ဖေဖေရှာသမျှငွေတွေ မေမေတို့ စုမိဆောင်းမိဖြစ်ချင်တယ်ဆိုရင်

မိသားစုတစ်စု ပြေလည်ဖို့ဆိုတာ ငွေရေးကြေးရေးကလည်း အရေးကြီးပါတယ်။ သားသားမီးမီးလေးတွေလည်း ရှိနေသေးတော့ နောင်ရေးအတွက်လည်း စုမိဆောင်းမိ ဖြစ်ဖို့ လိုပါသေးတယ်

 မေမေတို့ရေ မိသားစုတစ်စု ပြေလည်ဖို့ဆိုတာ ငွေရေးကြေးရေးကလည်း အရေးကြီးပါတယ်။ သားသားမီးမီးလေးတွေရဲ့ ကျန်းမားရေး၊ ပညာရေးတွေကလည်း ရှိနေသေးတော့ နောင်ရေးအတွက်လည်း စုမိဆောင်းမိ ဖြစ်ဖို့ လိုပါသေးတယ်။ ဒီလိုဆိုရင်တော့ နှစ်ယောက်လုံးက ဝင်ငွေ ရှိဖို့လိုသလို ဝင်သမျှငွေတွေကိုလည်း စုမိဖို့ ကြိုးစားရပါမယ်။ ရှာတာထက် စုတာက ပိုတောင်ခက်နိုင်ပါတယ်။ ဒီတော့ ဖေဖေ့ရဲ့ ဝင်ငွေတွေကို ဘယ်လိုချွေတာပြီး ဘယ်လိုစုမိအောင် လုပ်မလဲဆိုတာ နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။

 ဖေဖေတို့ရဲ့ ဝင်ငွေ ထွက်ငွေကို သေချာလေး သိအောင် လုပ်ထားရပါမယ်

ဖေဖေတို့ရဲ့ ဝင်ငွေတင်မဟုတ်ဘဲ ထွက်ငွေကိုပါ တွက်ပါ။ ဖေဖေရဲ့ ဖုန်းဘေလ်၊ လက်ဖက်ရည်ဆိုင် ထိုင်တာတွေကအစပေါ့။ အဲဒီလို အသေးစိတ်လေးတွေကို တွက်ပါ။ ဒါမှ စုဖို့ ချွေတာဖို့အတွက် ကာမိမှာပါ။ ဒီလိုမျိုး စာရင်းအတိအကျ လုပ်ရတာဟာ စိတ်ညစ်စရာဆိုပေမယ့် ကိုယ့်အိမ်ထောင်ရေး ရေရှည်ပျော်ရွှင်ရဖို့အတွက်တော့ ပြုလုပ်ဖို့ လိုတယ်ဆိုတာ ဖေဖေ သိအောင်တော့ ပြောပြပါ။

ချွေတာတဲ့အခါမှာလည်း အိမ်နောက်ဖေး မီးဖိုချောင်ကို အဓိက ထားရပါမယ်

မကုန်သင့်တာ မကုန်ရလေအောင် စေစေ့စပ်စပ် ချွေတာကြည့်ပါ။ အပြင်ဆိုင်တွေမှာ စားတာထက် အိမ်မှာပဲ ချက်စားပါ။ ဒါက အတော်ကို ချွေတာမိမှာပါ။ မေမေတို့ ပစ္စည်း တစ်ခုခု လိုချင်တဲ့အခါ အရေးတကြီး လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာ စဉ်းစားပါ။ အရမ်း အရေးတကြီး လိုအပ်တာတွေကို အရင်ဝယ်ပါ။

ပစ္စည်းတစ်ခုခုကို သိပ်လိုချင်တဲ့အခါ နှစ်ရက်လောက်တော့ တကယ်လိုမလို စဉ်းစားပါ။ ဒီပစ္စည်း မရှိလည်း ရသေးသလားလို့တွေးပါ။ နှစ်ရက် သုံးရက် ကြာသည့်တိုင်အောင် ဒီပစ္စည်းကို ကိုယ်က လိုချင်နေဆဲ လိုအပ်နေဆဲဆိုမှ ဝယ်ယူပါ။ ဒါဆိုရင်တော့ မေမေတို့ မလိုအပ်ဘဲ ဝယ်မိလေခြင်းဆိုတာမျိုး မဖြစ်စေတော့ပါဘူး။ မေမေတို့ရေ ဖေဖေတို့ရဲ့ ဝင်ငွေပို စုမိအောင်အတွက် အိမ်တွင်း အလုပ်လေး တစ်ခုလောက်တော့ လုပ်သင့်ပါတယ်။ အဲဒါက ဖေဖေတို့ရဲ့ဝင်ငွေကို ထပ်ပွားတာမျိုးလေး ဖြစ်အောင် လုပ်ဖို့ပါ။ အိမ်မှာ ဈေးဆိုင်ဖွင့်တာ၊ အိုးမကွာ အိမ်မကွာ online shopလုပ်တာလေးတွေက မေမေတို့ကို အဆင်ပြေစေမှာပါ။

အပေါ်မှာ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ အရင်ကထက် ပိုပြီးတော့ ငွေစုမိဆောင်းမိဖြစ်လာနိုင်ပါတယ်။ ဖေဖေရော မေမေရာ ကြိုးစားကြည့်ပါနော်။