ ထင်သွားရင် လူမသိအောင်ဘဲ လုပ်တော့မှာလေ။ ကိုယ့်ကိုဘာမှ အသိမပေး၊ မမေးတော့ဘူးလေ။ အဲဒီအခါ အမှားတွေဖတ်၊ အမှားတွေကြားပြီး ဒုက္ခရောက်တော့မှာလေ။ အဲဒါကြောင်း စကားဝိုင်းတစ်ခါပြီးသွားရင် နောက်သိချင်တာရှိရင် ဖေဖေ့ကို/မေမေ့ကို မေးနော်လို့ အားပေးဖို့ မမေ့ပါနဲ့နော်။

အခွင့်အလမ်းပေါ်လာတိုင်း ရှင်းပြဖို့ အသုံးချပါ။ ကလေးက မေးလာတာကို အမြဲစောင့်ဖို့မလိုပါဘူး။ အပြင်သွားရင်း ကလေးနို့တိုက်နေတဲ့ ခွေးကလေးမိသားစုကို တွေ့တဲ့အခါလည်း ရှင်းပြနိုင်တယ်။ မိန်းကလေးတွေရဲ့ရင်သား (breast)ဟာ သားသမီးတွေကို နို့ချိုတိုက်ကျွေးဖို့၊ အာဟာရပေးဖို့ လုပ်ထားတာဆိုတာကို နားထဲစွဲနေအောင် ပြောပြထားနိုင်တယ်။ ရင်သားကို သူတို့စိတ်ဝင်စားရင် ဒါရှက်ရှက်နော်ဆိုပြီး မပြောပါနဲ့။ ကလေးလေးတွေအတွက် နို့တိုက်ဖို့ဆိုတာ နားလည်ပါစေ။ သားငယ်ငယ်ကလည်း ဒီကနေနို့စို့ရတာလို့ပြောရင် သူတို့သိပ်အံ့သြဝမ်းသာတယ်။ နောက်ထပ်ကလေးလေးရရင် တိုက်ရဦးမှာဆိုတာ ပြောပြရင် စိတ်လှုပ်ရှားပြီး ပျော်တယ်။

လိင်အင်္ဂါတွေဟာ လျို့ဝှက်အပ်တဲ့အရာတွေဆိုတာ သင်ပေးပါ။ Private ဆိုတာ ဘာလဲဆိုတာ နားလည်အောင် ရှင်းပြပါ။ အိမ်သာဝင်ရင် (သို့မဟုတ်) တံခါးပိတ်ထားတဲ့ အခန်းတစ်ခုထဲကို ဝင်ရင် တံခါးခေါက်ပြီးမှ ဝင်သင့်ကြောင်း သင်ပေးပါ။ သူများရဲ့ လျို့ဝှက်အပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို လိုက်ကိုင်တာ မလုပ်သင့်ဘူး၊ ထို့အတူ ကိုယ့်ရဲ့ လျို့ဝှက်အပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ကိုယ့်မိဘနဲ့ ဆရာဝန်ကလွဲရင် ပေးမကိုင်သင့်ကြောင်း သင်ပေးပါ။ အထူးသဖြင့် ကိုယ့်ထက်ကြီးတဲ့ လူကြီးတွေလာပြီး ထိကိုင်ရင် မိဘကို ပြန်ပြောပြဖို့ သေချာသိပါစေ။

Sex ဆိုတာ ဘာလဲမေးခဲ့ရင်။ အပေါ်ကပြောတဲ့အတိုင်း ကလေးလေးတွေမွေးအောင်လုပ်ရတာလို့ ပြောပြပါ။ လူတစ်ယောက်နဲ့ တစ်ယောက်သိပ်ချစ်လို့ မိသားစုတစ်ခုလိုချင်တယ်၊ တစ်အိမ်ထဲမှာ နေချင်တယ်ဆိုရင် နေတာမျိုးလို့ပြောပြပါ။ အဲဒီလိုပြောလိုက်ခြင်းအားဖြင့် လိင်ဆက်ဆံတာနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အမြင်၊ တန်ဖိုးကို သင်ပေးရာလည်းရောက်တယ်။ တွေ့ကရာလူနဲ့ မနေသင့်ဘဲ ကိုယ်တန်ဖိုးထားတဲ့သူ၊ ကိုယ်ချစ်တဲ့သူ၊ ကိုယ်မိသားစုဘဝတည်ဆောက်ချင်သူနဲ့မှ နေသင့်တယ်ဆိုတဲ့ message ကို တစ်ခါတည်းပေးထားရာရောက်ပါတယ်။ ဒါဆို မေမေ့ကို ချစ်တယ်၊ အဲဒါမျိုးလုပ်လို့ရလားမေးရင်ရော ဘယ်လိုဖြေမလဲ။ ဒါမျိုးနေတယ်ဆိုတာ မိသားစုဖြစ်ချင်လို့နေတာလေ၊ မေမေနဲ့ သားက/သမီးက မိသားစုဖြစ်ပြီးသားဆိုတော့ နေဖို့လည်း မလိုတော့ဘူး၊ နေလို့လည်း မရဘူးလို့ ရှင်းပြပါ။ သားရော/သမီးရော ကလေးလေးတွေ မွေးအောင်လုပ်လို့ရသလားမေးရင် – မရကြောင်းပြောပါ။ ကလေးလေးမွေးတယ်ဆိုတာ လူကြီးဖြစ်မှ မွေးလို့ရတယ်ဆိုတာ ပြောပြပါ။ ကလေးဘယ်လိုမွေးသလဲမေးရင် – ပေါက်ကရအဖြေတွေ မပေးပါနဲ့။ ဗိုက်ထဲကနေ ခွဲစိတ်ပြီး ထုတ်လို့ရသလို Vagina ထဲကနေ အပြင်ကို တွန်းထုတ်ပြီး မွေးလို့ရတယ်ဆိုတာ ရှင်းပြပါ။

ကဲ.. ဒီလောက်ဆိုရင် idea ရလောက်ပြီထင်ပါတယ်နော။ နောက်မှ တဖြည်းဖြည်း အမေးအဖြေနမူနာလေးတွေ ဆက်ရေးပေးဦးမယ်။

ချစ်ခြင်းမေတ္တာအားဖြင့်
Wellness Mommy

Ref: http://www.babycenter.com/0_how-to-talk-to-your-child-about-sex-ages-6-to-8_67908.bc?page=2

#wellnessmommy