ကိုယ်ဝန်ဆောင်နှင့် သွေးမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်များ

Blood borne virus လို့ခေါ်တဲ့ သွေးနဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များမှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါများကတော့ အသည်းရောင် အသားဝါ ဘီ နှင့် စီ (hepatitis B and C) နှင့် ကိုယ်ခံစွမ်းအားကျဆင်း ရောဂါပိုး (HIV) တို့ဖြစ်ပါတယ်။ ဒီလိုရောဂါတွေ ကိုယ်ဝန်ဆောင်တွေမှာလည်း ရှိနေနိုင်ပြီး ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေနဲ့ ပတ်သက်တဲ့ မိခင်နဲ့ ကလေး ကျန်းမာရေးဗဟုသုတများကို ဖြန့်ဝေပါ့မယ်။ ကာကွယ်ကုသနည်းတွေ ရှိကြောင်း အသိပေးဖို့ ရည်ရွယ်ပါတယ်။
🔵ကူးစက်ပုံ
– ရောဂါပိုးရှိ သွေးသွင်းမိခြင်း
– ပိုးရှိကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ ကူးခြင်း
– အကာအကွယ်မပါဘဲ ရောဂါရှိသူနှင့် ဖိုမ ဆက်ဆံခြင်း ( C ပိုးကတော့ ဒီနည်းနဲ့ သိပ်မကူးပါ )
– ရောဂါပိုးရှိသူတွင် သုံးထားသော အပ်၊ ဓားဖြင့် ဆူးမိ ရှမိခြင်း (အသား အကြောဆေးများ၊ ဆေးမင်ကြောင်ထိုးခြင်း၊ နားပေါက်နှင့် အခြားကိုယ်အပေါက် ဖောက်ခြင်းများ)
– မုတ်ဆိတ်ရိတ်၊ ဆံပင်ရိတ်၊ လက်သည်းညှပ်၊ သွားပွတ်တံများ ပိုးရှိသူနှင့် အတူသုံးခြင်း
– ပိုးရှိသွေး မျက်စိ၊ နှုတ်ခမ်း၊ အရေပြား ပေါက်ပြဲအနာပေါ် ကျခြင်း
🔵ကာကွယ်ခြင်း
* မလိုအပ်ဘဲ ဆေးထိုးခြင်း၊ သွေးသွင်းခြင်းရှောင်ပါ။
* ကိုယ်ဝန်ဆောင်မိခင်လောင်းမှ ကလေးကို ကူးနိုင်ခြေ လျှော့ချနည်းများကို အောက်မှာ ရေးထားပါတယ်။
* ဖိုမဆက်ဆံစဉ် အကာအကွယ်သုံးပါ။
* သုံးပြီးသားအပ်၊ ရိတ်ဓားများ အတူသုံးခြင်း ရှောင်ပါ။
* B ပိုးကာကွယ်ဆေး ရှိပါတယ်။ မြန်မာပြည်မှာ B ပိုးအဖြစ်များလွန်းလို့ လူတိုင်းထိုးသင့်တဲ့ ကာကွယ်ဆေးပါ။
* B ပိုးရှိသူမှ တစ်အိမ်တည်းနေ မိသားစုဝင်တွေကို အနေကြာရင် ကူးသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီမိသားစုဝင်တွေကို ကာကွယ်ဆေး ထိုးပေးဖို့ ပိုအရေးကြီးပါတယ်။
* C ပိုး နဲ့ HIV အတွက် ကာကွယ်ဆေးမရှိပါ။
* C ပိုးကို လုံးဝပျောက်အောင် ကုနိုင်တဲ့ ဆေးစွမ်းကောင်းအသစ်တွေ လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှာ ထွက်လာပါတယ်။
🔵စစ်ဆေးခြင်း
– ကိုယ်ဝန်ဆောင်တိုင်းမှာ ဒီကူးစက်ရောဂါ သုံးမျိုးကို သွေးစစ်သင့်ပါတယ်။ အခြားစစ်သင့်တာတွေလည်း အများကြီး ရှိပါသေးတယ်။
– B ပိုးရှိမရှိ HBs Ag သွေးစစ်ပါတယ်။ ဒါ positive ဖြစ်ရင် HBe Ag ကိုထပ်စစ်ရပါတယ်။ ဒါလည်း positive ဆိုရင် ဗိုက်ထဲက ကလေးနဲ့ ကာကွယ်ဆေး မထိုးထားသူတွေကို ကူးနိုင်ခြေပိုများပါတယ်။
– C ပိုးရှိမရှိ anti HCV Ab စစ်ပါတယ်။ Positive ဖြစ်ရင် HCV RNA ထပ်စစ်ရပါတယ်။ ဒါလည်း positive ဖြစ်မှ C ပိုး လက်ရှိ ရှိနေတယ်လို့ ပြောလို့ရပါတယ်။

