ကြက်သားလုံးချိုချဉ် (2 Year+)

ဒီဟင်းလေးက သမီးလေးအရမ်းကြိုက်လို့ ခဏခဏချက်ဖြစ်တယ်။
အသီးအရွက် အသားအကုန်ပါလို့ တခွက်တည်းနဲ့လည်းပြီးတဲ့ဟင်းလေးပါ။

ကြက်ဥတို့ဟူး ၁ခု
ကြက်ဥတို့ဟူးကို အထုပ်ထဲကနေ အပြင်ကိုထုတ်ပြီးတော့ အပြားလေးတွေလှီးထားပါ။

ကြက်သားလုံးလေးကြော်ဖို့ လိုတာလေးတွေအရင်ပြောမယ်နော်

ကြက်သားတောက်တောက် ၁၀၀ဂရမ်
ဆား အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
တန်ပူရာမှုန့် ထမင်းစားဇွန်း ၁ဇွန်း
ကြက်ဥ ၁လုံး (ကြက်ဥကို ခလောက်ထားပါ။ တဝက်ပဲသုံးပါတယ်)
ဆီ ၁၀ကျပ်သားခန့်

အပေါ်က ပါဝင်ပစ္စည်တွေကို ပန်းကန်တခုထဲမှာ အားလုံးသမအောင်မွှေပေးပါ။
ဆီပူလာအောင်တည်ပါ မီးအရှိန်က အနေတော်ပဲဖြစ်ရပါမယ်။

ဆီပူလာရင် အရင်ဆုံး ကြက်ဥတို့ဟူးလေးတွေကို ကြော်ပေးပါ။ ဟိုဘက်ဒီဘက်လှန်ကြော်ပါ။ ၂ဖက်လုံးအကျက်ညီရင် ဆယ်ထားပါ။ ဆီစစ်ထားပါ။ ပြီးရင်တော့ ကြက်သားလုံးလေးတွေ ကြော်မယ်။

နယ်ထားတဲ့ ကြက်သားတွေကို ထမင်းစားဇွန်းလေးနဲ့ ခပ်ပြီး ဆီထဲကိုထည့်ကြော်ပါ။
ညိုရောင်သမ်းလာရင် ဆယ်ပြီး ဆီစစ်ထားပါ။
ကြက်သားလုံးတွေကိုတော့ များနေရင် ကိုယ်နှစ်သက်သလောက်ပဲ ထည့်နိုင်ပါတယ်။

အသီးအရွက်တွေအတွက် လိုအပ်တာလေးတွေကတော့

ဂေါ်ဒခါးသီး တခြမ်း
ပဲသီး ၅တောင့်
ဥနီ တဝက် (အကြီးကိုသုံးထားပါတယ်)
ခရမ်းချဉ်သီးဆော့ ထမင်းစားဇွန်း တဝက်
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း တဝက်ခန့်
ဆား အနည်းငယ်
ပဲငံပြာရည် အကြဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ကြက်သွန်ဖြူ ၂မွှာ

ဥနီ နဲ့ ဂေါ်ဒခါးသီးကို အခွံတွေခွှာပါ။ ပဲသီးကို ထိပ်ကလေးတွေချိုးပေးထားပါ။
အသီးတွေကို အနေတော်လေးတွေ လှီးပြီး ရေဆေးကာ ရေစစ်ထားပါ။

အရင်ဆုံး ကြက်သွန်ဖြူကို နှုတ်နှုတ်စင်းထားပါ။
ဆီ ထမင်းစားဇွန်း ၁ဇွန်းကို အပူပေးပါ။ ဆီပူရင် ကြက်သွန်ဖြူထည့် ဆီသတ်ပါ။
အနံ့မွှေးလာရင် အသီးတွေထည့်ကာကြော်ပါ။
ဆား သကြား ပဲငံပြာရည်အကြဲထည့်ကာ ကြော်ပေးပါ။
လိုအပ်ရင် ရေနည်းနည်းထည့်ကာ အဖုံးအုပ်ပြီးတည်ထားပါ။
အသီးတွေနူးလာပြီဆိုရင်တော့ ခရမ်းချဉ်သီးဆော့ကို ရေလေးနည်းနည်းထည့်ဖျော်ကာ ထည့်ပါ။ ဆော့အရည်ပွက်လာရင် ကြက်သားလုံးထည့်ကာမွှေပေးပါ။ နှမ်းဆီမွှေးထည့်ပေးပါ။ နောက်ဆုံးမှ ကြက်ဥတို့ဟူးလေးတွေထည့်လိုက်ပါ။ ပူပူနွေးနွေးနဲ့ အနံ့လေးမွှေးပြီးတော့ အရသာကောင်းတဲ့ ဟင်းလေးတခွက်မို့ ကလေးတွေနှစ်သက်မှာပါ။

* တခြားကိုယ်နှစ်သက်တဲ့ အသီးအရွက်ထည့်နိုင်ပါတယ်။ ကြက်သားအစား ဝက်သား ပုဇွန်လည်း သုံးနိုင်ပါတယ်။ *