သားသမီးယူဖို့ စိတ်ကူးရှိရင် ချမ်းသာအောင်လုပ်ပါ

အောင်မြင်နေတဲ့ လူငယ်စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ အင်တာဗျူး ဟိုတစ်နေ့က ဖတ်လိုက်ရပါတယ်။ လေးစားစရာအချက်တွေ အများကြီးရှိတဲ့အထဲက သူ့အလုပ်အပေါ် ထားတဲ့ ခံယူချက်လေးကတော့ သဘောအကျဆုံးပါပဲ။ အကျိုးအမြတ်ရရုံသက်သက် မဟုတ်ဘဲ သုံးစွဲသူတွေအပေါ် ထားတဲ့စေတနာကို သူ့စကားလုံးတွေကတစ်ဆင့် အထင်းသား မြင်နေရပါတယ်။

အဲဒါကိုဖတ်ပြီး ဆက်စဉ်းစားမိတယ်။

သူ့နေရာမှာ ငါဆိုရင်ရော ဒီလိုအောင်မြင်နိုင်ပါ့မလား။ မသေချာပါဘူး။ သူ့လောက် ကိုယ့်အလုပ်အပေါ် Passion ပြင်းပြင်းပြပြနဲ့ ကျွန်တော်လုပ်နိုင်မယ် မထင်ဘူး။

ထပ်စဉ်းစားမိတယ်။ သူသာ နယ်မြို့လေးတစ်မြို့က အစိုးရ၀န်ထမ်းမိဘနှစ်ပါးဆီမှာ မွေးဖွားကြီးပြင်းခဲ့ရရင်ရော ဒီလောက်အသက်အရွယ်မှာ ခုလို အောင်မြင်နေနိုင်ပါ့မလား။ ပိုလို့ မသေချာပါဘူး။

နယ်မှာ ဆယ်တန်းအောင်မယ်၊ အဲဒီမှာရှိတဲ့ တက္ကသိုလ်တခုခုကို တက်မယ်။ အဲဒီကနေမှ ရန်ကုန်ကိုရောက်လာမယ်၊ အောက်ခြေကနေ စကြိုးစားရမယ်၊ သူ့မှာလိုနေသေးတဲ့ ပညာတွေ ဆည်းပူးရမယ်။ ဒီလိုသာ ကြိုးစားရင် တစ်ချိန်မှာ မလွဲမသွေ အောင်မြင်လာမှာ ဖြစ်ပေမယ့် အသက်ငယ်ငယ်နဲ့ တစ်စုံတစ်ရာ ဖြစ်လာဖို့တော့ မလွယ်ပါဘူး။

ဒီလိုပြောလိုက်တာ သူ့အရည်အချင်းတွေကို စော်ကားလိုက်တာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ ပတ်ဝန်းကျင်ရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်ဆိုတာကို ပြောချင်တာပါ။

ဖခင်က အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်။ မိခင်ကလည်း ပညာတတ်။ ဒီတော့ သူငယ်စဉ်ကတည်းက ကြီးပြင်းရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင်ဟာ ဘယ်လိုဖြစ်နေမယ် စဉ်းစားကြည့်ပါ။ နောက် အထက်တန်းနဲ့ တက္ကသိုလ်ပညာကို နိုင်ငံတကာပညာရေးစနစ်နဲ့ သင်ကြားခွင့်ရတယ်။ ဒီကနေ အဆက်အသွယ်၊ အသိအကျွမ်းတွေ ရလာတယ်။ စီးပွါးရေးလုပ်မယ်ဆိုတော့လည်း စလုံးရေစ လုပ်နေစရာ မလိုခဲ့ဘူး။ အသိုင်းအ၀ိုင်း၊ အဆက်အသွယ် ရှိပြီးသား၊ အရင်းအနှီး ရှိပြီးသား။ ဒါကြောင့်လည်း ဒီလိုအသက်အရွယ်မှာ ခုလောက်အောင်မြင်ဖို့ ဖြစ်လာခဲ့တယ်။

