သုံးလသားအရွယ် ရင်သွေးငယ်

သုံးလသားအရွယ်မှာတာ့ ရင်သွေးငယ်လေးရဲ့ ခံစားချက်တွေကို အလွယ်တကူ နားလည်လာနိုင်ပြီဖြစ်ပါတယ်။ အကြောင်းရင်းမရှိရင် မငိုတော့ပါဘူး။ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာလည်း သူ့အချိန်နဲ့သူ လုပ်လို့ရတဲ့ လုပ်ငန်းဆောင်တာတွေ ဖြစ်လာပါပြီ။

“အစားအသောက်ကျွေးမွေးခြင်းနှင့် အိပ်စက်ခြင်း”
ရင်သွေးငယ်လေးဟာ မိခင်နို့ကို ကောင်းကောင်းစို့တက်လာပြီဖြစ်ပါတယ်။ သင်ကလည်း ရင်သွေးငယ်လေး ဘာဖြစ်နေတယ်၊ ဘာလိုချင်တယ်ဆိုတာကို ကောင်းကောင်းခန့်မှန်းတတ်လာပါပြီ။ ဗိုက်ဆာလို့ငိုတာလား၊ အိပ်ချင်လို့ငိုတာလား၊ ပင်ပန်းလို့ငိုတာလား၊ ပျင်းလို့ငိုတာလား ဆိုတာတွေကို သိနေပြီဖြစ်ပါတယ်။
သင့်ရဲ့ ရင်သွေးငယ်လေးဟာ မိခင်နို့ကို စို့နေတဲ့သူဖြစ်တယ်ဆိုရင် ရင်သွေးငယ်လေးနားမှာ နေ့ရောညပါ သင်ရှိနေဖို့ လိုပါတယ်။ ဒါပေမယ့် အများစုသော ကလေးငယ်လေးတွေဟာ ၃ လသားအရွယ်မှာ ညအိပ်ချိန် ရှည်လာတတ်တာကြောင့် ညဖက်မှာတော့ သင့်အနေနဲ့ အနည်းငယ် အနားရနိုင်ပါတယ်။ ဒီအရွယ်မှာ ရင်သွေးငယ်လေးတွေဟာ ညဖက် အိပ်ချိန် ၅ နာရီကနေ ၆ နာရီလောက်ကြာအောင် တစ်ဆက်တည်း အိပ်နိုင်လာပြီဖြစ်ပါတယ်။

“အမူအကျင့်”
အသံပြုဖို့ကြိုးစားလာတဲ့ ရင်သွေးငယ်လေးရဲ့ အမူအရာတွေဟာ အသွင်တစ်မျိုးနဲ့ ချစ်စရာကောင်းနေမှာပါ။ လှိုက်လှိုက်လှဲလှဲ ရယ်မောနေတတ်တာကြောင့်လည်း သင့်ကို အမောပြေစေနိုင်ပါတယ်။ ရင်သွေးငယ်လေးဟာ အသံစွမ်းရည်ကို ကြိုးစားလေ့ကျင့်နေတာဖြစ်ပြီး အသံစူးစူးလေးတွေကနေ ပုံမှန်အသံအဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲရောက်ရှိလာမှာ ဖြစ်ပါတယ်။ အသံအနေအထားဟာ အမျိုးမျိုးပြောင်းလဲနေတာကြောင့် တစ်ခါတစ်လေမှာ ရင်သွေးငယ်လေးဟာ အသံစမ်းနေတာလား၊ အလိုမကျဖြစ်နေတာလားဆိုတာကို မကွဲပြားဘဲ ဖြစ်နေနိုင်ပါတယ်။ သူလုပ်သလိုမျိုး ဘာမှန်းမသိတဲ့ အသံထွက်တွေ ပြုလုပ်ပေးမယ်ဆိုရင် ရင်သွေးငယ်လေးရဲ့ လှိုက်လှိုက်လှဲလှဲ အပြုံးတွေကို တွေ့မြင်ရမှာပါ။ တူတူရေ ၀ါး ဆိုပြီး ဆော့ကစားပေးတာတွေ၊ ၀မ်းဗိုက်ကို ဗူး ဗူး မှုတ်ပေးတာတွေဟာ ရင်သွေးငယ်လေးကို ပျော်ရွှင်စေမှာပါ။ သူတို့ ပြုလုပ်တဲ့အသံတွေအပေါ်မှာ ကောင်းမွန်နွေးထွေးတဲ့ အမူအရာတွေနဲ့ တုန့်ပြန်ပေးမယ်ဆိုရင် သူတို့ ပြုလုပ်နေတဲ့ အသံတွေဟာ ကြောက်စရာမကောင်းဘဲ ကောင်းမွန်တဲ့လုပ်ရပ်တွေဖြစ်ကြောင်း အားပေးရာ ရောက်စေမှာဖြစ်ပါတယ်။

