Pedophile ၂မျိုး

လွန်ခဲ့တဲ့ တနှစ်ခွဲလောက်တုန်းက Wellness Mommy Page မှာ ကလေးတွေ လိင်အကြမ်းဖက်ခံရတဲ့ အကြောင်း ဆောင်ရန်ရှောင်ရန်စာလေးတပုဒ်ရေးဖူးတယ်။ (https://web.facebook.com/CaliforniaWellnessMommy/posts/682468928565674)

အဲဒီနောက်ပိုင်းမှာလည်း အင်တာနက်မှာ စာရေးတဲ့သူတွေက ဒီအကြောင်းကို ထပ်ရေးကြ၊ ဝေမျှကြရင်း ကျမတို့ မြန်မာလူနေမှုအသိုင်းအဝိုင်းမှာ အရင်က တခါမှ ဒါမျိုးမကြားဖူးတဲ့လူတွေ မိဘတွေပါ သတိပြုမိလာကြတယ်။ အခုဆိုရင် pedophile ဆိုတဲ့စကားကို လူတိုင်းနီးပါး သိနေ နားလည်နေကြပြီ။ ကျမကတော့ သိပ်ဝမ်းသာတာပဲ။ ဒါအမြတ်ပဲ။ ဒီလိုလူမျိုးတွေ ရှိတယ်ဆိုတာ သိထားမှ ကိုယ့်ကလေးတွေကို ကာကွယ်နိုင်မှာပါ။ အခုထပ်ပြောပြချင်တာက ဒီလို pedophile တွေမှာလည်း ရွံစရာကြောက်စရာကောင်းတဲ့သူတွေ ရှိသလို သနားစရာလေးစားစရာကောင်းတဲ့သူတွေ ရှိနေတယ်ဆိုတာပါ။ ဟုတ်ပါတယ်။ နားကြားမှားတာ မဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေကို ဘာသနားရ လေးစားရမလဲဆိုပြီး အပြစ်တင် မစောကြနဲ့နော်။ သေချာရှင်းပြမယ်။ မတော်တဆ ကိုယ်ဟာ ကံမကောင်းအကြောင်းမလှလို့ ဒီလိုစိတ်မျိုးရှိတဲ့သူ ဖြစ်နေခဲ့မယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် လေးစားဖွယ်ရာ လူဖြစ်အောင် ဘယ်လိုနေသင့်သလဲဆိုတာနဲ့ လုပ်လို့ရတယ်ဆိုတာ တွေးမိအောင် ပြောပြချင်တယ်။

Pedophile ဆိုတာ ကလေးတွေအပေါ်မှာ လိင်သာယာစိတ် ဖြစ်တဲ့သူတွေကို ခေါ်တယ်ဆိုတာတော့ အားလုံးသိပြီးသားနော်။ တိတိကျကျပြောရရင် အသက် ၁၃ နှစ်နဲ့ အောက် ကလေးလေးတွေ အပေါ်မှာ သာယာတာပေါ့။ တကယ်တော့ ဒါဟာ စိတ်ရောဂါတမျိုးပါ။ လူရယ်လို့ဖြစ်လာရင် လိင်စိတ်ဆိုတာ လူတိုင်းနီးပါး အရွယ်ရောက်လာတာနဲ့ ကြုံတွေ့လာကြတာချည်းပါ။ အဲဒီမှာမှ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတဲ့သူ၊ လိင်တူကို စိတ်ဝင်စားတဲ့သူ စတဲ့စိတ်အမျိုးမျိုး ကွဲပြားလာကြတယ်။ ကံမကောင်း အကြောင်းမလှတဲ့သူတွေကတော့ သဘာဝမဟုတ်တဲ့ လိင်စိတ်သာယာမှုတွေ ဖြစ်ကြတယ်။ ဒါဟာ လိင်တူကို စိတ်ဝင်စားတဲ့သူ လိင်ကွဲကို စိတ်ဝင်စားတဲ့သူတွေလိုပဲ သူတို့ပြောင်းလဲလို့ ရတဲ့စိတ်မဟုတ်ဘူး။ ဥပမာ ကျမအမြဲပြောသလို လိင်ကွဲစိတ်ဝင်စားတဲ့သူကို လိင်တူအတင်းကြိုက်ခိုင်းရင် မရသလိုဘဲ လိင်တူကြိုက်တဲ့သူတွေကိုလည်း ဆန့်ကျင်ဘက်လိင် အတင်းပြောင်းကြိုက်ခိုင်းလို့ မရပါဘူး။ Pedophile တွေမှာလည်း ဒီလိုပါပဲ။ ဒီစိတ်ကို သူတို့ပြောင်းလို့ မရဘူး။

