သားသားမီးမီးလေးတွေ အိပ်ယာနိုးတာနဲ့ ဂျီကျပြီး မငိုရအောင်

မေမေတို့အနေနဲ့ ချော့ရတဲ့အခါ နို့လည်းမဟုတ်၊ အစားလည်းမဟုတ်၊ ကစားစရာလည်း မဟုတ်ပဲ အကြောင်းမဲ့ ငိုနေတာကြောင့် စိတ်ညစ်ရမှာ အမှန်ပါပဲ

မေမေတို့ရေ ကလေးတွေက အိပ်နေရင်းနဲ့ တရေးနိုးလာလို့ပဲဖြစ်ဖြစ်၊ နိုးလာလို့ အနားမှာ ဘယ်သူမှ မရှိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ဝမ်းနည်းပြီး ငိုတတ်ကြပါတယ်။ ငိုရင်လည်း မျက်ရည်ပေါက်ကြီးငယ် ကျပြီး တော်တော်နဲ့မတိတ်တော့ပါဘူး။ ဒါ သူအရမ်းဝမ်းနည်းပြီး ဂျီကျနေတာလည်း ဖြစ်ပါတယ်။

မေမေတွေ တော်တော်များများက အိပ်ယာနိုးတာနဲ့ငိုတာကို မကြိုက်တတ်ကြပါဘူး။ နို့လည်းမဟုတ်၊ အစားလည်းမဟုတ်၊ ကစားစရာလည်း မဟုတ်ပဲ အကြောင်းမဲ့ ငိုနေတာကြောင့်ပါ။ ဒါကြောင့် ကလေးလေးတွေ ဘာကြောင့်ဒီလို ငိုရတာလဲ၊ မငိုဖို့ ဘာတွေ လေ့ကျင့်ပေးထားရမလည်းဆိုတာ ပြောပြပေးချင်ပါတယ်။

ဂျီကျတဲ့ကလေးကို ဂျီမကျအောင် ချော့မော့တတ်ဖို့ထပ် ဂျီကျတဲ့ အကျင့်မရှိအောင် ငယ်ငယ်ကတည်းက ပျိုးထောင်ပေးသင့်ပါတယ်။   ဂျီကျရင် ဘယ်လိုချော့မယ် ဆိုတာထက်  ဂျီကျတဲ့ကလေးတွေဖြစ်မလာအောင် လသားအရွယ်ကတည်းက ပြုစုပျိုးထောင်ပေးဖို့လည်း လိုပါတယ်။ မွေးကင်းစကလေးရဲ့အလိုလားဆုံးက မိခင်နို့ချိုနဲ့ မိခင်အနားမှာရှိဖို့ဖြစ်ပါတယ်။

နို့တိုက်မိခင်ဖြစ်ရင် ကလေးနိုးသံ သဲ့သဲ့လေးကြားတာနဲ့ ကလေးငိုတဲ့အထိ စောင့်မနေဘဲ နို့ကို ခပ်မြန်မြန် တိုက်လိုက်ပါ။ ကလေးဟာ ငိုချိန်မရှိတော့ပဲ အလိုလားဆုံးအရာ ရရှိလိုက်တဲ့အတွက် ငိုဖို့မေ့သွားပါတယ်။  နို့ဗူးတိုက်သူတွေလည်း ကလေးအိပ်နေချိန်မှာ နို့ဗူးအဆင့်သင့် မနွေးတနွေးအနေထားနဲ့ စောင့်ပြီး ဒီလိုကျင့်နိုင်ပါတယ်။

 

အိပ်ယာနိုးတာနဲ့ မကြည်တဲ့ ကလေးက တနေကုန်လို မကြည်ဖြစ်တတ်ပါတယ်။ အလိုမကျဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ယာနိုး စိတ်တွေမှုံမှိုင်း မကြည်မလင်ဖြစ်နေတဲ့ ကလေးကို နားလည်ပါ။ ဆူပူတာမျိုး ၊ ငေါက်ငမ်းတာမျိုး ၊ ရိုက်နှက်တာမျိုး မလုပ်ပါနဲ့။ ဆယ့်ငါးမိနစ် နာရီဝက်လောက် အိပ်ရာနိုးလာတဲ့သူနဲ့အတူ ဆော့ကစားပါ။ ပုံပြင်လေးတွေ ဖတ်ပြပါ။ ကာတွန်းကားတွေ အတူကြည့်ပါ။

ပြန်ပြီး ကြည်ကြည်လင်လင်ဖြစ်လို့ ပျော်ရွှင်လာရင် သူ့ဘာသာသူကစားဖို့ လွှတ်ထားနိုင်ပါပြီ။ ဒီအခါကျမှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။ ဒီလိုဆိုရင် ကလေးဟာတရေးနိုး ဘယ်ဂျီကျတော့မလဲ။ မအိပ်ခင်လည်းပျော် ၊ အိပ်လည်းအိမ်မက်ထဲမှာပျော် ၊ နိုးထလာတော့လည်း ပျော်နေမှာပါ။

Source: Internet

From Kalay with