မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့်ကိုယ်ဝန်တားခြင်းဆိုတာဘာလဲ

သင့်တွင် ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်ရှိပြီး သူ့ကို လိင်နှင့် ပတ်သက်သော ဗဟုသုတများသိရှိစေရန် ပြောပြမည်ဆိုပါက အရေးကြီးဆုံးမှာ ကိုယ်ဝန်တားခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများကို ပြောပြရန်ဖြစ်ပါသည်။ ကိုယ်ဝန်တားနည်းများသည် မှန်းခြေအားဖြင့် ၁၅ နည်းခန့်ရှိသည့်အနက်  မိန်းမကိုယ်ထဲသို့ ကွင်းထည့်သော နည်းသည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းဖြစ်ပါသည်။

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဆိုတာဘာလဲ။

အရွယ်ရောက်သော အမျိုးသမီးတစ်ဦး။ မိန်းမကိုယ်ထဲသို့ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများပါဝင်သော ပလတ်စတစ်ကွင်းအကြည်ရောင်လေးကို ထည့်ထားခြင်းဖြင့် မျိုးဥကြွေခြင်းကိုတားပေးခြင်းဖြင့် သန္ဓေမအောင်အောင် တားပေးခြင်း၊ သားအိမ်နံရံများ ပါးလာစေခြင်း၊ မိန်းမကိုယ်ချွဲမြှေးများ ထူပျစ်လာခြင်း အချက်များကြောင့် သုတ်ကောင်သည် မျိုးဥနှင့် ထိတွေ့မှုနှောင့်နှေးစေခြင်းတို့ ဖြစ်ပြီး ကိုယ်ဝန်ကို တားပေးခြင်းဖြစ်ပါသည်။

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ၄ ပတ်ကြာအထိ ဟော်မုန်းများအလုပ်လုပ်မည်ဖြစ်ပြီး  ထိုကွင်းကို မိန်းမကိုယ်ထဲသို့ ၃ ပတ်ကြာအောင် ထည့်ထားရမည်ဖြစ်ပါသည်။ ထိုအခါ သွေးထဲတွင် ဟော်မုန်းဓာတ်များ လည်ပတ်နေမည်ဖြစ်ပြီး ၄ပတ်မြောက်တွင် ထုတ်ပစ်လိုက်နိုင်ပါသည်။ ထိုကွင်းသည် အရွယ်အစားတစ်ခုသာ ထုတ်လုပ်ထားသော်လည်း အများစုသော အမျိုးသမီးများနှင့် တော်ပါသည်။

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း၏ အကျိုးကျေးဇူးများကဘာလဲ။

အကျိုးထိရောက်မှုမြင့်မားခြင်း

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားနိုင်မှု ရာခိုင်နှုန်းသည် ၉၉.၇ %ရှိပါသည်။ (ညွှန်ကြားချက်များအတိုင်း အသုံးပြုမှသာ)သို့သော် ညွှန်ကြားချက်များအတိုင်း အသုံးမပြုလျှင် ကိုယ်ဝန်တားနိုင်မှု ရာခိုင်နှုန်းသည် ၉၁ % သာရှိကြောင်း တွေ့ရသည်။

လိင်မှုဆိုင်ရာ စိတ်ကျေနပ်မှုရရှိခြင်း

အမျိုးသားများသည် မိမိနှင့် လိင်ဆက်ဆံသည့် အမျိုးသမီးတွင် ကွင်းထည့်ထားမှန်းပင် မသိသာသောကြောင့် ဖြစ်ပါသည်။

