ဂီတနှင့် ဘ၀အစ

မိခင်တိုင်းသည် သားချော့တေးကိုဆိုညဉ်းပြီး ရင်သွေးငယ်ကို အိပ်စေဖူးသလို၊ ဖခင်တိုင်းသည်လည်း တီတီတာတာ ဂီတသံပြုပြီး ကလေးငယ်ကို ချော့သိပ်အိပ်စေဖူးကြမှာပါ။ ကမ္ဘာပေါ်တွင် သားချော့တေးသံမပျံ့လွင့်ဖူးသော မိသားစု ရယ်လို့ ရှိလိမ့်မယ်မထင်ပါ။ သားချော့တေးသံသည် စိတ်ကိုငြိမ်းချမ်းအေးမြစေနိုင်ပြီး၊ ဘာသာစကား ဖွံ့ဖြိုးမှု အတွက် လည်း များစွာအထောက်အပံ့ဖြစ်စေပါသည်။ ထို့အပြင် မိဘနှင့် ကလေးငယ်ကြားနွေးထွေးပျော်ရွှင်မှုကို တိုးပွားစေ သောအရာတစ်ခုလည်းဖြစ်ပါသည်။

ဂီတသံနှင့်ကလေးငယ်

ကိုယ်ဝန်ခြောက်လကျော်၊ ခုနှစ်လတွင်းသို့ရောက်ပြီဆိုလျှင် ရင်သွေးငယ်၏အကြားအာရုံသည် အပြည့်အစုံဖွံ့ဖြိုး တိုးတက်ပြီးဖြစ်ပါသည်။ လေ့လာချက်များအရ ကလေးငယ်များသည် မိခင်၏၀မ်းကြာတိုက်အတွင်းရှိစဉ် အချိန် ကတည်း က ဂီတသံစဉ်များကို ကြားနိုင်ပါသည်။ ထိုအချိန်တွင် အထပ်ထပ် အခါခါကြားရလေ့ရှိသော သံစဉ်များကို မွေးဖွားပြီးသည့်အချိန်အထိ မှတ်မိနေလေ့ရှိပါသည်။မွေးကင်းစကလေးငယ်ကို ငြိမ့်ညောင်းသောဂီတသံဖွင့်ပြ လိုက်ပါက သူ၏နှလုံးခုန်သံလျော့ကျလာပြီး၊ အသက်မှန်မှန်ရူလာသည်ကိုတွေ့ရပါလိမ့်မည်။ ထိုကဲ့သို့ ဂီတသံ အပေါ်တုံ့ပြန်မှုသည် စိတ်ဖိစည်းမှုများလျော့ကျသွားသော လက္ခဏာတစ်ရပ်ပင်ဖြစ်ပါသည်။ ဂီတသံသည် ကလေးငယ်၏စိတ်ကို တည်ငြိမ်အေးချမ်းစေသော လက်တွေ့ကျသည့် နည်းလမ်းတစ်ခုပဲဖြစ်ပါသည်။

ရင်သွေးငယ်သို့ ဂီတမိတ်ဆက်

ကလေးငယ်ကိုအငိုတိတ်စေလိုလျှင်အသာအယာပွေ့ဖက်ပြီးတေးသံဆိုညဉ်းလိုက်ပါ။ခန္ဓာကိုယ်ကိုလည်းသံစဉ်နှင့်အတူ စီးမျောလှုပ်ရှားကြည့်လိုက်ပါ။ နွေးထွေးသောရင်ငွေ့၊ ညင်သာသောလှုပ်ရှားမှုနှင့် နူးညံ့သည့်တေးသံများကြောင့်
ကလေးငယ်သည် တဖြည်းဖြည်းခြင်းအငိုတိတ်သွားပါလိမ့်မည်။