“ဖွံ့ဖြိုးမှုစံနှုန်းများ”
သားရေတွေကျပြီး ပါးစပ်ကို ဟထားတာ၊ ကိုက်ဝါးချင်တာ၊ တပြွတ်ပြွတ်စုပ်ချင်တာမျိုးတွေကို ဒီအရွယ်မှာ တွေ့ရမှာပါ။ ပါးစပ်ထဲကို တစ်ခုခုထည့်ပြီး ကိုက်ဝါးရတဲ့ အရသာကို သဘောကျနှစ်သက်နေတာကြောင့် တွေ့သမျှအရာတွေကို ပါးစပ်ထဲ ကောက်ထည့်နေတဲ့ အရွယ်လည်းဖြစ်ပါတယ်။ ဒီအရွယ်မှာ ရင်သွေးငယ်လေးတွေ အများစုဟာ သွားမပေါက်သေးဘဲ သွားဖုံးတွေနဲ့ပဲ ကိုက်ဝါးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ရင်သွေးငယ်လေးတွေဟာ အချိန်တော်တော်များများမှာ သူတို့ရဲ့ လက်တွေ၊ ခြေတွေနဲ့ အရုပ်တွေကို ငေးကြည့်ရင်း အချိန်ကုန်လွန်စေပါတယ်။ ကျယ်ဝန်းပြီး အခင်းခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာလည်း မကြာခဏ ထားပေးဖို့လိုပြီး နေ့လည်နေ့ခင်းတွေမှာ အိပ်စက်အနားယူဖို့ အချိန်ပေးရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ ဦးခေါင်းကို ဘယ်လို ထိန်းရမယ်ဆိုတာ သင်ယူနေတဲ့အချိန်ဖြစ်တာကြောင့် ကလေးကို ချီပြီး အပြင်ထွက်ခဲ့မယ်ဆိုရင် ပတ်ဝန်းကျင်ကို မြင်နေအောင် ချီပိုးပေးသင့်ပါတယ်။ သိုင်းကြိုးတွေ၊ ကလေးတွန်းလှည်းတွေကို အသုံးပြုလို့ရပါတယ်။

“ခန္ဓာကိုယ်ကြီးထွားမှု”
အသက် ၃ လ ရောက်လာတဲ့ ရင်သွေးငယ်လေးဟာ သိသိသာသာကို ဖွံ့ဖြိုးကြီးထွားလာနေပါတယ်။ မွေးကာစ အချိန်တုန်းက ၀တ်လာတဲ့အ၀တ်အစားတွေကို ၀တ်ဆင်ပေးလို့မရတော့ဘဲ အရွယ်ပိုကြီးတဲ့ အ၀တ်အစားတွေနဲ့ လဲလှယ်ပေးရတော့မှာပါ။

“ပြုစုစောင့်ရှောက်ခြင်း”
သုံးလပြည့်ပြီး မကြာခင်မှာလည်း ကာကွယ်ဆေးထိုးဖို့လိုပါသေးတယ်။ ရင်သွေးငယ်လေးရဲ့ အသက်အရွယ်နဲ့ ကာကွယ်ဆေးထိုးတဲ့ အကြိမ်အရေအတွက်တွေကို စနစ်တကျ မှတ်တမ်းတင်ထားသင့်ပါတယ်။

“အန္တရာယ်မှ ကြိုတင်ကာကွယ်ထားခြင်း”
ဒီအရွယ်မှာ သင့်ရဲ့ ရင်သွေးငယ်လေးဟာ အရာဝတ္ထုတွေကို ကောက်ကိုင်ပြီး ပါးစပ်ထဲထည့်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးမှု စံချိန်မီတယ်လို့ ပြောရမှာပါ။ တစ်ဆက်တည်းမှာပဲ ဒီအမူအကျင့်တွေကြောင့် အန္တရာယ်တွေလည်း ကျရောက်လာနိုင်ပါတယ်။ ရင်သွေးငယ်လေးရဲ့ ပတ်ဝန်းကျင်မှာ ပါးစပ်ထဲ ကောက်ထည့်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ရှိမနေအောင် ရှာဖွေဖယ်ရှားထားရမှာ ဖြစ်ပါတယ်။
ဘယ်အရာက အန္တရာယ်ဖြစ်စေနိုင်တယ်၊ ဘယ်အရာက အန္တရာယ်မဖြစ်စေနိုင်ဘူးဆိုတာကို ရင်သွေးငယ်လေးတွေ ဆုံးဖြတ်လာနိုင်ဖို့အတွက် နှစ်နဲ့ချီပြီး စောင့်ဆိုင်းရဦးမှာပါ။ ဒီကြားထဲမှာတော့ သင်ဟာ ရင်သွေးငယ်လေးရဲ့ နားတွေ၊ မျက်လုံးတွေပဲ ဖြစ်ပါတယ်။
ကားနဲ့ အိမ်အပြင်ထွက်တော့မယ်ဆိုရင် ရင်သွေးငယ်လေးကို ကားပေါ်မှာ ထိုင်တဲ့ ထိုင်ခုံဝယ်ပေးရပါမယ်။ ရင်သွေးငယ်လေးတွေ ကားပေါ်ထိုင်တဲ့ ခုံပေါ်မှာ ခါးပတ်ကြိုးတွေကို ပြည့်ပြည့်စုံစုံ တပ်ဆင်ပြီးမှ ခေါ်ဆောင်သွားသင့်ပါတယ်။ ကားပေါ်ပါလာတဲ့ ကလေးငယ်လေးတွေ အန္တရာယ်မဖြစ်အောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်တယ်ဆိုတာကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။