🔴 Hepatitis B

* မြန်မာပြည်မှာ အဖြစ်အရမ်းများပါတယ်။ ကူးစက်ပုံမျိုးစုံရှိပေမယ့် မိခင်လောင်းမှ ကလေးကိုကူးစက်ခြင်းကြောင့်ဖြစ်တာ အတော်များပါတယ်။ ဒါကြောင့် ဒီကူးစက်ပုံကို လျှော့ချဖို့ အလွန်အရေးကြီးပါတယ်။

* ဘာကာကွယ်မှုမှ မလုပ်ရင် ကလေးကို ကူးနိုင်ခြေ ၉၀% လောက်အထိ ရှိနိုင်သော်လည်း ကာကွယ်မှုတွေလုပ်ရင် ကူးနိုင်ခြေ ၅% အောက်ပဲ ရှိပါတော့တယ်။

* ကလေးဘဝမှာ ကူးခံရပြီဆိုရင် သူ့အလိုလို ပျောက်သွားဖို့ ၁၀% လောက်ပဲရှိပါတယ်။ လူကြီးဘဝမှာမှ ကူးခံရရင် သူ့အလိုလို ပျောက်သွားဖို့ ၉၀% လောက်တောင်ရှိပါတယ်။

* မပျောက်ရင် ကြီးလာတဲ့အခါ တစ်ချိန်ချိန်မှာ အသည်းကို အန္တရာယ်ဖြစ်စေနိုင်လို့ ကလေးကို မကူးအောင် ကြိုးစားသင့်ပါတယ်။

* ကလေးကိုကူးခြင်းရဲ့ ၉၀% က မွေးတဲ့အချိန်မှာ ကူးသွားတာပါ။ ၅-၁၀% ကတော့ ဗိုက်ထဲမှာ ကူးတာပါ။ ပိုးကောင်ရေမြင့်ရင် ကူးနိုင်ခြေ ပိုရှိပါတယ်။

* ကလေးကို ကူးနိုင်ခြေ လျှော့ချခြင်း
——————————-

– မွေးကင်းစကို မွေးတဲ့နေ့ပဲ Hep B ပုံမှန် ကာကွယ်ဆေး အပြင် Hep B immunoglobulin ကိုပါ ထိုးပေးပါ။ မထိုးခင် ကလေးကို ရေအရင်ချိုးပေးရင် ပိုကောင်းပါတယ်။ ကလေးအထူးကု တစ်ဦးဆီသွားပြီး ဒီဆေး ဘယ်လိုရနိုင်မလဲ မေးပါ။

– ကိုယ်ဝန် ၃၀ ပတ် လောက်မှာ Viral load ပိုးကောင်ရေ စစ်ပါ။ ပိုးကောင်ရေ 6 log ကျော်ရင် ဆေးပေးလို့ရပါတယ်။ ကိုယ်ဝန်ကာလနောက်ဆုံး ၂ လမှာ Tenofovir 300mg OD ပေးနိုင်ပါတယ်။

– ဒါတွေအားလုံး လုပ်ထားရင် ရိုးရိုးမွေးလို့ရသလို ကလေးကို မိခင်နို့လည်း တိုက်လို့ရပါတယ်။ ကူးနိုင်ခြေ အတော်နည်းပါတယ်။

– ကလေးကို Hep B ကာကွယ်ဆေး ၄ လုံးပြည့်အောင်ထိုးပေးပါ။

– ကလေး ၉-၁၂ လ ပြည့်ရင် ကလေးမှာ Hep B ပိုးရှိမရှိစစ်ပါ။

* မိခင်ကလည်း အသည်းအထူးကုနဲ့ ပြပြီး အသည်းကိုကာကွယ်ဖို့ B ပိုး ဆေးသောက်ဖို့လိုမလို တိုင်ပင်ပါ။ Hep A ကာကွယ်ဆေးလည်း ထိုးနိုင်ရင် ထိုးပါ။
🔴 Hepatitis C