ဂီတအမျိုးအစားတစ်ခုနှင့် တစ်ခုအပေါ် ကလေးငယ်၏တုံ့ပြန်ပုံသည် တူညီမှုမရှိနိုင်ပါ။ ကလေးငယ်သည် ၀မ်းနည်း နေချိန် သို့မဟုတ် အိပ်ချင်စိတ်ဖြစ်ပေါ်နေချိန်များတွင် သားချော့တေးသံကသာနှစ်သိမ့်စေနိုင်မှာဖြစ်ပြီး၊ တက်ကြွ လန်းဆန်းနေချိန်မျိုးမှာဆိုလျှင်တော့ မြူးကြွသည့်သီချင်းသံတွင် ထိုးထိုးတွန့်တွန့်နှင့် ကရသည်ကိုနှစ်သက်ပါလိမ့်မည်။ ငြိမ်ငြိမ်ကလေးနှင့် မျက်လုံးကြောင်နေချိန်မှာဆိုလျှင် ငြိမ့်ညောင်းသည့်တေးသံမျိုး၊ တူရိယာသံမျိုးကသာ အဆင်ပြေ စေပါလိမ့်မည်။

မေမေ၊ ဖေဖေတို့ကလေးဘ၀က ကြားခဲ့ကြရဖူးသည့် သားချော့တေးသံများကို အနည်းအကျဉ်းတော့ မှတ်မိကြလိမ့်ဦး မည်ထင်ပါသည်။ ကြားခဲ့ဖူး၊ မှတ်မိခဲ့ဖူးသလောက် မိမိ၏ရင်သွေးငယ်ကလေးကို ဆိုပြပါ။ သံစဉ်၊ စာသားမှားယွင်းမှု များ ကို စိုးရွံ့နေစရာမလိုပါ။ကလေးငယ်တို့အတွက်တော့မိဘတို့ဆိုပြသည့်သားချော့တေးသံကသာနွေးထွေးနှစ်သိမ့်မှု ရရှိစေနိုင်သော ဆုလာဘ်ကြီးတစ်ခုပင်ဖြစ်ပါသည်။

ကလေးငယ်ကို ဘယ်အချိန်တွင်၊ ဘာလုပ်ရမည်ဆိုသည်များကို ဂီတသံများနှင့် တွဲမှတ်လေ့ကျင့်ပေး၍ရပါသည်။
ကလေးငယ်ကို နှိပ်နယ်ပေးနေသည့်အချိန်တွင် ငြိမ့်ညောင်းသောသံစဉ်ဖွင့်ထားခြင်းမျိုး ပြုလုပ်ပေးပါ။

အိပ်ယာဝင်သီချင်းသံကို ညအိပ်ချိန်တိုင်းဖွင့်ပေးခြင်းဖြင့် အချိန်ကျလာ၍ သီချင်းသံလေးကြားလိုက်မိပြီဆိုလျှင်
သိပ်စရာ မလိုဘဲ အိပ်တတ်အောင်လေ့ကျင့်ပေးနိုင်ပါသည်။

ထို့အပြင် ဒိုက်ပါလဲချိန်၊ အနှီးလဲချိန်၊ ရေချိုးချိန်နှင့် ဂျီကျနေချိန်များတွင် ဖွင့်နေကြသီချင်းလေးများ ပုံမှန်ဖွင့်ပေးခြင်းဖြင့် ကလေးငယ်သည် သီချင်းသံနှင့် လုပ်ရမည့်အလုပ်ကို တွဲလျက်မှတ်မိလာနိုင်ပြီး၊ အဆင်ပြေပြေ လုပ်ဆောင်လာနိုင် ပါလိမ့်မည်

