မွေးကင်းစကလေးနဲ့ ကြိုတင်ပြင်ဆင်ရန် လိုအပ်မှုများ

ကလေးမမွေးသေးပဲ ဝတ်စုံတို့ ၊ အနှီးတို့ ဝယ်ခြင်းနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းတွေ က မကောင်းဘူး ဆိုတဲ့ အယူအဆ အမှားတွေ ရှိတတ်ကြပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ကလေးမွေးပြီးတော့မှ ကောက်ဝယ်ပြီးဝတ်ပေးရင် မသန့်တဲ့ အဝတ်အနှီးကနေတဆင့် နုနယ်တဲ့ ကလေးဆီကို ပိုးဝင်ပြီး အန္တရာယ်ဖြစ်တတ်တယ် ဆိုတာကိုတော့ မေမေတို့ သတိရှိထားဖို့ လိုပါတယ်။ဒါကြောင့် မွေးစ ကလေးအတွက် အဝတ်အနှီးတွေ ကို ဘယ်လိုတွေ ပြင်ဆင်ထားပေးရမယ် ၊ ဘယ်လိုတွေ နွေးနွေးထွေးထွေးတွေ ဝတ်ဆင်ပေးသင့်တယ် ဆိုတာနဲ့ပတ်သတ်လို့ အနည်းငယ်ဝေမျှချင်ပါတယ်။

ကြိုတင်ပြင်ဆင်မှု

ကလေးအတွက် အနှီးအဝတ်အထည်တွေ ကို ကြိုတင်ပြင်ဆင်ထားရပါမယ်။ ကလေးအဝတ်များအနှီးများကို ပရုပ်လုံးများနဲ့ သိမ်းခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အဝတ်တွေ နဲ့ အနှီးတွေကို အသစ်ဝယ်ထားတာပဲ ဆိုပြီးတော့ မလျှော်ဘဲ နဲ့ မဝတ်ပေးသင့်ပါဘူး ။ သန့်ရှင့်အောင်လျှော်ဖွတ်မီးပူတိုက်ပြီးမှသီးခြားသိမ်းဆည်းထားရပါမယ်။ အဝတ်အစားတွေ ကို ဝယ်တဲ့ အခါမှာလည်း ဝတ်ရချွတ်ရလွယ်တဲ့ အဝတ်အစားတွေ ကိုသာ ဝယ်သင့်ပါတယ်။ ကြယ်သီးတွေ ပါရင် ကလေးဖိမိပြီး နာမှာ စိုးတဲ့ အတွက် ကြိုးချည်တာလေးတွေ ကိုပဲ သုံးသင့်ပါတယ်။ အနှီးကိုတော့ အနားကကြိုးစတွေ မထွက်အောင် အနားလုံးသင့်ပါတယ်။

ဘယ်လိုဝတ်ဆင်ပေးသင့်လဲ

မွေးကင်းစကလေးကို မွေးမွေးချင်းမှာ ရေချိုးပေးစရာမလိုပါဘူး။ ရေမွှာရေတွေ သန့်ရှင်းခြောက်သွေ့အောင်သုတ်သင်ပြီး အခုလိုသုတ်ရာမှာလည်း ကလေးကိုယ်မှာ ရှိနေတဲ့ အဆီတွေ အကုန်သုတ်စရာမလိုအပ်ပါဘူး။ အဆီတွေ က အနွေးဓါတ်ကိုပေးပါတယ်။ ပြီးရင်တော့ အဆင်သင့်ရှိနေတဲ့ ကလေးအင်္ကျီလေးကို ဝတ်ပေးပြီး နွေးထွေးတဲ့ အနှီးနဲ့ ခေါင်းပါလုံအောင် ထွေးပတ်ထားပေးရပါမယ်။ ဒါမှမဟုတ်ခေါင်းကိုလည်း ဦးထုတ်လေးဆောင်းထားပေးဖို့ လိုအပ်ပါတယ်။ ဂွမ်းစောင်လေးနဲ့ပါထပ်ထွေးပြီး နွေးနွေးထွေးထွေးထားသင့်ပါတယ်။

မိခင်ရဲ့ ရင်ခွင်ထဲမှာ ထည့်ထားဖို့လိုအပ်ပါတယ်။ မွေးကင်းစကလေးငယ်တွေကို ၄ နာ၇ီခြား တစ်ခါလောက် ခြေဖျား ၊ လက်ဖျားတွေ ကို စမ်းကြည့်ဖို့ အတွက် လိုအပ်ပါတယ်။ ကလေးငယ်ရဲ့ ခြေဖျား ၊ လက်ဖျားတွေ ဟာ ပန်းရောင်သန်းပြီးတော့ အစဉ်အမြဲ နွေးနေဖို့ လိုအပ်လှပါတယ် မေမေရေ။ ခြေဖျား လက်ဖျားတွေ အေးနေရင် တော့ စောင်တစ်ထပ်ပို၍ခြုံပေးခြင်း နဲ့ မိခင်ရင်ခွင်ထဲမှာ အသားချင်းထိကပ်စွာထားပြီး စောင်နဲ့ အုပ်ထားရပါမယ်။ ခြေအိတ် ၊ လက်အိတ်တွေ ကိုလည်း ဝတ်ဆင်ပေး နိုင်ပါတယ် မေမေရေ။