ကလေးလေး အစားစားဖို့ ဘာကြောင့် ငြင်းနေတာလဲ ?

ကလေးက ဘာကျွေးကျွေး ကောင်းကောင်းမစားဘူးဆိုရင် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားသင့်ပြီး အစားစားအောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာကြည့်ဖို့ လိုပါတယ်နော်။

မေမေ့ကလေးလေး အစားကျွေးတိုင်း ခေါင်းခါပြီး ငြင်းနေလား၊ ဒါဆိုရင်တော့ မေမေတို့ စိတ်ညစ်ရပါပြီ။ ကလေးထမင်းမစားတာဟာ သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်တာကြောင့်ပါ။ ဒီလိုမျိုး ကလေးက ဘာကျွေးကျွေး ကောင်းကောင်းမစားဘူးဆိုရင် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားသင့်ပြီး အစားစားအောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာကြည့်ဖို့  ပြောပြပေးချင်ပါတယ်နော်။

ငြင်းဆန်ရတဲ့အကြောင်းအရင်း

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ အစားစားတာ နည်းရခြင်းအကြောင်းအရင်းကတော့ ကလေးတွေရဲ့ တိုးတက်မှုနှုန်းက ဖြည်းဖြည်းချင်း ပြောင်းနေတဲ့အတွက် အစားစားချင်စိတ်လည်း ပြောင်းနေပါတယ်။ ဒါကြောင့် တခါတလေမှာတော့ စားပြီး တခါတလေတော့ မစားပါဘူး။ မေမေတို့ရဲ့ ကလေးလေးတွေဟာ မွေးကင်းစအချိန်တွေကလို ရုတ်တရက်ကြီးထွားလာတာ မဟုတ်တဲ့အတွက် အစားအများကြီး စားဖို့ မလိုအပ်တာကြောင့် မစားတာပါ။

နောက်တစ်ခုကတော့ သူတို့လေးတွေရဲ့အစာအိမ်ဟာ အရမ်းကို သေးငယ်လွန်းပါတယ်။ အစာတွေကို ခပ်မြန်မြန်၊ ခပ်များများ မချေဖျက်နိုင်ပါဘူး။ ဒီအခါမှာ ဗိုက်ပြန်ဆာဖို့ အချိန်ကြာကြာ စောင့်ရပါတယ်။ ကလေးတွေဟာ ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်တွေလည်း များနေတာကြောင့် အစားအစာ စားဖို့ အာရုံသိပ်မကျပါဘူး။ ခွံ့ကျွေးတာထက် သူတို့ဘာသာ စားရတာကိုလည်း ပိုပြီး ကြိုက်နှစ်သက်တာ နေမှာပါ။

အစားစားဖို့ နည်းလမ်းများ

မေမေတို့ သားသားမီးမီးလေးတွေကို အစားအစာ ရွေးချယ်ခွင့် ပေးလိုက်ပါ။ ဒီလို လုပ်ခွင့်ပြုတာက သူတို့ကြိုက်နှစ်သက်တာတွေ သူတို့ စားရဖို့ အခွင့်အရေးပေးလိုက်တာမို့ ပိုစားမှာပါ။ မေမေ့ကလေးလေး စားတဲ့ အစားအစာတွေကို မိသားစုဝင်တွေကပါ လိုက်စားပေးပါ။ ဒါဆိုရင် သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်လေး လိုက်စားလာမှာပါ။ မောင်နှမတွေနဲ့ အတူတူစားခိုင်းတာကလည်း အစားပိုဝင်စေမှာပါ။ မောင်နှမတွေ ရှေ့ကစားပြရင် သူတို့ လိုက်စားကြမှာပါ။ သူတို့ မကြိုက်တဲ့ အစားအစာတွေကို မချက်ပါနဲ့။ ဖယ်ထားပါ။ ကလေးတွေကအစားသစ်နဲ့ အရသာသစ်တွေကို လက်ခံပို အချိန်ပိုမိုယူတတ်ကြပါတယ်။

ပဲစိမ်းစိမ်းလေးတွေကို ပထမဦးဆုံးအကြိမ် မစားဘူးပြောရင် နောက်အပတ်တွေမှာ ထပ်ကျွေးကြည့်ပါ။ စားနိုင်ပါတယ်။ အစားအသောက်နဲ့ အတူ ဖျော်ရည်တွေ၊ အရည်တွေရော ဘယ်လောက်သောက်နိုင်သလဲ မှတ်ထားပါ။ ဖျော်ရည်အလွန်အကျွံသောက်သုံးခြင်းက စားချင်စိတ် လျှော့နည်းနိုင်ပါတယ်။ ဒါကြောင့် အစားကျွေးတဲ့အခါမှာ ဖျော်ရည်တွေ ရောမတိုက်ပါနဲ့။