သူ့အကြောင်းကို ဖတ်ရင်း ညီလေးတစ်ယောက် ပြောဖူးတာလေး သွားသတိရမိတယ်။

လူငယ်စွန့်ဦးတီထွင် ဆိုတဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မိဘချမ်းသာသူတွေပါ တဲ့။

မိဘချမ်းသာလို့ အောင်မြင်တာပါလို့တော့ ဆိုလိုတာမဟုတ်ဘူး။ မိဘချမ်းသာပေမယ့် ကိုယ်ပိုင်အရည်အချင်းမရှိလို့ ဘာမှဖြစ်မလာတဲ့သူတွေလည်း တစ်ပုံကြီးပဲ။ ဒါပေမယ့် မိဘက ချမ်းသာရင်၊ အသိုင်းအ၀ိုင်းကြီးရင်၊ ပံ့ပိုးပေးနိုင်ရင် သားသမီးက သူများထက် ဝေးဝေးကို ပိုလို့မြန်မြန်သွားနိုင်တယ် ဆိုတာပါပဲ။

ကျွန်တော်တို့ဆရာဝန်တွေဆိုလည်း ဒီလိုပါပဲ။ ကျောင်းပြီးပြီးချင်းတော့ အစိုးရအလုပ်ဝင်မယ် စိတ်ကူးကြတယ်။ ဘာလို့ဆိုတော့ ဒီလမ်းကမှ ကိုယ့်ဆရာတွေလို ပါမောက္ခအဆင့်ထိ ဖြစ်လာမယ်၊ အထူးကုဖြစ်လာနိုင်မှာကိုး။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ မလွယ်ဘူး။ ဘာလို့ဆိုတော့ အဲဒီလိုအစိုးရအလုပ်ဝင်ဖို့ဆိုရင် လစာက တအားနည်းတော့ မိဘကို ပြန်ကြည့်နိုင်မှာ မဟုတ်ဘူး။ အလုပ်ဝင်ပြီး နှစ်အတော်ကြာ မိဘဆီက လက်ဖြန့်တောင်းနေရဖို့ များတယ်။ ဒီအခါ မိဘက အဲ့လိုထောက်ပံ့ပေးထားနိုင်တဲ့ အနေအထားမှာ ရှိမနေတဲ့သူများဟာ သူတို့ရဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်ရတယ်။

ဘ၀ဆိုတာ ဒီလိုပါပဲ။ တချို့လူငယ်တွေမှာ နိုင်ငံတကာပညာရေးကို လက်လှမ်းမီပေမယ့် တချို့ကတော့ ဒီနိုင်ငံက ပညာရေးကိုတောင် ဆုံးခန်းမတိုင်လိုက်ရဘူး။

တချို့လူငယ်တွေမှာ ကျောင်းပြီးတာနဲ့ လုပ်ငန်းတစ်ခု လုပ်ဖို့ အစစအရာရာ အဆင်သင့်ဖြစ်ပြီးသား ဆိုပေမယ့် တချို့လူငယ်တွေမှာတော့ ကျောင်းပြီးတာနဲ့ အိမ်ကို ပြန်ထောက်ရမယ်ဆိုတဲ့ တာဝန်က ရှိနေတယ်။

တချို့အတွက် သင်တန်းကြေးဆိုတာ လက်ဖြန့်လိုက်ရုံနဲ့ ရောက်လာပေမယ့် တချို့လူငယ်တွေအတွက်တော့ လပေါင်းများစွာ ခြစ်ကုတ်ပြီး စုဆောင်းထားရတဲ့ ငွေတွေဖြစ်နေတယ်။

တချို့လူငယ်တွေက သူတို့အိပ်မက်တွေကို ထုဆစ်ပုံဖော်နေကြချိန်မှာ တချို့က မိသားစုရှေ့ရေးအတွက် အိပ်မက်တွေကို မြေမြှပ်သဂြိုလ်ပြီး ဆူလွယ်နပ်လွယ် အလုပ်တွေကို လုပ်နေကြရတယ်။ မပျော်ပေမယ့်၊ တက်လမ်းမရှိပေမယ့်၊ သူ့အိပ်မက်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေမယ့် “မိသားစုအတွက်” ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အားတင်းနေကြရတယ်။