အဲဒါကြောင့် pedophile တွေမှာ ၂မျိုးကွဲလာတယ်။ ကိုယ့်ဆန္ဒကို မိုက်မိုက်မဲမဲ အကောင်အထည်ဖော်တဲ့သူတွေ၊ ကျူးလွန်တဲ့သူတွေနဲ့ ဆန္ဒကို ထိန်းချုပ်ထားတဲ့သူတွေဆိုပြီးတော့ပေါ့။ Pedophile တွေရဲ့ အခြားသူတွေနဲ့ မတူတဲ့အချက်က သူတို့ရဲ့လိင်စိတ်ဆန္ဒကို အကောင်အထည်ဖော်ခြင်းဟာ ရာဇဝတ်မှုမြောက်နေတယ်။ အမှားကြီးမှားနေတဲ့ စိတ်ဆန္ဒဆိုတာ သေချာနေတယ်။ အဲဒီအခါ ဒီဆန္ဒကို သူတို့ခမျာ ထိန်းချုပ်ကြတယ်။ အဲဒီလူတွေဟာ pedophile ဖြစ်နေပေမယ့် လေးစားစရာ သနားစရာကောင်းတယ်လို့ ကျမကဆိုလိုတယ်။ ဆန္ဒဆိုတာ ရှိနေတယ်။ မှားတဲ့ဆန္ဒဖြစ်နေလို့ ဘာမှလုပ်လို့မရဘူး။ မလုပ်ထိုက်ဘူးဆိုတာ နားလည်တယ်။ အချို့သူတွေဟာ ကလေးတွေနားကို မကပ်ကိုမကပ်တော့ဘူး။ လူအများအမြင်မှာလည်း ကလေးလုံးဝမချစ်တတ်တဲ့ လူစားမျိုးပုံစံနေပြီး ကလေးနဲ့ ပတ်သက်လာရင် ကူညီပေးတာလည်း မလုပ်တော့ဘူး။ အမှန်က ကလေးနားကို မကပ်ရဲတာ။ သူ့ကိုယ်သူ ထိန်းချုပ်ပဲ့ပြင်ထားတာ။ ကလေးကို မကြည့်ဘူး။ အရောတဝင်မနေဘူး။ ဒီလိုလူမျိုးတွေ။

