“​ပြောမရ ဆိုမရ ထိုကာလ”

ကလေးအသက် ၆လကနေ ၃နှစ်အရွယ်ဟာ မိဘတွေအတွက် စိန်ခေါ်မှုများတဲ့ကာလပါ။ ရင်ခွင်ပိုက်အရွယ်တုန်းကလို ထားရာနေ၊ ကျွေးတာစား မဟုတ်တော့ပဲ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒလေးတွေကို စပြတတ်လာတဲ့ အရွယ်ပေါ့။ တချို့ကလဲ ဒီအရွယ်ကို “အဆိုးသင်ကာလ”တဲ့။ကျနော့်ရဲ့ တစ်နှစ်ခွဲအရွယ် သားလေးကွန်းကလဲ ဒီကာလကို ရောက်ရှိနေသူမို့ ဒီခံစားချက်ကို ကောင်းကောင်းကြီးသိသဗျ ။ ဒါကြောင့်မလို့လဲ ဘ၀တူ မိဘတွေကို ကိုယ်ချင်းစာပြီး သိသလောက်လေး ဆွေးနွေးချင်ပါတယ်။

အဆိုးသင်သော ဉာဏ်ကြီးရှင်လေးများ
……………………..……………………..
မွေးစကနေ အသက်၂နှစ်အရွယ်ဟာ ဦးနှောက်အဖွံ့ဖြိုးဆုံးအရွယ်ဖြစ်တယ်။ ဦးနှောက်သုတေသီတွေကတော့ အသက်၂နှစ်အထိ အရွယ်ကို Genius period – ဉာဏ်ကြီးရှင်ကာလလို့ တင်စားကြတယ်။ ဒီကာလမှာကလေးတွေရဲ့ cognitive development – အသိဉာဏ်ဖွံ့ဖြိုးမှုက အရမ်းမြန်ဆန်ပြီး သူတို့ဘာလိုချင်တယ်၊ လိုချင်တာကို ဘယ်လိုရအောင် ပူဆာရမယ်ဆိုတာ နားလည်လာတဲ့အရွယ်ပေါ့။
အသိဉာဏ် ဖွံ့ဖြိုးမှုက မြန်ဆန်လွန်းပေမယ့် ဘာသာစကားကတော့ နှေးနှေးနဲ့ မှန်မှန်သာသာ ဖွံ့ဖြိုးနေပါတယ်။ အသက်၂နှစ်အောက် ကလေးဟာ ၀ါကျအပြည့်အစုံ မပြောနိုင်သေးပဲ တစ်လုံးစ၊ နှစ်လုံးစပဲ ပြောနိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ ပြောနိုင်တာထက် အများကြီး ပိုနားလည်ပါတယ်။

ဥပမာ – ကျနော့်သားလေးဆိုရင် ကျနော့်ကို “ဖေ…ဘူး..ဘူး…ဂါး…ဂါး” ဆိုပြီး လာပြောတယ်။ ဘူး ဆိုတာ ကားမောင်းတာကို ပြောချင်တာ၊ ဂါး ဂါး ဆိုတာကတော့ ကျားကြီးပေါ့။ သူပြောချင်တာကတော့ “ဖေဖေ သားကို ကားနဲ့ တိရစ္ဆာန် ဥယျာဉ် လိုက်ပို့ပါ၊ ကျားကြီးကြည့်ချင်တယ်”ဆိုတာပါပဲ။

ငယ်သူမို့ မသိပါ
…………………..
သူတို့လေးတွေရဲ့ ၀ူးဝူးဝါးဝါး စကားတွေကို ကျနော်တို့ လူကြီးမိဘတွေက တခါတလေ အဓိပ္ပါယ်ဖော်လို့ရတာ ရှိသလို၊ တခါတလေ ဘာကိုဆိုလိုမှန်းမသိ ဖြစ်ကြရတယ်။ ဘာလိုချင်မှန်း၊ ဘာလုပ်ချင်မှန်းမသိတော့ လုပ်မပေးနိုင်၊ ဒီတော့ သူတို့လေးတွေ အလိုကို မဖြည့်ဆည်းပေးရကောင်းလားဆိုပြီး ဆန္ဒပြကြရော။