အားလုံးဟာ ကိုယ့်ဘ၀နဲ့ကိုယ်ပဲ။ သူများဘ၀ကို အားကျပြီး ကိုယ့်ဘ၀ကိုယ် စိတ်ဓါတ်ကျနေရင် အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

ဒီတော့ (၂)ချက် သိထားစေချင်တယ်။

တစ်ခုက ဘ၀ဆိုတာ စာမေးပွဲနဲ့တူတယ်ဆိုရင် အဲဒီစာမေးပွဲမှာ အောင်မြင်ဖို့ ကျွန်တော်တို့ဟာ ကိုယ့်ပုစ္ဆာ ကိုယ်ဖြေရတယ်။ ကိုယ့်ဘ၀အခြေအနေအရ အသက်(၃၀)မှာ လုပ်ငန်းတစ်ခု ပိုင်နေဖို့ မလွယ်ဘူးလား။ စိတ်ဓါတ်မကျပါနဲ့။ အသက်(၃၀)ဆိုတာ ကိုယ့်ဘ၀နောက်ဆုံးချိန်မှ မဟုတ်တာ။ ကြိုးစားခွင့်ရှိသေးတယ်။ အသက်(၃၀)မှာ မဖြစ်ပေမယ့် (၄၀)မှာ ဖြစ်လာနိုင်တယ်။

ပံ့ပိုးမှုမရှိတဲ့သူဟာ တာထွက်နောက်ကျတဲ့ အပြေးသမားလိုပဲ။ ဒီတော့ သူများထက် ပန်းဝင်တာလည်း နောက်ကျကောင်း နောက်ကျနိုင်တယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာက ဘယ်သူအရင်ဝင်တယ်၊ နောက်မှဝင်တယ် ဆိုတာ အရေးမကြီးဘူး။ အဓိကက ပန်းဝင်အောင် ပြေးနိုင်ဖို့ပဲ။

နောက်တစ်ခုက မိဘနဲ့ ပတ်သက်တယ်။

ကျွန်တော်တို့ဟာ ဘယ်လိုမိဘမျိုးဆီမှာ လူဖြစ်ချင်တယ်ဆိုပြီး ရွေးချယ်လို့တော့ မရဘူး။ ဒါပေမယ့် ကိုယ့်ဆီရောက်လာမယ့် သားသမီးတွေအတွက် ဘယ်လိုမိဘမျိုး ဖြစ်ပေးမလဲဆိုတာတော့ ရွေးချယ်လို့ရတယ်။

ဒါကြောင့် တစ်ချိန်မှာ ကိုယ်သာ မိဘနေရာရောက်လာခဲ့ရင် ကိုယ့်သားသမီးကို ရော့ အင့်ဆိုပြီး ငွေတွေပုံမပေးလိုက်နိုင်တောင် သူတို့အိပ်မက်ကို ကိုယ့်အတွက်ငဲ့ပြီး စွန့်လွှတ်လိုက်ရတာမျိုး၊ ငယ်ရွယ်စဉ် အတွေ့အကြုံရှာရမယ့် အရွယ်မှာ လစာကို ဦးစားပေးနေရမယ့်အဖြစ်မျိုး ရှိမလာအောင်တော့ ကျွန်တော်တို့တွေ ကြိုးစားရလိမ့်မယ်။

ဘာလို့ဆိုတော့ ကျွန်တော်တို့ ကြိုးစားရင်ကြိုးစားသလောက်၊ အောင်မြင်ရင် အောင်မြင်သလောက်ဟာ ကျွန်တော်တို့သားသမီးတွေ မြင့်မြင့်နဲ့ဝေးဝေးကို မြန်မြန်ပျံသန်းနိုင်ဖို့အတွက် အထောက်အပံ့ကောင်း ဖြစ်လာမှာမို့လို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