နွေနေပူမှာ ကလေးများအတွက် ဒါတွေ သိထားပေးပါ မေမေ

ရာသီပြင်းလာတဲ့ အတွက် ကလေးငယ်တွေရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့အတွက်လိုအပ်လှပါတယ်။ နေပူထဲကိုသွားပြီး ပြန်လာတဲ့ အခါ မဆင်မခြင် ရေချိုးခြင်း ၊ ခြေထောက်လက်ထောက်ဆေးခြင်း ၊ ရေခဲရေသောက်ခြင်းတွေ ကို ၄ နှစ်ကနေ ကျောင်းတတ်နေတဲ့ အရွယ်ကလေးတွေ မှာ အများဆုံးကြုံရတတ်တဲ့အတွက် မေမေတို့သိသင့်တာတွေ ကို အနည်းငယ် မျှဝေချင်ပါတယ်။

ပြုလုပ်တတ်တာတွေကို သတိထားပါ

ကလေးဆိုတာ မိခင်ပြောမှသိတတ်တာမို့ နေပူထဲမှာဆော့ကစားပြီးပြီးခြင်းမှာ မလုပ်သင့်တဲ့ အရာတွေကိုသတိပေးပါ။ ကလေးကို နေ့ခင်းဘက်အချိန်တွေအိမ်ထဲမှာပဲထားပါ။ ရေများများတိုက်ပါ။ အချဉ်ဓါတ်ပါတဲ့ အစာတွေကိုကျွေးပါ။ အပူအအေး အမြဲမျှတနေပါစေ ဥပမာ- အိမ်ထဲမှာ Air Con ဖွင့်ထားတယ်ဆိုရင်လည်း အပြင်က အပူချိန်နဲ့သိပ်မကွာအောင်လို့ချိန်ညှိပေးဖို့ အတွက် လိုအပ်ပါတယ်။ ဒါမှသာ နှာစေး ၊ နှာပိတ်ခြင်းကို မဖြစ်စေမှာပါ။ ဒီလိုမျိုး နှာစေး ၊ နှာပိတ်လို့ အပူရှပ်ပြီဆိုရင်တော့ ကိုယ်ပူပြီး အဖျားမဝင်ဖို့ ကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတိုက်သင့်ပါတယ်။ ကိုယ်ပူလို့ အဖျားဝင်လာရင်တော့ ရာသီကလည်းပြင်းတဲ့ အတွက် ကလေးအတွက် ပို၍နူံးစေပါတယ်။

ဝတ်စားဆင်ယင်မှု

ကလေးဆိုတာ ပြေးလွှားကစားတတ်တဲ့ အတွက် ချွေးထွက်လွယ်ပါတယ်။ ဒါကြောင့် ဒီလိုရာသီဥတုပူပြင်းနေချိန်မှာ ကလေးကို ချည်သားဖြစ်မယ့် ခပ်ပွပွ နဲ့ သက်သောင့်သက်သာရှိမယ့် အထည်တွေကိုသာ ဝတ်ဆင်ပေးသင့်ပါတယ်။ အသက်ငယ်တဲ့ ကလေးသေးသေးလေးတွေ ဆိုရင်လည်း အိမ်ထဲမှာနေရင် သေးခံအထူကြီးတွေကို မဝတ်ပေးသင့်ပါဘူး။အသားတွေအပူလောင်လို့ပွန်းရာကနေတဆင့် အပူနာတွေ ဖြစ်နိုင်ပါတယ် ရာသီပြင်းတဲ့ အချိန်ဒီလိုအရာတွေကို မေမေတို့မေ့လျော့မနေပါနဲ့နော်။

နှာစေး၊ချောင်းဆိုး၊အအေးမိပြီ ဆိုရင်ဘာတွေတိုက်ကျွေးသင့်သလဲ?

အပူရှပ်တာတို့ အပူအအေးမမျှတာတို့ဆိုရင် ကလေးတွေဟာ နှာစေး ၊ချောင်းဆိုးတတ်ကြပါတယ်။ ဒီလို  နှာစေး၊ချောင်းဆိုး၊အအေးမိပြီ ဆိုရင် အရည်ဓါတ်ပိုမိုလိုအပ်ပါတယ်။ ဒါကြောင့်မိခင်နို့ကိုတိုက်ကျွေး နိုင်သလို အရွယ်ရောက်ပြီးသားကလေးတွေ ကိုတော့ ကြက်ပြုတ်ရေ ပူပူလေး နဲ့ ဗီတာမင်စီဓါတ်ပါတဲ့ အရည်တွေ ကို တိုက်ကျွေးသင့်ပါတယ်။ ခြောက်လအထက် ကလေးတွေကိုတော့ နွားနို့၊ထမင်းရည်၊ ဆန်ပြုတ်၊ကွမ်းရွတ်နဲ့ထန်းလျက်ပြုတ်ရည် အစရှိတာတွေကို တိုက်ကျွေးလို့ရပါသေးတယ်။ ကွမ်းရွတ်နဲ့ထန်းလျက်ပြုတ်ရည်ဟာဆိုရင် အာဟာရဖြစ်သလို အရည်ဓါတ်လည်းရရှိတဲ့ အတွက် အသုံးဝင်ပါတယ်။ ပူပူနွေးနွေး အရည်လေးဖြစ်တဲ့ အတွက် တိုက်ပေးရင် လည်ချောင်းကိုလည်းရှင်းစေပါတယ်။အအေးမိတဲ့ ကလေးတွေကို နွေးထွေးစွာထားပေးဖို့လိုအပ်လှပါတယ်။