သားသားမီးမီးလေးတွေ ချောင်းဆိုးနေရင် ဘယ်လိုဂရုစိုက်မလဲ

တဟွတ်ဟွတ်နဲ့ ချောင်းဆိုးနေလို့ စိတ်ညစ်နေပြီလား။ ဖျားနာနေရင်းချောင်းဆိုးတာပဲဖြစ်ဖြစ်၊ ဖျားပြီး ချောင်းဆိုးကျန်ခဲ့တာပဲ ဖြစ်ဖြစ် အရမ်းကို ပင်ပန်းရပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတို့ တဟွတ်ဟွတ် နဲ့ ချောင်းဆိုးနေလို့ စိတ်ညစ်နေပြီလား။ သားသားမီးမီးလေးတွေ ဖျားနာနေရင်းချောင်းဆိုးတာပဲဖြစ်ဖြစ်၊ ဖျားပြီး ချောင်းဆိုးကျန်ခဲ့တာပဲ ဖြစ်ဖြစ် အရမ်းကို ပင်ပန်းရပါတယ်။ ပုံမှန်အားဖြင့်တော့ ချောင်းဆိုးခြင်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ပန်းနာရင်ကျပ် လက္ခဏာတစ်ခုဖြစ်သလို အသက်ရှူလမ်းကြောင်း တစ်လျှောက် ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲ၊ သလိပ်တွေ ပါလာပြီဆိုရင် သားသားမီးမီးလေးဟာ အသက်ရှူရတောင် ခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ချွဲ၊ သလိပ်တွေဟာ အသက်ရှူလမ်းကြောင်း နံရံတွေမှာ ကပ်တွယ်နေတတ်တာကြောင့်ပါ။

မေမေတို့ရေ ချောင်းဆိုးတာကို သာမာန်ပဲထင်ပြီး ပေါ့ဆလို့တော့ မရပါဘူးနော်။ ချောင်းဆိုးခြင်းမှာလည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနေသေးတာမို့  မေမေတို့ ဂရုစိုက်ရပါမယ်။ သားသားမီးမီးလေး အသက် (၁) နှစ်အောက်မှာဆိုရင် ချောင်းဆိုးပြီးနောက် သတိလစ်ခြင်း၊ တက်ခြင်းတွေ ရှိတယ်ဆိုရင် တတ်ကျွမ်းသူတွေနဲ့ ပြသင့်ပါတယ်။ နောက်ထပ် စိုးရိမ်ရတာတွေကတော့ အဆက်မပြတ်အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာဖြစ်နိုင်ခြင်း၊ အဖျားကြီးခြင်းနဲ့ သုံးပတ်ဆက်တိုက်ချောင်းဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်။

သားသားမီးမီးလေးတွေဟာ နို့စို့တဲ့အရွယ်ဆိုရင်တော့ ဆေးခန်းပြပါ။ ဆရာဝန် ညွှန်ကြားတဲ့ ဆေးပဲသောက်ပါ။ အကယ်လို့ ကလေးက အစားကောင်းကောင်းစားတတ်တဲ့ အရွယ်ဆိုရင်တော့ စွပ်ပြုတ် ပူပူလေး တိုက်ပေးပါ။ လည်ချောင်း ယားယံခြင်းတွေကို သက်သာစေတဲ့အပြင် ချွဲ၊ သလိပ်တွေကိုလည်း ပျော်ကျ စေနိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်း၊ စိုစွတ်တဲ့လေကို ပေးရှူတာမျိုး လုပ်ပေးမယ်ဆိုရင် ချောင်းဆိုးတာ သက်သာစေနိုင်ပါတယ်။ သားသားမီးမီးတွေဟာ (၃) နှစ်လောက်ရှိပြီဆိုရင်တော့ ဆေးဆိုင်တွေကနေ ချောင်းဆိုးပျောက်ဆေးလည်း  သောက်လို့ ရပါတယ်။