ကြက်သားဖက်ထုပ်ကြော် (2 Year+)

ဒါလေးကတော့ ကစ်လေးနေ့လည် အဆာပြေစားရအောင်လုပ်ပေးဖြစ်တာလေးပါ။
အကြွပ်မကြော်ချင်ရင်လည်း ဆီနည်းနည်းရေနည်းနည်းထည့်ကာ ဖက်ထုပ်ပြုတ်ကြော်လိုလုပ်လို့ရပါတယ်။

လိုအပ်တာလေးတွေကတော့

ဖက်ထုပ်ရွက် ၁၂ရွက်
ကြက်သား ၁၀၀ဂရမ်
ဂေါ်ဖီရွက် ၁ရွက်
ဥနီ လက်၂ဆစ်ခန့်
ဆား အနည်းငယ်
ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်

ကြော်ရန်ဆီ ၁၀ကျပ်သားခန့်

ဂေါ်ဖီရွက်ကို မာတဲ့အရိုးတွေထုတ်ပစ်ပြီးတော့ ရေဆေးကာ နှုတ်နှုတ်စင်းပါ။
ဥနီကိုလည်း အခွံခွှာရေဆေးကာ နှုတ်နှုတ်စင်းပါ။

ပထမဆုံး ဆီကိုအရင်ပူအောင်တည်ပါ။
ဆီပူလာရင် ကြက်သားကိုထည့်ကြော်ပါ။
ပြီးရင် ဥနီ နဲ့ ဂေါ်ဖီထည့်ကာကြော်ပါ။ အရသာအတွက် ဆား ပဲငံပြာရည်ထည့်ပါ။ ကြက်သားအစိမ်းနံ့ပျောက်ကာ အသားတင်းလာတဲ့အထိကြော်ပါ။ ကြက်သားကျက်လောက်လျှင် မီးဖိုပေါ်က ချကာ အအေးခံထားပါ။

ဖက်ထုပ်ရွက်ရဲ့ အလည်မှာ ကြော်ထားတဲ့ ကြက်သားကို လက်ဖက်ရည်ဇွန်း ၂ဇွန်း ပမာဏလောက်ခပ်ထည့်ပါ။ ပြီးရင် လက်ညှိုးလေးမှာရေစွပ်ကာ ဖက်ထုပ်ရွက်ရဲ့ အနားလေးတွေကို သုတ်ပေးပါ။ ဖက်ထုပ်ရွက်ကိုတဝက်ခေါက်ကာ အနား ၂ဖက်ကို ဖိကပ်ပေးပါ။ အတွန့်လေးတွေဖြစ်အောင် ထပ်ခေါက်ပေးပါ။ (အဆင်ပြေသလိုခေါက်လည်းရပါတယ်။ ခရင်းလေးနဲ့ အနားလေးတွေကို ဖိပေးလည်းရပါတယ်။ )
ကျန်တဲ့ ဖက်ထုပ်ရွက်တွေကိုလည်း အပေါ်ကရေးထားသလိုပဲ လုပ်ပေးပါ။

ဇောက်နက်တဲ့ ဒယ်အိုးတခုထဲမှာ ဆီထည့်ကာ အပူပေးပါ။
ဆီပူလာရင် ဖက်ထုပ်တွေ ထည့်ကာကြော်ပါ။
တဖက်က အညိုရောင်ပြောင်းလာရင် နောက်တဖက်ကိုကြော်ပေးပါ။
နှစ်ဖက်လုံး အကျက်ညီသွားရင် ဆယ်ကာဆီစစ်ထားပါ။
ဒါဆိုရင်တော့ သန့်ရှင်းတဲ့ ဖက်ထုပ်ကြော်လေးရပါပြီနော်။