❤️သင်ဟာ မိခင်ကောင်းတစ်ယောက်ပါ ❤️

မိခင်နို့တိုက်နေတဲ့ မေမေရေ။ သားသားမီးမီးတွေကို အမေနို့တိုက်နိုင်တာ သိပ်ကောင်းတာပဲနော်။ တစ်ရက်ပဲတိုက်လိုက်နိုင်သလား၊ တစ်လတိုက်လိုက်ရသလား၊ တစ်နှစ်လား၊ ငါးနှစ်လား။ ဘယ်လောက်အချိန်လေးပဲ တိုက်လိုက်ရတိုက်လိုက်ရ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

နို့မှုန့်တိုက်ရတဲ့ မေမေရေ။ သိပ္ပံပညာက အရမ်းအံ့သြ ကျေးဇူးတင်ဖို့ကောင်းတယ်နော်။ အရင်ကဆို နို့မှုန့်မရှိသေးတော့ အမေနို့မတိုက်နိုင်တဲ့ ကလေးလေးတွေ ဘယ်လောက်များ ဒုက္ခရောက်ခဲ့ကြရှာမလဲ။ အခု ကိုယ့်ကလေးလေးက အဲဒီဒုက္ခတွေ မခံစားရတော့ဘဲ ကောင်းကောင်းမွန်မွန် စားနိုင်ကြီးထွားနိုင်တယ်နော်။ မေမေဟာအမေကောင်း တစ်ယောက်ပါပဲ။

အိမ်မှာနေတဲ့ မေမေရေ။ ကလေး(တွေ)နဲ့ အိမ်မှာနေရတာ တကယ့်ကို မလွယ်တဲ့အလုပ်နော်။ သူတို့လေးတွေနဲ့ အချိန်ပြည့်နိုင်တာ ပျော်စရာကြီး။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

အလုပ်လုပ်နေရတဲ့ မေမေရေ။ ကလေးတဖက်နဲ့ပေမယ့် ကိုယ့်အလုပ်ကို တစိုက်မတ်မတ် လုပ်နိုင်တာ ကောင်းလိုက်တာ။ မေမေက ကလေးတွေအတွက် အကောင်းဆုံး စံပြရှေ့ဆောင်မေမေဖြစ်နေမှာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

Diaper မသုံးတဲ့ မေမေရေ။ ကလေးပေါက်စတွေရဲ့ အညစ်အကြေးတွေကို တစ်ရက်မဟုတ် တစ်လမဟုတ် စိတ်ရှည်ရှည် သန့်စင်ပေးနိုင်တာ တော်လိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

Diaper သုံးတဲ့မေမေရေ။ လျှော်ဖွပ်ဖို့ အညစ်အကြေးတွေ ပေပွကုန်မလား စိတ်ပူစရာ မလိုတာ ကောင်းလိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

ချက်ပြုတ်ဖို့ အရမ်းပင်ပန်းနေလို့ တစ်ပတ်လုံးလုံး ဆက်တိုက်ကလေးတွေကို အပြင်က ဝယ်ကျွေးနေရတဲ့ မေမေရေ။ ကလေးတွေကို ဗိုက်ဝအောင်ကျွေးနေတာ ကောင်းလိုက်တာ။ တစ်ခါတလေကျတော့လည်း ကိုယ့်စိတ်ကလေး ပင်ပန်းတာကို ဖြေလျော့ပေးနိုင်မှ ကလေးတွေအပေါ် စိတ်မတိုမိမှာလေ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

တစ်ပတ်လုံးလုံး ကလေးတွေကို အိမ်မှာ အထူးစပါယ်ရှယ် ချက်ကျွေးတဲ့ မေမေရေ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာဟာ အရေးကြီးတယ်နော်။ ကလေးတွေကို သေချာချက်ကျွေးနိုင်တာ ကောင်းလိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

စားသောက်ဆိုင်ထဲမှာ ငြိမ်ငြိမ်ကလေး ထိုင်စားနေတဲ့ ကလေးတို့ရဲ့မေမေရေ။ ကလေးတွေကို သင်ထားပေးတာ တော်လိုက်တာနော်။ တကယ့်ကို မလွယ်တဲ့အလုပ်ပဲ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

