မနှစ်သက်စရာ၊ ထိခိုက်ဘွယ်ရာ ကလေးရဲ့ဓာတ်ပုံကိုတင်ခဲ့တဲ့ မိခင်တစ်ဦး တိုက်ခိုက်ပြောဆိုမှု များခံရ၊ ဒါပေမဲ့ ဓာတ်ပုံနောက်ကွယ်၌ ထိထိမိမိအကြောင်းပြချက်တစ်ခုရှိနေ

BabyZombie

      Amy Gebert သည် သူမ၏သားလေးမွေးနေ့အတွက် ခါတိုင်းနှင့်မတူ တမူထူးခြားမှုလေးတစ်ခု လုပ်ချင်တဲ့ဆန္ဒ ရှိနေခဲ့သည်။ ထို့ကြောင့် သူမက သူမရဲ့သားလေး Phoenix ကိတ်မုန့်ခွဲတဲ့ပုံကို ခါတိုင်းနဲ့မတူတဲ့ အသွင်အပြင်များနဲ့ ဓာတ်ပုံရိုက်ဖို့ဆုံးဖြတ်ခဲ့သည်။

     သူမက ပူဖောင်းများ ဖန်စီဝတ်စုံများအစား zombie(သွေးစုပ်ဖုတ်ကောင်) ဒီဇိုင်းကိုရွေးချယ်ခဲ့သည်။ ဆိုရှယ်မီဒီယာမှာ ဒီပုံတွေကို တင်ပြီး သူမရဲ့မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို share လိုက်ပြီးတဲ့အခါမှာတော့ ခါးသီးပြင်းထန်တဲ့ တုန့်ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

     လူအတော်များများမှ ဒီလို မသင့်တော်တဲ့ အဓိပ္ပာယ်မရှိတဲ့ ပုံတွေကို မတင်သင့်ဘူးလို့ မြင်ကြပြီး Amy တစ်ယောက် Facebook မိဘများ Group မှ ဖယ်ရှားခံရတဲ့အထိ ဖြစ်ခဲ့သည်။

     “ဒီပုံတွေဟာ မိမိတို့ကလေးတွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေကို ထိခိုက်စေပါတယ်” ဟု တစ်ယောက်က ရေးသားခဲ့သည်။

     အခြားတစ်ယောက်မှ “ကိုယ့်ကလေးကိုကိုယ် ဒီလို ကျက်သရေမရှိတဲ့ပုံစံ ဝတ်ဆင်ဖန်တီးမပေးသင့်ပါဘူး” ဟု ရေးခဲ့သည်။

     ဒါပေမဲ့ Australia, Brisbane မှာနေတဲ့ Amy က သူမရဲ့ကလေး မွေးနေ့မှာ ဘာကြောင့်ဒီလို အများပြောစရာ ပုံစံကို ရွေးချယ်ဆောင်ရွက်ခဲ့ရတယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။ Phoenix ကလေးကို ၂၀၁၅ ခုနှစ် Halloween နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးမွေးချင်း ကလေးက နှလုံးခုန်မှုမရှိခဲ့ပါ။

     Kidspot ဝက်ဘ်ဆိုက်၏ မိဘများနှင့် စကားပြောခြင်း အစီအစဉ်တွင် Amy က “ကျွန်မ ဒေါသဖြစ်မိပါတယ်။ ၁၂ မိနစ်ကြာတဲ့အထိ ကလေးကနှလုံးမခုန်သေးပါဘူး။ ဆရာဝန်တစ်ယောက် ရောက်လာပြီး ကျွန်မရဲ့ဘေးတစ်ဖက်မှာထိုင်ပါတယ်။ Gary က မျက်ရေတွေနဲ့ အခြားတစ်ဘက်မှာပါ။ ကျွန်မက သူသေသွားပြီမဟုတ်လား၊ သေနေတာမဟုတ်လားလို့ မေးခဲ့ပါတယ်။ ဆရာဝန်က ကျွန်မရဲ့လက်ကို ဖျစ်ညှစ် ဆုပ်ကိုင်လိုက်ပါတယ်။ အဓိပ္ပာယ်ကတော့ သေပြီဆိုတဲ့သဘောဆိုတာ ကျွန်မသိပါတယ်။ အဲဒီတဒင်္ဂလေးအတွင်းမှာ ကျန်မရင်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးနားမှာရှိနေတဲ့ သူနာပြုဆရာမက ဘုရားသခင်ရဲ့ကျေးဇူးပဲ ကလေးနှလုံးခုန်ပြီ ကလေးနှလုံးခုန်ပြီ ဆိုပြီးထအော်လိုက်ပါတော့တယ်။ တစ်ခန်းလုံးလည်း ထခုန်ကြပါတော့တယ်။ ၁၃ မိနစ်အကြာ မျှော်လင့်ချက်ကင်းမဲ့နေမှုဟာ ဆရာဝန်များနဲ့ သူနာပြုဆရာများရဲ့ ကြိုးစားအားထုတ်မှုကြောင့် Phonix ကလေးဟာ အတော်လေးကို ထူးဆန်းအံ့သြစရာ ငိုသံထွက်လာပါတော့တယ်” ဟု ပြောခဲ့သည်။

     သူမက ကလေးကို သုံးရက်လောက် မြင်တွေ့ခွင့်မရခဲ့ပါဘူး။ သူတို့နှစ်ဦးစလုံး ပြန်လည်ကျန်းမာလာစေဖို့ ခွဲခြားကုပေး ခဲ့ပါတယ်။ လေးရက်မြောက်မှာတော့ သူတို့နှစ်ဦးပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။

     အထက်ပါအကြောင်းတွေရှိခဲ့တဲ့အတွက် အမေဖြစ်သူက မွေးနေ့အစီအစဉ်မှာ ဓာတ်ပုံရိုက်တဲ့အခါ သူ့သားနဲ့လိုက်ဖက်တဲ့ပုံစံဖြစ်တဲ့  Zombie ဒီဇိုင်းလေးကိုရွေးချယ်ပြီး ပျော်ရွှင်ဖွယ်ရာ ဖန်တီးခဲ့တာဖြစ်ပါတယ်။

     ဓာတ်ပုံများကို ၂၀၁၆ ခုနှစ်က ရိုက်ခဲ့တာဖြစ်ပြီး  Amy က ခုလတ်တလောမှာ အပြောအဆိုခံပြီး ဆိုရှယ်မီဒီယာမှာ share ခဲ့တာဖြစ်ပါတယ်။

                                BabyZombie_2 BabyZombie_3

                                BabyZombie_4 BabyZombie_5

Credit: www.mirror.co.uk

အူးလေးမှ ဘာသာပြန်ဆို ရေးသားသည်။