“သားသားမီးမီးတို့ လက်ချောင်းလေးတွေ ဘာကြောင့်စုပ်ကြသလဲ? “

အိမ်မှာ သားသားမီးမီးလေးတွေက သူတို့လက်မလေးတွေ လက်ချောင်းတွေကို စုတ်နေတတ်တာကို အာလုံးတွေ့ ဖူးမြင်ဖူးကြမယ်ထင်ပါတယ် ။ တစ်ခါတစ်ရံ လက်ချောင်းလေးတွေတင်မကပဲ ကလေးတွေဟာ သူတို့ရဲ့ အရုပ်လေးတွေကိုလည်း စုပ်ကြတယ်ခင်ဗျ ။
ကလေးလေးတွေရဲ့ ကမ္ဘာကို ကျွန်တော်နဲ့အတူ ခဏသွားကြည့်ရအောင် ။

#ဘာကြောင့်စုပ်ရတာလဲ?

ဆရာဝန်ကြီးတွေရဲ့ အပြောရ ဒါဟာ ကလေးတွေရဲ့ သဘာဝဖြစ်တယ်လို့ဆိုပါတယ် ။ ကလေးလေးတွေ တစ်ခုခုကို စုပ်နေရရင် သူတို့ဟာ ပျော်တယ်… သူတို့ဟာ ဘေးကင်းလုံခြုံတယ်လို့ခံစားရလို့ ဖြစ်ပါတယ်တဲ့ ။
တချို့ကလေးငယ်ငယ်လေးတွေဆို လက်ကလေးတွေစုတ်ရရင်ကို ကျေနပ်ပြီး အိပ်ပျော်သွားတတ်ကြတာ။

#ဘယ်အရွယ်မှလက်စုပ်တာရပ်မှာလဲ?

များသောအားဖြင့် အသက် (၂) နှစ်ကနေ (၄) နှစ်အတွင်းရပ်သွားတာများတယ်
တချို့ကလေးလေးတွေကျတော့လည်း ပထမဆုံးလူကြီးရှေ့သွားပေါက်ခါနီးအချိန်မှ ရပ်တော့တယ် ။
တချို့ကျလည်း မရပ်ဘူးပေါ့နော်…ဒါဆိုရင်တော့ မိဘတွေကပဲ ရပ်အောင်လုပ်ပေးရမှာပါ ။
ဘယ်လိုရပ်အောင်လုပ်ရမယ်ဆိုတာလေးတွေကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

#ကလေးတွေလက်စုပ်တာကြောင့်ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်သလဲ?

လူကြီးသွားတွေပေါက်လာတာတောင် လက်ကိုဆက်စုပ်နေတုန်းပဲဆိုရင်တော့ ပါးစပ်ရဲ့ကြီးထွားမှုပုံစံ ၊ ကြီးထွားနှုန်း ၊ သွားတွေနဲ့ ညီညာလှပမှုကို အများကြီးအနှောက်အယှက်ပေးပါလိမ့်မယ် ။
အထူးသဖြင့်လက်မကို စုပ်တဲ့ကလေးတွေအနေနဲ့ မေးရိုးကြီးမောက်လာတာ ၊ သွားခေါတာ၊ ထပ်တာ တွေဖြစ်လာနိုင်ပါတယ် ။
ဆိုးဆိုးဝါးဝါး တစ်ချိန်လုံး ပါးစပ်ထဲ လက်ထည့်ထားတဲ့ကလေးတွေကတော့ လူကြီးသွားတွေမပေါက်မီ ကလေးသွားတွေမှာတင် ပြဿနာရှိလာတတ်ပါတယ် ။
ဒါကြောင့် မိမိရဲ့ ရင်သွေးရဲ့ပါးစပ်မှာ လက်စုပ်ခြင်းအကျိုးကြောင့် ပြောင်းလဲမှုတစ်ခုခုကိုမြင်တွေ့တာနဲ့ မိမိပြနေကျသွားဘက်ဆိုင်ရာဆရာဝန် သို့မဟုတ် နီးစပ်ရာသွားနှင့်ခံတွင်းဆေးခန်းတွေ အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းချင်ပါတယ် ။

#ဘယ်လိုရပ်အောင်လုပ်ကြမလဲ?

လွယ်လွယ်ကူကူနည်းလမ်းလေးတွေကို ဝေမျှပေးထားပါတယ် ။
(၁) ကလေးလက်မစုပ်တဲ့အချိန် ” ဟယ် ကလေးလေးက လက်မစုပ်တော့ဘူး လိမ္မာလိုက်တာ ချစ်ဖို့ကောင်းလိုက်တာ တော်လိုက်တာ ” စသဖြင့် ချီးမွမ်းစကားဆိုပေးပါ။
(၂) ကလေးလေးတွေက သူတို့စိတ်ကျေနပ်မှုရစေဖို့၊ သာယာမှုကိုရချင်လို့ လက်လေးတွေကို စုပ်တာပါ ။ ဒီတော့မိဘများအနေနဲ့ မိမိရဲ့ ရင်သွေးလေးက ဘာများစိတ်ဖိစီးနေလဲ ဘယ်လိုနှစ်သိမ့်ခံချင်တာလဲဆိုတာလေးကို နဲနဲစူးစမ်းကြည့်ပါဦး ။
(၃) ပြနေကျသွားဘက်ဆိုင်ရာဆရာဝန်မှလည်း ကလေးလေးကို စည်းရုံးရေးဆင်းပေးဦးမှာပါ ။ ဆရာဝန်က ကလေးလေးကို လက်လေးတွေစုတ်ရင် သွားတွေက ဘယ်လိုဆိုးကျိုးတွေဖြစ်ကုန်မယ် ဆိုတာကို ပြောပြပြီး သေချာစည်းရုံးပေးမှာဖြစ်ပါတယ်

ဒီအပေါ်က နည်းလမ်းလေး (၃) ချက်ကို တစ်လလောက်စမ်းလုပ်ကြည့်ပါ ။ ကလေးလေးက လက်တွေစုပ်နေတုန်းပဲဆိုရင်တော့ လက်မမှာ ပတ်တီးလေးစီးပေးထားလို့ရပါတယ် ။ ညအိပ်တဲ့အခါ ကလေးရဲ့လက်လေးကို ခြေအိတ်လေးနဲ့ စွပ်ပြီးထားလည်းရပါတယ် ။ ဒါမှမဟုတ် ဆရာဝန်က လက်မှာသုတ်ဖို့ ဆေးခါးခါးကို ညွန်းပေးပါလိမ့်မယ်ခင်ဗျာ ။
မိမိရင်သွေးရတနာလေးတွေကို (၆) လတစ်ကြိမ် ဆေးခန်းမှာ Check up လုပ်ပေးဖို့မမေ့ပါနဲ့နော် ။

ကဲ ဒီနေ့တော့ ဒီမှာခဏရပ်ရအောင် ။

မေတ္တာဖြင့်
ဒေါက်တာ မျိုးမြင့်အောင်
#DentalHealthByMyoe
#oralhealthmyanmar
#ThumbSuckingHabit