Supermarket ထဲက ကြမ်းပြင်ပေါ်မှာ လူးလိမ့်ငိုနေတဲ့ ကလေးရဲ့မေမေရေ။ သူတိျု့လးတွေက တကယ့်အချိန် တကယ့်နေရာကိုမှ ရွေးတတ်တာနော်။ တကယ့်ကလေးတွေပဲ။ ကျမတို့အားလုံး အဲဒီလိုအချိန် ကြိမ်းသေပေါက် ကြုံဖူးတာပေါ့။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

အိမ်လုပ်အရုပ်ကလေးတွေနဲ့ ကလေးတွေကို တူတူအမြဲလိုက်ဆော့ပေးနိုင်တဲ့ မေမေရေ။ သူတို့လေးတွေ ဦးနှောက်ဖွံ့ဖြိုးစေဖို့ အားထုတ်တတ်တာ ကောင်းလိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

ချစ်စရာအရုပ်ကလေးတွေကို အမြဲဝယ်ပေးတတ်တဲ့မေမေရေ။ အရုပ်အသစ်ကလေးတစ်ခုရတိုင်း ပျော်သွားမယ့်ကလေးလေးကို မြင်ကြည့်ပါဦးနော်။ သူကလေးကို ပျော်အောင်လုပ်ပေးနိုင်တာ ကောင်းလိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

ကလေးလေးကို ရိုးရိုးမွေးခဲ့တဲ့မေမေရေ။ သတ္တိရှိလိုက် တော်လိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

ဗိုက်ခွဲမွေးခဲ့တဲ့မေမေရေ။ ဒီဒုက္ခအခက်အခဲတွေကို ကျော်ဖြတ်နိုင်တာ ရဲရင့်လိုက်တာနော်။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

မနေ့က ကလေးက ပြောစကားနားမထောင်လို့ အော်လိုက်မိတဲ့မေမေရေ။ ကလေးတွေနဲ့ အလုပ်တွေနဲ့ အရမ်းခက်ခဲတာနော်။ ကလေးကို မအော်မိတဲ့ မိဘဆိုတာ မရှိသလောက်ပါပဲ။ ကျမတို့အားလုံး ဖြစ်ဖူးကြပါတယ်။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

ကလေးကို အရမ်းစိတ်ရှည်ပြီး အမြဲချိုချိုသာသာပြောတဲ့မေမေရေ။ လူတိုင်းမလုပ်နိုင်အောင် ခက်ခဲတဲ့အလုပ်ကို လုပ်နိုင်တာ ကောင်းလိုက်တာ။ မေမေဟာ အမေကောင်းတစ်ယောက်ပါပဲ။

မေမေတွေအားလုံးဟာ ကိုယ်သားသမီးလေးတွေအတွက် အကောင်းဆုံးကိုပဲ လုပ်ပေးနေကြတာပါ။ ဘယ်မိဘမှ ပြီးပြည့်စုံတယ် မရှိပါဘူး။ အခြားသူကို ဝေဖန်ကဲ့ရဲ့ပြီး လက်ညှိုးတစ်ချောင်းထိုးမိရင် ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးမိတဲ့ လက်ချောင်းက သုံးချောင်းတောင် ရှိတယ်ဆိုတာ သတိရပါနော။မှန်နဲ့ဆောက်ထားတဲ့ အိမ်ထဲကလူက အပြင်ကလူကို ခဲနဲ့လှမ်းပစ်တဲ့အခါ ကိုယ့်အိမ်ပါ ကွဲကျေပြိုကျတတ်ပါတယ်။ သူများရဲ့ချွင်းချက်ကို တွေ့တဲ့အခါတိုင်း ကိုယ့်ချွင်းချက်ကို ပြန်သုံးသပ်ကြည့်မိရင် ဘာကမှ ပြီးပြည့်စုံတာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားပါလိမ့်မယ်