PTA (Parent-Teacher Conference)

ဒီနေ့ သားတို့ကျောင်းမှာ မိဘတွေနဲ့ ဆရာတွေ တွေ့ဆုံပွဲရှိတယ်။ တယောက်ချင်းစီ သီးသန့်တွေ့တဲ့ PTA (Parent-Teacher Conference) မဟုတ်သေးဘူး။ ပညာသင်နှစ်အစမှာ စာသင်ခန်းတွေ၊ စာသင်ပုံ စနစ်တွေအကြောင်း မိဘတွေကို အသိပေးဆွေးနွေးတဲ့ ပွဲပေါ့။မိဘတွေဘက်က သိချင်တာရှိရင် မေးမြန်းဖို့နဲ့ ကျောင်းမှာသင်လိုက်တဲ့ နည်းကို အိမ်မှာလည်း ဆက်သင်နိုင်အောင်ပေါ့။ တယောက်တမျိုးသင်နေကြရင် ကလေးကကြားထဲမှာ အူလည်လည်ဖြစ်နေမှာလေ။

သားလေးက သင်္ချာနဲ့ပတ်သက်ရင် အခြားစာတွေထက် နည်းနည်းလေး ပိုရတယ်။ အမေနဲ့ လုံးဝမတူတဲ့ အချက်ပေါ့။ အမေကတော့ သင်္ချာစဉ်းစားလိုက်ရင် ရှေ့ဆက်မတိုးတော့ဘဲ အဝိုင်းလည်ပြီး နောက်ဆုံး motherboard ပါ လောင်သွားတဲ့ ကွန်ပြူတာလိုပဲ။ 😁 ကျမတို့လည်း သချာင်္လေးကောင်းတယ်ဆိုတော့ သဘောကျနေတာပေါ့လေ။ ဒါပေမယ့် တကယ်တမ်းကျတော့ ၃နဲ့၆ပေါင်းရင် ၉ ရတယ်ဆိုတဲ့ အဖြေကို သိရုံနဲ့ ဆရာတွေက ကျေနပ်မနေဘူးနော်။ ဒါမျိုးက စာလုပ်တာကြာလာရင်၊ အကြိမ်များလာရင် အလိုလို မှတ်မိလာတာပဲတဲ့။ တွေးပုံကို ဦးစားပေးပြီး သင်ကြတယ်။ ဒီအဖြေကိုပဲ ပုစ္ဆာလေးတွေလုပ်ပေးပြီး တွေးပုံ ၂မျိုး ၃မျိုးလောက်နဲ့ ပုံလေးတွေဆွဲ၊ အပြန်ပြန်အလှန်လှန်ဖြေခိုင်းတဲ့ ပုံစံသင်တယ်။ ပေါင်းတဲ့နုတ်တဲ့နည်းစနစ်ကို အမျိုးမျိုးသင်တာ မဟုတ်ဘဲ ဒီလိုစဉ်းစားရင် ဒီအဖြေထွက်သလို ဟိုဘက်က လှည့်ပြီး စဉ်းစားရင်လည်း ဒီအဖြေပဲထွက်တယ်ဆိုတာကို သိအောင်လုပ်ပေးတဲ့ သဘောမျိုးသင်တာပါ။

