Baby led weaning အကြောင်း

ကလေးတွေကို အစာစကျွေးပြီဆိုရင် အများစုက ပျစ်ပျစ်ကလေး အရည်ဖျော်ထားတဲ့ ပြူရေး (puree) နဲ့ စကျွေးကြတာများပါတယ်။ အခုမိတ်ဆက်ပေးမယ့်နည်းကတော့ puree အဆင့်ကို ကျော်လိုက်ပြီး finger food လို့ခေါ်တဲ့ သူ့ဘာသာသူ ကိုင်စားလို့ရတဲ့ အစာလေးတွေ စကျွေးတဲ့ နည်းလေးပါ။ ဒီနည်းဟာ အင်္ဂလန်မှာ စလုပ်ခဲ့ပြီး အခုနောက်ပိုင်း အခြားနိုင်ငံတွေမှာလည်း လူကြိုက်များ သုံးလာကြပါတယ်။ ကလေးက သူ့ဘာသာသူ အစာကိုင်စားလို့ရတဲ့အထိ စောင့်ရတဲ့အတွက် ခြောက်လလောက်အထိ နို့ကိုသာ အားထားပြီး တိုက်ရပါတယ်။ ဖြည့်စွက်စာ ဘယ်အချိန်မှာ ကျွေးရမလဲဆိုတာ ရေးပေးထားတဲ့ စာလေးကို ပြန်ဖတ်ကြည့်ပါနော်။ ကိုယ့်ကလေးက fingerfood အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် baby led weaning စဖို့ မသင့်တော်သေးပါဘူး။

ဘာကောင်းကျိုးတွေ ရှိသလဲ။
– အရည်ပျစ်ပျစ်လေးတွေနဲ့ စတဲ့ကလေးတွေထက် အစာစုံ ပိုစားတတ်လာမယ်။
– ခွံ့ကျွေးခံရတဲ့ ကလေးတွေဟာ ဗိုက်ဝနေပြီဖြစ်ပေမယ့် ကျွေးတဲ့သူက တစ်လုတ်နှစ်လုတ်လာက် အတင်းဆက်ကျွေးမိတာမျိုး ဖြစ်တတ်တယ်။ အကျွေးလွန်တတ်တယ် ဆိုရမှာပေါ့။ ကိုယ့်ဘာသာကိုယ် ကိုင်စားရတဲ့ ကလေးကတော့ ဗိုက်ဝရင် ရပ်လိုက်တဲ့အတွက် အစာပိုစားမိတာမျိုး မဖြစ်တော့ဘူး။
– မျက်လုံး၊ လက်နဲ့ ပါးစပ် ဟန်ချက်ညီညီလုပ်နိုင်မှုကို အားပေးတယ်။
– အစာကို ဝါးစားရတဲ့အတွက် အစာခြေဖျက်မှုမှာ ပိုကောင်းစေတယ်။

ဘယ်အချက်တွေက အောင်မြင်စေသလဲ။
– အစာပျော့လေးတွေနဲ့ စပါ။
– မိသားစု အတူဝိုင်းထိုင်ပြီး တူတူစားပါ။
– အစာကို သူကိုင်နိုင်တဲ့ အရွယ်လေးတွေ လုပ်ပေးပါ။
– ကလေးဆာနေတဲ့အချိန် စိတ်ကြည်လင်နေတဲ့အချိန် စားခိုင်းပါ။

