ကျန်းမာတဲ့ သားသားမီးမီးလေးတွေမှာ လေထိုးလေအောင့်ဖြစ်ခဲ့ရင် အချိန်တော်တော်ကြာကြာ ငိုကြပါတယ်။ အထူးသဖြင့် အသက်(၅)လအောက် သားသားမီးမီးလေးတွေမှာ လေထိုးလေအောင့်ဖြစ်လာခဲ့ရင် အနည်းဆုံး(၃)နာရီကြာအောင် ငိုတတ်တာကို သတိပြုပါ။ လေထိုးလေအောင့်က ရောဂါတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေ လေထိုးလေအောင့် ဖြစ်လာခဲ့ရင် ဂရုစိုက်ပေးဖို့တော့ လိုပါတယ်။
သားသားမီးမီးလေးတွေရဲ့ အသက်(၂)ပတ်ကနေ (၃)ပတ်အတွင်းမှာ လေထိုးလေအောင့် စတင်ဖြစ်နိုင်ပါတယ်။ဆာလောင်ခြင်း၊ ထိတ်လန့်ခြင်းနဲ့ ပင်ပန်းတဲ့အချိန်တွေမှာ ငိုနိုင်ပါတယ်။ ဒီလိုငိုတာက အချိန်ခဏပဲ ကြာပါတယ်။ လေထိုးလေအောင့်ဖြစ်တဲ့အခါမှာတော့ သာမန်ထက်ပိုပြီးငိုနိုင်တာကို မေမေဖေဖေတို့ သတိပြုပေးပါ။
သားသားမီးမီးလေးတွေမှာ လေထိုးလေအောင့်ဖြစ်ခဲ့ရင်
- အချိန်တော်တော်ကြာကြာငိုခြင်း
- မောပန်းပြီး အိပ်ပျော်ခြင်း
- နို့မစို့ခြင်း စတာတွေကို ကြုံတွေ့နိုင်ပါတယ်။
ဘာကြောင့် လေထိုးလေအောင့် ဖြစ်ရတာလဲ
- သားသားမီးမီးလေးတို့ရဲ့ အစာအိမ်မှာ ဓာတ်ငွေ့တွေများနေရင်လည်း လေထိုးလေအောင့် ဖြစ်လာနိုင်ပါတယ်။
- မိခင်နို့မှာပါတဲ့ lactose နဲ့ဓာတ်မတည့်တာကြောင့် လေထိုးလေအောင့်ဖြစ်ကြတာပါ။
- အစားအစာတော်တော်များများနဲ့ ဓာတ်မတည့်တဲ့ သားသားမီးမီးလေးတွေမှာ လေထိုးလေအောင့် အဖြစ်များတာကို တွေ့ရပါတယ်။
- သားသားမီးမီးလေးတွေမှာ စိတ်ဖိစီးမှုတွေများခဲ့ရင်လည်း လေထိုးလေအောင့် ဖြစ်နိုင်ပါတယ်။
- မိခင်စားသုံးတဲ့ အစားအစာတွေကြောင့်လည်း လေထိုးလေအောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ- နို့တိုက်မိခင်က နို့၊ ကြက်ဥ၊ မြေပဲ၊ ဂျုံ၊ ပဲပုပ်နဲ့ ငါးတို့ကို အစားများခဲ့ရင်လည်း သားသားမီးမီးလေးတွေမှာ လေထိုးလေအောင့် ဖြစ်လာနိုင်ပါတယ်။
- သားသားမီးမီးလေးတွေ နေမကောင်းဖြစ်တဲ့အခါမှာလည်း လေထိုးလေအောင့်တွေ ဖြစ်လာနိုင်ပါတယ်။
သားသားမီးမီးလေးတွေ လေထိုးလေအောင့်ဖြစ်တဲ့အခါမှာ
- သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ကို မတ်မတ်လေးထားပြီး ပွေ့ချီပေးပါ။
- ပုခက်လွှဲတဲ့အခါမှာလည်း ညင်ညင်သာသာလွှဲပေးပါ။
- သားသားမီးမီးလေးတွေရဲ့ ပုံစံအနေအထားတွေကို မကြာခဏ ပြောင်းပေးပါ။
အချိန်တော်တော်ကြာကြာငိုခြင်း၊ အစားမစားခြင်း၊ နေမကောင်းဖြစ်ခြင်း၊ ဝမ်းလျောခြင်းနဲ့ အန်ခြင်းတို့ဖြစ်လာပါက ဆရာဝန်တွေဆီမှာ အမြန်ဆုံး ပြသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with