ကလေးတွေ စိတ်မကျေနပ်ရင် လုပ်လေ့ရှိတဲ့ အပြုအမူတွေကတော့

ဒေါသထွက်ပြမယ်(tantrum)၊

အော်ပစ်မယ်(yell)၊

ပစ္စည်းတွေကို ပစ်ပေါက်မယ်(throwing things)…

စကားပြောတတ်လာတဲ့ အရွယ်ရောက်ပြီဆို ပြန်ခံပြောမယ်(backtalk)

အဆဲလေးတွေ ပါလာမယ်(abusive language)။ အကောင်းအဆိုး၊ အမှားအမှန်မသိသေးတဲ့ ဒီအရွယ်မှာ ဒီလိုအပြုအမူတွေ လုပ်တတ်တာဟာ ကလေးသဘာဝပဲဖြစ်တယ်။ မှန်ကန်တဲ့ ထိန်းကျောင်းမှုနဲ့ တဖြည်းဖြည်း လမ်းမှန်ရောက်အောင်လုပ်နိုင်ပါတယ်။ ပြီးတော့ မူကြိုကျောင်းရောက်တဲ့အခါ ကလေးစိတ်ပညာကျွမ်းကျင်တဲ့ ဆရာ၊ဆရာမတွေကြောင့်ရော၊ သင်ယူမှုပတ်ဝန်းကျင်ကြောင့်ပါ ကလေးရဲ့ Social and emotional development ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှုတွေရှိလာပြီး ဒီအပြုအမူဆိုးလေးတွေ တဖြည်းဖြည်း လျော့ပါးသွားမှာပါ။

လိုလျှင်ကြံဆ နည်းလမ်းရ
……………………..………..
ကလေးတွေရဲ့ မလိုလားအပ်တဲ့ အပြုအမူဆိုးလေးတွေကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေမှာတော့ အကျယ်တ၀င့် ဆွေးနွေးကြပါတယ်။ ဘာလုပ်လုပ် စနစ်ကျတဲ့နိုင်ငံတွေလဲ ဖြစ်တဲ့အတွက် “Parent Management Training (PMT)” သို့မဟုတ် “Behavioral Parent Training (BPT) တို့လို သင်တန်းမျိုးတွေကို ပညာရှင်တွေက မိဘတွေအတွက် စီစဉ်ပေးပြီး ပညာတွေဝေမျှကြတယ်။ ကလေးပဲဆိုပြီး ခပ်ပေါ့ပေါ့ သဘောမထားပဲ ငယ်ငယ်ကတည်းက မကောင်းတဲ့အပြုအမူကို ထိထိရောက်ရောက် ပြု ပြင်ပေးကြတယ်။

သူတို့ကျင့်သုံးကြတဲ့ နည်းလမ်းတွေထဲက ကျနော်တို့ နိုင်ငံနဲ့အဆင်ပြေမယ့် နည်းလမ်း(၈)မျိုးကို တင်ပြပေးလိုက်ပါတယ်။ အသုံးဝင်မယ်လို့လဲ ယုံကြည်ပါတယ်။

၁#တည်ငြိမ်ပါ >> ကလေးကို ဆုံးမတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးမပါ။ ကိုယ်က ဒေါသသံနဲ့ဆုံးမရင် ကလေးက ပိုဆိုးနိုင်ပြီး၊ ရယ်ရယ်မောမောနဲ့ဆုံးမရင် စနောက်နေတယ်လို့ ထင်သွားမှာပါ။ ဆုံးမတဲ့သူရဲ့ မျက်နှာအရိပ်အကဲ၊ အသံနေအသံထားကို ကလေးက စူးစမ်းတတ်တာကို မမေ့ပါနဲ့။