အနောက်နိုင်ငံတွေမှာဆိုရင် ဆယ်ကျော်သက်ကလေးတွေထဲမှာ တက်ကြွလှုပ်ရှားတဲ့ pedophile လူငယ်တွေ ရှိတယ်။ အသက် ၁၆ – ၁၈ အရွယ်ကလေးတွေ။ သူတို့ဟာ သူတို့ pedophile ဆိုတာကို ထုတ်ပြောကြတယ်။ လူသိရှင်ကြား identity ကို မဖော်ကြသည့်တိုင် (ဖော်မိရင် တခါတလေ သူတို့ ဒုက္ခရောက်တတ်တယ်။ ဘယ်လောက်ပဲ မလုပ်ပါဘူးပြောပြော ဥပဒေနဲ့ ငြိစွန်းတယ်) အင်တာနက်ပေါ်မှာ သူတို့လို လူမျိုးတွေကို ဖေးမကူညီဖို့ အမြဲတမ်းကမ်းလှမ်းတယ်။ သူတို့နဲ့ အချိန်မရွေးတိုင်ပင်နိုင်တယ်။ Support group တွေ internet forum တွေ လုပ်ထားပေးတယ်။ ဘယ်လိုနည်းလမ်းတွေသုံးပြီး ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ကြောင်း လမ်းပြကူညီကြတယ်။ သိပ်လေးစားစရာကောင်းတယ်နော်။ ဆန္ဒကို သိက္ခာနဲ့ ထိန်းနေကြတာ။ သူတို့ကို non offending pedophiles လို့ခေါ်တယ်။ ဒါဟာ အရမ်းကို လုပ်ရခက်တယ်။ ဒါပေမယ့် သူတို့ ကြိုးစားနေကြတယ်။ အောင်လည်းအောင်မြင်နေတဲ့သူတွေ အများကြီးရှိတယ်။ ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းတယောက်နဲ့တယောက် မတူဘူး။ အချို့က ကလေးတွေကို ရှောင်တယ်။ အချို့က ကလေးတွေကို စာသင်ပေးတဲ့နည်းနဲ့ အဆင်ပြေတယ်။ မလုပ်ကြည့်ခင်က ဒါဟာ အန္တရယ်များတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကလေးတွေနဲ့ ပြောဆိုတာ များလာတဲ့အခါ ကလေးတွေအပေါ် ကြင်နာသနားတဲ့စိတ်၊ နားလည်တဲ့စိတ်တွေ ပိုပေါ်လာပြီး သူတို့ဆန္ဒဆိုတာတွေကို ပိုထိန်းသိမ်းနိုင်လာကြတာ တွေ့ရတယ်။ တယောက်နဲ့ တယောက်မတူဘူးပေါ့။ အဓိကက ထိန်းသိမ်းချင်တဲ့ စိတ်ရှိဖို့ပဲ အရေးကြီးတယ်။

Pedophile လူငယ်လေးတယောက်ပြောတဲ့စကားလေးနဲ့ ဒီစာလေးကို နိဂုံးချုပ်ချင်တယ်။ ဒီကလေးဟာ သူအကြောင်းကို အမေကိုပြောပြထားတယ်။ အမေက အပြည့်အဝဖေးမပေးတယ်။ ဒါလည်း နမူနာယူစရာနော်။ ကိုယ့်သားသမီးကို အကောင်းဆုံးတာဝန်ယူဖေးမပေးတဲ့ မိဘကောင်းတယောက်ကို အရမ်းလေးစားစရာ ကောင်းတယ်။

“ဒါဟာ ကျနော်ဘဝရဲ့ တစိတ်တပိုင်း၊ ကျနော်ဘာကောင်လဲဆိုတာပြတဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ ဒါဟာကျနော်ဘာလဲဆိုတာကို ၁၀၀% မဆုံးဖြတ်နိုင်ပါဘူး။ ကျနော့်မှာ ဝါသနာတွေရှိတယ်။ အခြားစိတ်ဝင်စားတာတွေ အများကြီးရှိတယ်။ ကျနော်လူတွေကို ဂရုစိုက်တယ်။ ချစ်တယ်။ ကျနော်စာကြိုးစားတယ်။ ဒါတွေအားလုံးပေါင်းလိုက်မှသာ ကျနော်ဘယ်လိုလူမျိုးလဲဆိုတာ ဆုံးဖြတ်ပေးနိုင်ပါတယ်”

ဒီစာကို ရေးရတဲ့ ရည်ရွယ်ချက်က တဘက်က ရိုင်းစိုင်းမိုက်မဲတဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနေသလို တဘက်ကလည်း ဒီလိုလူမျိုးတွေကို လူကောင်းတွေဖြစ်လာရအောင် ဖေးမကူညီတာဟာလည်း ထပ်တူထပ်မျှ အရေးကြီးတယလို့ ကျမယုံကြည်တဲ့အတွက် ရေးတာပါ။ ကာကွယ်တာဟာ ကုသတာထက် အမြဲ ထိရောက်တယ်လေ။

မေတ္တာဖြင့်
မပန်းအိ

Ref: https://medium.com/matter/youre-16-youre-a-pedophile-you-dont-want-to-hurt-anyone-what-do-you-do-now-e11ce4b88bdb?%3Fc=upworthy#.lnba24kkv