  • နေ့စဉ်သောက်ရသော ကိုယ်ဝန်တားဆေးများကို မေ့သောသူများ၊ ဆေးမထိုးချင်သော၊ လက်မောင်းထဲထည့်သောပစ္စည်းကို မသုံးချင်သူများ၊ သားအိမ်ထဲ ထီးချောင်းကဲ့သို့ ကိရိယာဖြင့်ထည့်ပြီး ကိုယ်ဝန်တားခြင်းကို မကြိုက်သူအမျိုးသမီးများအတွက် အဆင်ပြေခြင်း
  •  မျိုးဥအိမ်တွင် ရေအိတ်တည်ခြင်း၊ အလုံးများဖြစ်ခြင်း၊ ရင်သားတွင် ကင်ဆာမဟုတ်သော အလုံးများဖြစ်ခြင်းကို လျော့နည်းစေခြင်း
  •  အများစုသော အမျိုးသမီးများသည် ကွင်းထည့်ထားလျှင် ရာသီမှန်လာခြင်း၊ ရက်တိုသွားခြင်း၊ ရာသီနည်းသွားခြင်း
  •  ကွင်းမှ ထုတ်လွှတ်သော ဟော်မုန်းများသည် အမျိုးသမီးများ၏ အရိုးများကို ပိုသန်မာလာစေပြီး ၀က်ခြံများထွက်ခြင်းကို သက်သာစေခြင်းတို့ဖြစ်ပါသည်။ 

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း၏ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ။

  •  ထည့်ထားသောကွင်းသည် လိင်ဆက်ဆံချိန်နှင့် ၀မ်းချုပ်သော အချိန်များတွင် အပြင်ကို ထွက်ကျနိုင်ချေရှိခြင်း
  • ရာသီသွေးမဟုတ်ဘဲ အခြားအချိန်များတွင် သွေးဆင်းခြင်း
  • မိန်းမကိုယ်တွင် ခိုးလိုးခုလုဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
  •  ကိုယ်အလေးချိန် တိုးလာခြင်း
  •  စိတ်အခြေအနေများ ပြောင်းလဲခြင်း
  • ကွန်ဒုံးများနှင့် မတူသော အချက်မှာ ထိုကွင်းများသည် လိင်မှတဆင့် ကူးစက်သောရောဂါများကို မကာကွယ်နိုင်ခြင်း တို့ဖြစ်ပါသည်။

မိန်းမကိုယ်ထဲကွင်းထည့်ခြင်းအပြင် အခြား မည်သည့်နည်းများဖြင့် ကိုယ်ဝန်တားသင့်သလဲ။

မိန်းမကိုယ်ထဲကွင်းထည့်ခြင်းသည် အောက်ဖော်ပြပါ အချက်များနှင့်ကိုက်ညီသော အမျိုးသမီးများတွင် နှလုံးရောဂါဖြစ်နိုင်ချေ၊ လေဖြတ်ခြင်းနှင့် အဆုတ်၊ နှလုံးနှင့် ဦးနှောက်ထဲတွင် သွေးခဲများပိတ်ဆို့နိုင်ချေကို မြင့်တက်စေပါသည်။

  • ဆေးလိပ်သောက်သူများ၊ ပြီးခဲ့သည့်နှစ်များတွင် ဆေးလိပ်သောက်ခြင်း အကျင့် ရှိခဲ့သူများ
  • ကိုယ်အလေးချိန်များသူများ
  •  ဆိးချိုရောဂါရှိသူများ၊ သွေးထဲတွင် အဆီဓာတ်များသူများ
  • နှလုံးနှင့် သွေးလည်ပတ်မှု အားမကောင်းခြင်း၊ သွေးတိုးရောဂါရှိခြင်း
  • မျိုးရိုးစဉ်ဆက်အလိုက် သွေးပျစ် သွေးခဲသောရောဂါရှိသူများ
  •  အထက်ဖော်ပြပါရောဂါများသည် မိသားစုဝင်များတွင် တစ်ယောက်နှင့် အထက်ဖြစ်ဖူးခြင်း
  • အသက် ၃၅ ကျော်သူများ

သို့သော် သင့်တွင် အထက်ပါအချက်များမရှိပါက အသက် ၅၀ အရွယ်အထိ မိန်းမကိုယ်ထဲ ကွင်းထည့်ခြင်းနည်းဖြင့် ကိုယ်ဝန်တားနိုင်ပါသည်။