၂#အကြောင်းရင်းကိုရှာပါ >> အဖြစ်အပျက်တိုင်းရဲ့နောက်မှာ အကြောင်းအရင်းဆိုတာ ရှိပါတယ်။ စကားကောင်းကောင်း မပြောတတ်သေးတဲ့ ကလေးတစ်ယောက် ဂျီကျတယ်ဆိုပါစို့၊ ကလေးဗိုက်ဆာတာ ဖြစ်နိုင်သလို၊ အိပ်ချင်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လေအောင့်နေသလား၊ ဘောင်းဘီထဲပဲ ပုရွက်ဆိတ်ဝင်ကိုက်သလား ဖြစ်နိုင်ချေများစွာ ရှိပါတယ်။
ခဏခဏ ဂျီကျတတ်နေပြီဆိုရင်တော့ သူ့ရဲ့ပတ်ဝန်းကျင်မှာ တစ်ခုခုတော့ မှားနေပါပြီ။ ကလေးတစ်ယောက် ဒေါသသိပ်ကြီးပြီး အထိမခံခြင်းရဲ့ နောက်ကွယ်မှာ အစအနောက်သန်တဲ့ ဆွေမျိုးတွေရှိသလို၊ ပူဆာလွန်းတဲ့ ကလေးရဲ့ အနောက်မှာလဲ အလိုလိုက်လွန်းတဲ့ မိသားစုဝင်တွေ ရှိနေပါတယ်။

၃#ကြိုတင်ကာကွယ်ပါ >> မီးလောင်စေတဲ့ အကြောင်းအရင်း သုံးခုရှိတယ်။ လိုအပ်တဲ့ အပူချိန်၊ လောင်စာနဲ့ အောက်ဆီဂျင်တို့ပေါ့။ ဒီအထဲက တစ်ခုခုကို လုံးဝဖြတ်တောက်လိုက်ရင် မီးငြိမ်းသွားပါလိမ့်မယ်။ ဒီအတိုင်းပဲ ကလေးတစ်ယောက်ကို ဆိုးအောင်လုပ်တဲ့ အကြောင်းတရားကို သိရင် ကြိုတင်ကာကွယ်ခြင်းသည်သာ အဖြေပဲ။ ဥပမာ- မိသားစုဝင်တွေကို မစဖို့၊ အလိုမလိုက်ဖို့ ကြို တင် ညှိထားတာမျိုးပေါ့။ နောက်ပြီးတော့ ကလေးကို မလုပ်စေချင်၊ မစားစေချင်၊ မကိုင်စေချင်တဲ့ အရာတွေကို ကလေးမမြင်နိုင်၊ လက်လှမ်းမမှီနိုင်တဲ့နေရာတွေမှာ ထားတာမျိုးပေါ့။
(အကျိုးတရားကို ကုသခြင်းထက် အကြောင်းတရားကို ကာကွယ်ခြင်းကသာ အကောင်းဆုံးနည်းလမ်းပါ)

၎#စည်းကမ်းကိုတစ်သမတ်တည်းထားပါ >>
စည်းကမ်းကို လိုတစ်မျိုး၊ မလိုတစ်မျိုးထားတာကို ရှောင်ကြဉ်သင့်ပါတယ်။ ပြီးတော့ စည်းကမ်းကို မိသားစုဝင်တွေ တစ်ယောက်တစ်မျိုးထားတာကလဲ ကလေးကို နားလည်ရခက်စေပါလိမ့်မယ်။ ကလေးနဲ့ တန်တဲ့ စည်းကမ်းကို မိသားစုဝင်တွေ အားလုံး ညှိနှိုင်းဆုံးဖြတ်ပြီးရင် တစ်သမတ်တည်း ချမှတ်ပါ။

၅#ရှင်းပြပါ >> ကလေးက ကိုယ့်စကားကို အားလုံးနားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ လူကြီးတစ်ယောက်လို ရှင်းပြပါ။ မေတ္တာနဲ့ ပြောဆိုဆုံးမတာဟာ Parent – Children bondဆိုတဲ့ မိဘနဲ့သားသမီးကြားက သံယောဇဉ်ကို ပိုခိုင်မာစေပါတယ်။ နောက်တစ်ခုက ဒီလို အကျိုးသင့် အကြောင်းသင့်ဆုံးမတာဟာ ကလေးရဲ့ ဘာသာစကား ဖွံ့ဖြိုးမှုကိုလဲ အရမ်းအထောက်အကူဖြစ်စေပါတယ်။