ဘယ်အချက်တွေက ခက်ခဲစေသလဲ။
ဆိုးကျိုးလို့ ပြောမယ့်အစား challenging ဖြစ်တဲ့အချက်တွေလို့ ပြောရင် ပိုမှန်မယ်နော်။ အဲဒါတွေက
– ပေပွတယ်။
– တစ်နှစ်သားလောက်အထိ ကလေးက မချိန်ဆတတ်သေးတာ ဖြစ်တတ်တယ်။
– ကလေးကို အာဟာရပြည့်အောင်ထားဖို့ အရေးကြီးတယ်။ တစ်နှစ်သားလောက်အထိ နို့ဟာ သူ့ရဲ့အဓိက အာဟာရအဖြစ် ဆက်တိုက်ရတတ်တယ်။
– ကလေးဟာ အချို့အစာတွေစားတဲ့အခါ အစပိုင်းမှာ အော့တာမျိုး ဖြစ်မယ်။ အဲဒီအခါ ကိုယ်ကမကြောက်ပြဖို့ လိုအပ်တယ်။ ကလေးက ကိုယ့်တုန့်ပြန်မှုကို ကြည့်နေ သင်ယူနေတာမို့ ကိုယ်ကကြောက်လန့်တကြားဖြစ်မိရင် သူကလည်း ကြောက်ပြီး မစားတော့တာ ဖြစ်တတ်တယ်။ ကြာလာလေ အော့တာကို သူ့ဘာသာသူ ထိန်းချုပ်ကိုင်တွယ်နိုင်လာမယ်။
– ကလေးအန္တရာယ်ရှိမယ့်အစာ၊ နင်စေမယ့်အစာမျိုး မပေးမိဖို့ အထူးသတိပြုရမယ်။ ဥပမာ စပျစ်သီး၊ မျက်နှာပြင် လုံးချောတဲ့ အစေ့အဆန်တွေ။
– ကလေးကို အစာပေးထားပြီး ကိုယ်ကကြည့်မနေတာမျိုး လုံးဝမလုပ်ရဘူး။
– အော့ရုံအော့တာလား နင်နေတာလားဆိုတာ ခွဲခြားသိဖို့ အရေးကြီးတယ်။
– အစပိုင်းမှာ ကလေးနည်းနည်းပဲစားတာကို စိတ်မပျက်ဖို့ အရေးကြီးတယ်။ သတိရရမှာက သူ့ရဲ့ အဓိကအာဟာရဟာ နို့ဖြစ်နေတုန်းဆိုတာပဲ။ တစ်နှစ်ကျော်မှ သူတို့ ကောင်းကောင်းစားတတ်မယ်။ အစာတွေကို အောက်ပစ်ချနေပြီ၊ ဆော့ပစ်ပြီဆိုရသ် သူမဆာတော့လို့ဆိုတာ သိနိုင်တယ်။
– အစပိုင်းမှာ စိတ်ရှည်ဖို့ အများကြီး လိုတယ်။ ကလေးကို မအော်ဖို့၊ အစာစားချိန်တွေဟာ စိတ်ပျက်စရာ ဖြစ်အောင် မလုပ်မိဖို့ အရေးကြီးတယ်။

Baby led weaning ဟာ ရေရှည်မှာ အကျိုးများတာ မှန်ပေမယ့် ကိုယ့်အတွက် သိပ်စိတ်ဖိစီးစေတယ်၊ ခက်ခဲစေတယ်ဆိုရင် puree နည်းနဲ့ပဲ စပါလို့ အကြံပေးချင်တယ်။ ပြောသလောက် ကိုယ်တွေးထားသလောက် မလွယ်ပါဘူး။ ဇွဲရှိဖို့ အများကြီးလိုတယ်။ ဘယ်လောက်ပေပွနိုင်သလဲဆိုတာ တင်ပေးထားတဲ့ ပုံကိုသာ ကြည့်တော့။ ကျမကတော့ နှစ်မျိုးလုံး သုံးတယ်။ အစာစကျွေးကတည်းက ပဲတောင့်ရှည်ပေါင်းလေးတွေ၊ ဥနီပေါင်းလေးတွေ ပေါင်မုန့်ချောင်းလေးတွေ သူ့ဘာသာသူ ကိုင်စားခိုင်းတာလည်း လုပ်တယ်။ အစာလည်း ခွံ့တယ်။ သူငြင်းပြီဆိုတာနဲ့ ပန်းကန်ထဲ ဘယ်လောက်ပိုနေပါစေ ရပ်လိုက်တယ်။ နှမြောလို့ ဆက်ကျွေးတာ၊ ဝအောင်အတင်းကျွေးတာ မလုပ်မိဖို့ သတိထားပါတယ်။ သူ့ကိုထိန်းပေးတဲ့ ကောင်မလေးကိုလည်း ပြောထားတယ်။ အချိန်တော်တော်များများက သူနဲ့ထားရတာကိုး။ ကိုယ်ဖြစ်စေချင်တဲ့ နည်းလေးတွေကို ကလေးကူကြည့်ပေးတဲ့သူတွေကိုပါ ပြောပြထားဖို့ မမေ့နဲ့နော်။

Happy feeding and have an enjoyable meal times