“ဆော့ကစားခြင်းနှင့် အပြန်အလှန်ဆက်သွယ်မှု”
သင်ကိုယ်တိုင်ဟာ ရင်သွေးငယ်လေးအနှစ်သက်ဆုံးနဲ့ သဘောအကျဆုံး အရုပ်ပါပဲ။ သူ့ရဲ့ ပထမဆုံး လက်ဦးဆရာဆိုရင်လည်း မမှားပါဘူး။ သုံးလသားပဲရှိသေးတယ်ဆိုပေမယ့် ရင်သွေးငယ်လေးတွေဟာ ဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာကို လေ့လာနေပြီဖြစ်ပါတယ်။ အကောင်းမြင်စိတ်ရှိစေဖို့နဲ့ ကောင်းမွန်တဲ့စိတ်ထားအမူအကျင့်လေးတွေ ဖြစ်ပေါ်လာစေဖို့အတွက် ရင်သွေးငယ်လေးနဲ့ ချော့မြူဆော့ကစားတဲ့ ကိစ္စတိုင်းမှာ ထည့်သွင်းသင်ကြားပေးသွားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုလည်း ရင်သွေးငယ်လေးနဲ့ မကြာခဏ ဆော့ကစားပေးဖို့ပြောပါ။ လေ့လာမှုတွေအရ ဖေဖေတွေ ဆော့ကာစားပေးတာနဲ့ မေမေတွေ ဆော့ကစားပေးတာတွေဟာ ရင်သွေးငယ်လေးအပေါ်မှာ ကွဲပြားခြားနားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေပြီး ပြီးပြည့်စုံတဲ့ ရလဒ်တွေကို ရရှိစေတယ်လို့ သိရပါတယ်။ ရင်သွေးငယ်လေးရဲ့ တုန့်ပြန်မှုတွေကို ကြည့်ပြီး ဘယ်အချိန်မှာ ချော့မြူဆော့ကစားတာတွေကို ရပ်ရမယ်ဆိုတာကို သိအောင်လုပ်ပါ။ သုံးလသားအရွယ် ရင်သွေးငယ်လေးဟာ အာရုံစူးစိုက်နိုင်စွမ်း မကြာမြင့်သေးတဲ့အတွက် သူ့ဘက်က တုန့်ပြန်မှုတွေ လျော့နည်းလာပြီဆိုရင် ချော့မြူဆော့ကစားတာတွေကို ရပ်တန့်သင့်ပါတယ်။ အတင်းအကြပ် တိုက်တွန်းဆော့ကစားတာမျိုးတွေကို မပြုလုပ်သင့်ပါဘူး။

“မေမေတွေလည်း အနားယူပါ။”
ရင်သွေးငယ်လေးကို နို့ချိုတိုက်ကျွေးနေရတဲ့အချိန်တွေဟာ သင့်အတွက် အနားယူဖို့ အကောင်းဆုံး အခွင့်အရေးတွေပဲဖြစ်ပါတယ်။ နို့ချိုတိုက်ကျွေးနေတဲ့အချိန်ဟာ သင်နဲ့ ရင်သွေးငယ်လေးကို စိတ်ချင်းပိုမို ဆက်သွယ်စေတဲ့ အချိန်တွေလည်းဖြစ်ပါတယ်။ မေမေတွေအနေနဲ့ အဟာရမျှတစုံလင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီအရွယ်မှာ မိခင်အနေနဲ့ တစ်ခြားအလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ဖို့အတွက် အချိန်ပိုထွက်လာအောင် မကြိုးစားသင့်သေးပါဘူး။ အလုပ်မပိအောင် နေထိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မိသားစုအတွက် အချိန်ပေးနေရဦးမှာပါ။

နေ့လည်ပိုင်းမှာ သင့်အနေနဲ့ တစ်ရေးတစ်မော အိပ်စက်ပေးဖို့ လိုနေပါသေးတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကလေးမွေးထားတဲ့ မိခင်တွေရှိခဲ့မယ်ဆိုရင်လည်း သူတို့နဲ့ မကြာခဏ တွေ့ဆုံပေးပြီး အတွေ့အကြုံတွေ ဖလှယ်သင့်ပါတယ်။ သင့်ကိုယ်သင် ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီလို့ ယူဆမထားဘဲ သတင်းစာတွေ၊ စာစောင်တွေကို အရင်လိုပြန်ဖတ်ပေးလို့ရနေပါပြီ။

ရင်သွေးငယ်လေးရဲ့ တောက်ပတဲ့အနာဂတ်တွေကို စိတ်ကူးပုံဖော်ကြည့်ရင်း သုံးလသားအရွယ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

မေမေတွေနဲ့ ရင်သွေးငယ်လေးတွေ ကျန်းမာချမ်းသာကြပါစေ။

Credit :ဇော် (ဆေး-၂)