* ကာကွယ်ဆေး မရှိပေမယ့် C ပိုးကို လုံးဝပျောက်အောင် ကုနိုင်တဲ့ ဆေးစွမ်းကောင်းအသစ်တွေ လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှာ ထွက်လာပြီမို့ ကလေးမယူခင် ပျောက်အောင်ကုဖို့ အသည်းအထူးကုနဲ့ ပြသင့်ပါတယ်။ ဥပမာ Harvoni ဆိုတဲ့ဆေးက သုံးလသောက်ရုံနဲ့ genotype 1 Hep C ပိုးကို ပျောက်အောင်ကုနိုင်ခြေ ၉၀% ရှိပါတယ်။

* ကိုယ်ဝန်ဆောင်ချိန်မှ C ပိုးရှိမှန်းသိရင် ကိုယ်ဝန်ဆောင်နေတုန်း C ပိုးဆေး သောက်လို့မရပါ။

* မိခင်လောင်းမှ C ပိုး ကလေးကို ကူးနိုင်ခြေ ၅% ရှိပါတယ်။

* ခွဲမွေးခြင်းဖြင့် ကလေးကို ကူးနိုင်ခြေ မလျှော့ချနိုင်ပါဘူး။

* ရိုးရိုးမွေးတဲ့အခါ ရေမြွှာပေါက်ပြီး အလွန်ကြာမှမွေးရင်၊ သံစုပ်ခွက်ဖြင့် ဆွဲမွေးပေးရရင် (vaccum delivery) ကူးနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် မညှစ်နိုင်လို့ အကူလိုအပ်ရင် သံစုပ်ခွက် အစား plastic စုပ်ခွက် (သို့) ညှပ်ဆွဲမွေးရင် (forceps delivery) ပိုကောင်းပါတယ်။

* ကလေးကို ကာကွယ်ဆေး၊ vitamin K မထိုးခင် ရေအရင်ချိုးပေးပါ။

* မိခင်နို့ တိုက်နိုင်ပါတယ်။ နို့သီးခေါင်းမှာ အက်ကွဲပြီး သွေးထွက်နေရင် မတိုက်သင့်ပါ။ အနာကျက်မှ ပြန်တိုက်ပါ။

* ကလေး ၁၈ လ ရောက်မှ C ပိုး ကူးခံရခြင်း ရှိမရှိ စစ်နိုင်ပါတယ်။ ကြိုစစ်ရင် မရှိဘဲ ရှိသယောင် အဖြေထွက်နိုင်ပါတယ်။

* မိခင်မှာ Hep B နဲ့ Hep A ကာကွယ်ဆေး မထိုးရသေးရင် ထိုးပါ။
🔴 HIV

* ကိုယ်ဝန်ဆောင်စဉ် HIV ရှိမှန်းသိတာနဲ့ ကူးစက်ရောဂါ အထူးကုနဲ့ပြပြီး HIV ဆေးသောက် ဖို့လိုပါတယ်။

* ဗိုက်ခွဲမွေးရင် ကလေးကို ကူးနိုင်ခြေ လျော့သွားလို့ ခွဲမွေးဖို့ စဉ်းစားပါ။

* ကလေးကို ကာကွယ်ဆေး၊ vitamin K မထိုးခင် ရေအရင်ချိုးပေးပါ။

* ကလေးကိုလည်း HIV ဆေး မွေးမွေးချင်းမှစ ၄ ပတ်ကြာ တိုက်ရပါတယ်။

* နို့မှုန့်ဝယ်နိုင်ရင် နို့မှုန့်တိုက်ပါ။ မဝယ်နိုင်ရင်တော့ မိခင်နို့ပဲ တိုက်ပါ။
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~

စာဖတ်သူ မိခင်လောင်းများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ မိခင်ရော ကလေးပါ ရောဂါဘယများမှ ကင်းဝေးအောင် စွမ်းဆောင်နိုင်ကြပါစေ။

Photo credit to google image
Reference to guidelines from King Edwards Memorial Hospital for Women, Western Australia.

ကျော်စန်းလွင်(Child Health Myanmar)