၆#တံဆိပ်မကပ်ပါနဲ့ >> ကလေးသဘာဝ ဆိုးတတ်တာကို တချို့သော လူကြီးများက မညှာမတာ ရင့်ရင့်သီးသီး စွဲချက်တင်တတ်ကြပါတယ်။ “ဒီကလေးမိုက်ရိုင်းလိုက်တာ…အရိုင်းအစိုင်းလေး“၊ “ဒီကောင်လေးနှယ် ယုတ်လိုက်တာ”၊ “ဘယ်လို သန္ဓေနဲ့ မွေးလို့ ဘယ်ဥကပေါက်တာလဲ”၊ “ဟဲ့ မိမဆုံးမ ဖမဆုံးမလေး”စသဖြင့် နည်းမျိုးစုံနဲ့ တံဆိပ်ကပ်လိုက်ကြတယ်။ တကယ်တမ်း ကလေးတစ်ယောက်ကို ပြောဆိုနေတဲ့ ကိုယ့်အဆင့်အတန်းက ဘယ်အထိရောက်သွားလဲ သူမသိတော့။ အပြောခံရတဲ့ ကလေးက ပိုပြီးဆိုးလာနိုင်တဲ့အပြင် စိတ်ဒဏ်ရာပါ အဆစ်ရသွားပါသေးတယ်။
(Never label the children)

၇#ဘယ်တော့မှမရိုက်ပါနဲ့ >> အိုးကောင်းရချင်ရင် နာနာရိုက်ဆိုတဲ့ စကားကို မြန်မာမိဘတွေပြောလေ့ရှိပါတယ်။ ဒါပေမယ့် ကလေးတွေဟာ ရွှံ့နဲ့လုပ်ထားတဲ့၊ ခံစားချက်မဲ့တဲ့ အိုးမဟုတ်တာကို နားလည်ထားပါ။ မွေးစကနေ အသက်၂နှစ် သုံးနှစ်လောက်အထိအရွယ်ဟာ မိဘနဲ့ သားသမီးကြား ယုံကြည်မှုတည်ဆောက်နေတဲ့အရွယ်ပါ။ ရိုက်နှက်ခြင်းက အဲဒီယုံကြည်မှုကို ပျက်စီးစေပါလိမ့်မယ်။
ကိုယ်တိုင်လဲ မရိုက်သင့်သလို တခြားသူကိုလဲ လုံးဝရိုက်ခွင့်မပေးသင့်ပါဘူး။ ကိုယ့်မိဘရှိတာတောင် တခြားသူက လာရိုက်တယ်ဆိုတော့ ငါ့အဖေနဲ့ အမေဟာ ငါ့ကိုကာကွယ်မပေးနိုင်၊ လုံခြုံမှုမပေးနိုင်ပါလားဆိုပြီး နုနယ်တဲ့ကလေးစိတ်မှာ စွဲထင်မှတ်သွားပါလိမ့်မယ်။ အဲဒီလိုထင်တာဟာ မသိစိတ်မှာစွဲပြီး တစ်ဘ၀လုံးပါသွားနိုင်ပါတယ်။

၈#ကလေးရဲ့ခံစားချက်ကိုသိအောင်လုပ်ပါ >>
နောက်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ကလေးရဲ့ ခံစားချက်ကို ပြုစုစောင့်ရှောက်သူ လူုကြီးတစ်ယောက်အနေနဲ့ သိအောင်လုပ်ခြင်းပါပဲ။ ကလေးက စကားစပြောလာပြီဆိုရင် ကလေးနဲ့ စကားများများပြောပေးပါ၊ ပြီးတော့ မေးခွန်းလေးတွေမေးပေးတာကလဲ သူတို့ဖြစ်ချင်တဲ့ ဆန္ဒ၊ ခံစားချက်၊ အခက်အခဲတွေကို သိနိုင်ပါတယ်။ ကိုယ့်ရဲ့ ငယ်ငယ်က အတွေ့အကြုံတွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုလဲ ပြောပြပေးနိုင်ပါတယ်။
ကလေးကို နှစ်သိမ့်၊ဆွေးနွေး၊အကြံပေးပြီး သူတို့ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို အနီးစပ်ဆုံးတူညီအောင် လုပ်ပေးခြင်းသည်သာလျှင် အကောင်းဆုံးသော ကလေးထိန်းကျောင်းနည်း (positive parenting) ဖြစ်ပါတော့တယ်ဗျာ။
မိဘအားလုံးကို လေးစားလျက်

Credit to တီချယ်အာကာ