နောက်တခုကစာဖတ်တဲ့ ပုံစံပေါ့။ သူငယ်တန်းမှာစပြီး စာလုံးပေါင်းနည်း၊ အသံထွက်နည်းကို စနစ်တကျစသင်ပေးသလို အမြင်အားဖြင့် မှတ်မိအောင် လေ့ကျင့်ပေးတဲ့ sight word တွေကိုလည်း သင်ပေးတယ်။ အဲဒီ sight word တွေကလည်း မြင်ပါများလာတဲ့အခါ စာလုံးပေါင်းကို မှတ်မိလာပြီး ကိုယ့်စာလုံးဖြစ်သွားတာပေါ့။ အဲဒီလိုနဲ့ စာလုံးကြွယ်လာတဲ့အခါ ပုံပြင်စာအုပ် အတိုလေးတွေ သူတို့ဘာသာသူတို့ စာလုံးပေါင်းပီး ဖတ်ရတယ်။ တနေ့ကို အနည်းဆုံး စာအုပ်တအုပ်ဖတ်။ အလွယ်ဆုံးစာကြောင်းတိုလေးတွေပါတဲ့ စာအုပ်လေးတွေပေါ့။ ဥပမာ this is my mom ဆိုတဲ့ စာကြောင်းမျိုးလေးတွေပါတဲ့ စာအုပ်လေးတွေ။ အတန်းထပ်ကြီးလာတဲ့အခါကျတော့ စာဖတ်ပြီးရုံတင် မဟုတ်တော့ဘဲ ဒီဇာတ်လမ်းဟာ ဘယ်နေရာမှာ ဖြစ်နေတာလဲ၊ အဓိက ဇာတ်ကောင်က ဘယ်သူလဲ၊ ဘယ်နေရာမှာ ဘာအခက်အခဲ ပြဿနာတက်သလဲ၊ အဲဒီအခက်အခဲကို ကိုယ့်ဇာတ်ကောင်က ဘယ်လို ဖြေရှင်းလိုက်သလဲ စသည်ဖြင့် ဇာတ်တခုလုံးကို ခြုံငုံပြောတတ်အောင်နဲ့ တခုချင်းစီ ခွဲထုတ်သုံးသပ်တတ်အောင် စပြီးလေ့ကျင့်ပေးတယ်။ ကိုယ်မသိတဲ့ အသံမထွက်တတ်တဲ့ စာလုံးပါလာရင် ဘာလုပ်ရမလဲဆိုတာ သင်ပေးတယ်။

နောက်တခုက ဒိုင်ယာရီ (ဒီမှာတော့ journal ရေးတယ်ခေါ်ကြတယ်) ရေးတဲ့ပုံစံလေးတွေ စရေးရတယ်။ သုံးလေးကြောင်းပဲ။ ကိုယ်ဘာလုပ်တယ်၊ ဘာဖြစ်တယ် အဲဒီလောက်ပဲ။ စာလုံးပေါင်းမှားလည်း ပြင်မပေးဘူး။ သူတို့ပေါင်းတတ်သလို ပေါင်းရတယ်။ များသောမားဖြင့် အဓိပ္ပါယ်ပေါ်အောင် ရေးတတ်ကြပါတယ်။ နောက်ပြီး crossword puzzle လေးတွေ လုပ်ရတယ်။ စာလုံးအသစ်တွေကို ကစားနည်းလေးတွေနဲ့ ပျော်စရာကောင်းအောင် လုပ်ရတဲ့အခါကျတော့ ကလေးအတွက် ကစားနေရသလိုဖြစ်ပြီး ပျော်တယ်။ ကျမတို့ မြန်မာပြည်မှာလည်း ကလေးတွေ စာအရေးအဖတ်နဲ့ သင်္ချာတွက်တာတွေ တော်ကြပါတယ်။ သူငယ်တန်းဆိုရင်ပဲ စာတော်တော်ရေးတတ်နေပြီ။ လက်ရေးတွေလည်း တော်တော်ကို လှနေကြပြီ။ ကလေးတိုင်းမှာ ဖြစ်နိုင်ချေ (potential)တွေ အများကြီး ရှိကြပြီးသားပါ။ ဘယ်လိုသင်ကြားခံရတယ် ပဲ့ပြင်ခံရတယ်ဆိုတဲ့အပေါ် မူတည်ပြီး ပြောင်းသွားကြတာပါ။ ဒီမှာသင်တိုင်းလည်း ပိုကောင်းမယ် တထစ်ချပြောလို့မရပါဘူး။ ဗဟုသုတအနေနဲ့ သင်ကြားပုံ နည်းစနစ်လေးတွေ ပြောပြတာပါ။ ကိုယ်ကြိုက်တဲ့ နည်းလေးတွေနဲ့ တိုက်ဆိုင်တာရှိရင် အိမ်မှာကလေးတွေကို လေ့ကျင့်ပေးနိုင်တာပေါ့နော်။

မေတ္တာဖြင့်
Wellness Mommy

Photo courtesy: http://www.coreeducationllc.com/…/to-teach-math-study-read…/