တေးသီချင်းသံ၊ ဂီတသံများသည် အရွယ်ရောက်ပြီးလူကြီးများအတွက်သာမက ကလေးငယ်များအတွက်ပါ စိတ် အပန်းပြေပြီး၊ သက်တောင့်သက်သာဖြစ်စေနိုင်ပါသည်။ ငိုယိုနေသောကလေးငယ်ကို သီချင်းဆိုပြ၊ ကပြခြင်း များပြုလုပ်ပေးခြင်းဖြင့် အငိုတိတ်စေရုံသာမက၊ ဆိုကနေသောလူကြီးများပါ အကြောအချင်ပြေလျော့ပြီး၊
ကိုယ်ရော စိတ်ပါရွှင်လန်းစေမှာပဲဖြစ်ပါသည်။

ကလေးငယ်တိုင်းသည် သဘာဝအလျှောက် သံစဉ်စည်းချက်ကို ခံစားနိုင်ပြီး၊ ဂီတကိုမြတ်နိုးစိတ်လည်း ရှိပါသည်။
ဂီတသည် နေ့စဉ်လူနေမှုဘ၀၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

အသက်လေးလ၊ ငါးလအရွယ်ကလေးငယ်များကို သဘာဝကျသောနည်းလမ်းများ အသုံးပြုပြီး တေးဂီတနှင့်
မိတ်ဆက်ပေးနိုင်ပါသည်။

“ချိုမိုင်မိုင်”၊ “ရွှေဝါးလက်ခုပ် ဝါးလက်ခုပ်”စသော အသံသာမက လှုပ်ရှားမှုပါ ပါဝင်သည့် သီချင်းမျိုးကို ကလေးငယ်တိုင်း အထူးနှစ်သက်ကြပါသည်။

“Old MacDonal Had a Farm”၊ “Twinkle Twinkle Little Star”၊ “ဗုံတီး ဗုံတီး ပတ်ချပ်ချပ်” နှင့် “ကြာဖြူ ကြာနီ” စသောတေးသီချင်းများကို လက်ကိုင်ဖုန်းအတွင်း သိမ်းထားပြီး ကလေးငယ်ကို ဖွင့်ပြ၍ အတူတကွသီဆိုခြင်းမျိုး ပြုလုပ်သင့်ပါသည်။

ကလေးငယ်နှင့်အတူ သီချင်းဆိုပြီးကပါ။ (မေမေ၊ ဖေဖေတို့အတွက်လည်း ဝိတ်ကျစေမည့်လေ့ကျင့်ခန်းတစ်ခုဖြစ်စေမှာပါ။) အတူသီဆိုနေသည့် သီချင်းစာသားများထဲတွင် ကလေး၏နာမည်၊မေမေဖေဖေတို့၏နာမည်များကို ထည့်သွင်း စပ်ဆိုခြင်းများပြုလုပ်ပေးပါ။ ကလေးငယ်သည် သူ၏နာမည်ကိုသာမက၊ မိဘများ၏နာမည်ကိုပါ လွယ်ကူ လျှင်မြန်စွာ မှတ်မိလာပါလိမ့်မည်။

တူရိယာပစ္စည်းများနှင့် ကစားခိုင်းပါ။ တူရိယာပစ္စည်းဆိုရာတွင် ဗုံ၊ ပတ္တလား၊ ဂစ်တာစသည်များကို ၀ယ်ယူုပေး၍ ရနိုင် သလို၊ဒန်အိုး၊ ခွက်၊ ဗူးလွတ်စသည့်အရာများသည်လည်း ကလေးငယ်တို့အတွက် အလွန်နှစ်သက်စရာတူရိယာများပင်
ဖြစ်ပါသည်။ သံစုံတီးဝိုင်းကြီးဖြင့် ပျော်ပျော်ကြီးဖျော်ဖြေပြပါလိမ့်မည်။

ဂီတသံများနှင့်အတူ ပျော်ရွှင်စွာသီဆိုကကုန်ကြရင်း ချမ်းမြေ့သာယာသော မိသားစုဘ၀များကိုတည်ဆောက်နိုင်ကြပါစေ . . .

#NayNaingLinn
#GOLDENEYE
Credit: The No Cry Sleep Solution for Newborns by Elizabeth Pantley