ကလေးတွေကို လိမ္မာအောင် ကိုင်တွယ်ဖြေရှင်းနည်း (၅) နည်း

ဒီအချက်လေးတွေအတိုင်းလိုက်နာကြည့်မယ်ဆိုရင် မေမေတို့ဖေဖေတို့အတွက် ကိုယ့်ရင်သွေးငယ်လေးတွေဟာ ပုံသွင်းရလွယ်ကူပြီး လိမ္မာတဲ့ကလေးငယ်လေးတွေဖြစ်လာမှာ အသေအချာပါပဲနော်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ ချဉ်းကပ်နည်းများစွာ အသုံးပြုပြီး ပျိုးထောင်ရပါတယ်။ အခုပြောပြမှာကတော့ ဆိုဆုံးမမှုတွေကို မလိုက်နာတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အသုံးဝင်တဲ့အချက်လေးများဖြစ်ပါတယ်။

1. ကလေးက မိဘနှင့်အတူ လက်တွဲလမ်းလျှောက်ခြင်းကို ငြင်းဆန်တဲ့အခါ

ဒီအခြေအနေဟာ မိဘတိုင်းကြုံတွေ့နေရတဲ့ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကလေးနဲ့အတူ လမ်းလျှောက်တဲ့အခါ တွဲထားတဲ့လက်ကို ဖြုတ်လိုက်ပြီး လမ်းဆက်မလျှောက်ဘဲ ပေကပ်နေတာမျိုးပေါ့။  ထိုအခြေအနေမျိုးကြုံလာရတဲ့အခါ ကလေးလေးတွေနဲ့ အတူလမ်းဆက်လျှောက်ချင်သေးရင်တော့ ချော့ပြောပြီး ကလေးလေးတွေကို ဦးဆောင်ခိုင်းပြီး သင့်လက်ကိုတွဲကာခေါ်ဆောင်သွားခိုင်းလိုက်ပါ။ အဲ့ဒီခါကျရင် ကလေးတွေက ပိုပြီး စကားနားထောင်လာတာကိုတွေ့ရမှာပါ။

2. ကလေးက သူတို့ရဲ့ မှားယွင်းတဲ့အပြုအမူတွေကြောင့် အပြစ်ပေးတာ မခံချင်ကြတဲ့ အခါ

ကလေးအကျင့်ပျက်တာ တခုခုလုပ်မိပြီဆိုလျှင် ဘယ်လိုအပြစ်ပေးမလဲ။ ဒီအခြေအနေမှာ ကလေးလေးတွေကို ဘာကြောင့်အပြစ်ပေးခံရသင့်သလဲဆိုတာကို အရွယ်ရောက်သူတစ်ယောက်လို ရှင်းပြပြောဆိုပေးပါ။ ဥပမာ – သူတို့အပြစ်အတွက် သူတို့လေးတွေ စုထားတဲ့ပိုက်ဆံအချို့ကို ဒဏ်ငွေအဖြစ်ဆောင်ရန်(သို့မဟုတ်) ရက်သတ္တပတ်တိတိ ပန်းကန်ဆေးရန်စတဲ့ ရွေးချယ်မှုမျိုးပြုလုပ်ခိုင်းပြီး အပြစ်ပေးပါ။ သူတို့ရွေးချယ်မှုဟာ မမှန်ကန်ဘူးဆိုရင်တောင်မှ ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ မိဘတွေအနေနဲ့ သိထားသင့်တာက ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းက မမှန်ကန်ဘူးဆိုတာပါဘဲ။ ဒီလို အပြစ်ပေးခြင်းအစား ကလေးငယ်ကို ထောင့်တစ်ထောင့်မှာရပ်ခိုင်းပြီး ဘာအပြစ်လုပ်ခဲ့လဲဆိုတာ စဉ်းစားခိုင်းပါ။ ပြီးမှ ကလေးနဲ့အတူ အမှား ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ အဖြေရှာကြည့်ကြပါ။

3. ကလေးက ထမင်းမစားဘဲ သရေစာပဲ စားချင်နေတဲ့အခါ

ကလေးက ထမင်းမစားဘဲ သရေစာပဲ စားချင်နေတယ်ဆိုရင် နေ့လည်စာစားပြီးတဲ့အခါ သူတို့စားချင်တဲ့ သရေစာစားရမယ်လို့ ဖျောင်းဖျကြည့်ပါ။ ဒီနည်းလမ်းဟာ ကိုယ့်ကလေးကပြိုင်ဆိုင်လိုစိတ်ရှိတဲ့ကလေး တစ်ယောက်ဆိုရင် အင်မတန်မှ အသုံးဝင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ကလေးတွေကိုအပြစ်တင်ဝေဖန်မည့်အစား အပေးအယူလေးတွေ များများလုပ်ပေးသင့်ပါတယ်။ ကလေးတွေက သူတို့အတွက် ညှိနှိုင်းမှုကောင်းကောင်းလုပ်ရင်သိပ်ကို နှစ်ခြိုက်ကြောင်းတွေ့ရမှာပါ။

4. ကလေးက မနက်စာ သေချာမစားတဲ့အခါ

မိဘတွေ မနက်အလုပ်သွားဖို့အတွက် အလုပ်ရှုပ်နေတဲ့အခါ ကလေးမနက်စာ သေချာစားမစား ဂရုစိုက်မအားတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးလေးတွေ မနက်စာစားချင်အောင်အဖော်ပြုပေးပါ။ ပိုပြီးစားချင်လာအောင် မနက်စာပန်းကန်ထဲ စားဖို့ဘယ်နှဇွန်း ကျန်လဲဆိုတာကို ရေတွက်ခိုင်းကြည့်ပါ။ ဒီအခါ မနက်စာပန်းကန်က ကုန်မှန်းမသိအောင် ကုန်သွားတတ်ပါတယ်။

5 . ကလေးငယ်က အဝတ်မလဲချင်တဲ့အခါ

ကလေးတွေ အဝတ်မလဲချင်ဘူးဆိုရင်ဒီ လှည့်ကွက်လေးကို အသုံးပြုကြည့်လိုက်ပါနော်။ ကလေးတွေ မျက်စိမှိတ်ပြီး အဝတ်လဲနိုင်လားဆိုတာကို စမ်းသပ်ကြည့်လိုက်ပါ။ ကလေးတွေဟာ ကစားရတာ အလွန်နှစ်သက်ကြတဲ့အတွက် ဒီလှည့်ကွက်လေးဟာ ဘာအခက်အခဲမှမရှိဘဲ လွယ်ကူစေမှာပါနော်။

 

 

From Kalay with