“ငါ့ကလေး မထိနဲ့.. မီးပွင့်သွားမယ့် မေမေတွေ.. Stopလေ”

သားငယ်ငယ် မူကြိုကျောင်းသားဘဝကဆိုတော့ ဒီဓာတ်ပုံထဲကအရွယ်လေးပေါ့..။ (၂)နှစ်ခွဲ..(၃)နှစ်လောက်..
အဲဒီအရွယ်ကလေးတွေဟာ ကစားရင် အင်မတန်လက်မြန်တယ်..။
လိုချင်တာကိုလှမ်းယူလည်းဆိုးကနဲ..သူများဟာကိုလှမ်းဆွဲလည်း ဆတ်ကနဲ..။ အမှန်က အဲဒီအရွယ်တွေဟာ သူတို့ကိုယ်သူတို့ controlမလုပ်တတ်ကြသေးတာပါ..။ လိုချင်ရင်လှမ်းယူမယ်..လက်အချိန်အဆမရှိဘူး..။ မပေးရင်လှမ်းဆောင့်ဆွဲမယ်..သူများနာတာမနာတာ စိတ်မဝင်စားဘူး..။
အဲဒီတော့ကာ ကလေးအချင်းချင်း ခဏခဏကိုပြဿနာတက်တယ်..။
ကိုယ်လည်း ဒီသားလေးတစ်ယောက်တည်းမွေးထားတာ..ကလေးချင်းရန်ဖြစ်ကြပြီ..သားကဗြဲကနဲအော်ငိုပြီဆိုရင် မျက်ခုံးဆယ့်ရှစ်ခေါက်လောက်အတွန့်ချိုးပြီး ဘယ်အကောင်မသားလဲကွ..ငါ့သားကိုလုပ်တာ…ဒါမျိုးလုပ်ပစ်ချင်တာ..။

ဒါပေမယ့် ဂျပန်ဆရာမတွေရဲ့ကလေးပြဿနာဖြေရှင်းနည်းတွေကိုအကဲခတ်မိတယ်..။တကယ့်ကိုပဲစည်းစနစ်ကျကျသွန်သင်ကြပါတယ်..။။မူကြိုကျောင်းကဆရာမတွေရဲ့သင်ကြားပြသပုံကို အမြဲတမ်းမြင်တွေ့နေရတော့ နမူနာယူဖြစ်တယ်..။

ကလေးတွေဆိုတာ သူတို့နာသွားရင် ဦးအောင်ငိုကြတာပဲ..။
အကယ်၍ ကိုယ်ကသူများအရုပ်ကိုသွားဆွဲလို့ ဟိုကပြန်ဆွဲတာမှာ ထိမိခိုက်မိလည်းဦးအောင်ငိုတာပဲ..။ ရုတ်တရက်ကြည့်ရင် သူကပဲအနိုင်ကျင့်ခံရသလိုလို ဘာလိုလို..။
ဂျပန်ဆရာမတွေက ကလေးတွေတစ်လှေကြီးကြား ဘယ်သူကဘယ်သူ့ကိုဆော်ထည့်လိုက်သလဲဆိုတာအဖြေရှာနေရင် ဘယ်တော့မှအဖြေမှန်ထွက်မလာတာမို့မမေးဘူး..။ ပိုနာတဲ့ကလေး ဆေးထည့်ပေးရင်း ဖြစ်တဲ့နှစ်ယောက်ကိုခေါ်ပြီး ရင်ကြားစေ့ပေးရင်းဆုံးမတယ်..။
” သူငယ်ချင်းက ကစားနေတဲ့အရုပ်ကိုလိုချင်ရင် အဲဒီလိုအတင်းဆွဲတော့ သူငယ်ချင်းက ဘာဖြစ်မလဲ..?မကစားရတော့ဘူးပေါ့…နော်…အဲဒီတော့ မင်းက ကစားချင်ရင် ခဏပေးပါ၊ ကစားချင်လို့ပါလို့တောင်းတတ်ရမယ်..။အကယ်၍ သူငယ်ချင်းကမပေးရင် ခဏစောင့်ပေါ့…။ ကစားနေတဲ့သူကလည်း တစ်ယောက်တည်းကစားရတာပျင်းစရာကြီးမဟုတ်လား..အတူတူကစားရအောင်လေဆိုရင် ပိုပျော်စရာမကောင်းဘူးလား..အတင်းဆောင့်ဆွဲတော့ သူငယ်ချင်းကနာသွားမှာပေါ့..မင်းကိုဆောင့်ဆွဲရင်လည်း နာတယ်မဟုတ်လား..ကိုယ်ကနာတတ်ရင် သူများကိုမလုပ်ရဘူးနော်..ဟုတ်ပြီလား…ကဲ..လက်ဆွဲနှုတ်ဆက်ပြ….ကျေအေးရင် အချင်းချင်းတောင်းပန်ပြ..”...လို့ ဆရာမတွေက မတ်တတ်ရပ်နေတဲ့ကလေးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် မြေကြီးမှာ၊ကြမ်းပြင်မှာဒူးထောက်ရင်း စကားပြောတတ်ကြတာကိုး..။
တစ်ယောက်တည်းကိုပဲဖိမပြောဘူး..။ နှစ်ဘက်မျှပြောတာ..။
ကလေးတွေဆိုတာ ရန်ဖြစ်လည်းခဏပါပဲဆိုတာ အဲဒီလိုသူတို့ကျေအေးအောင်၊ နားလည်အောင်ပြောပြတတ်တဲ့လူကြီးမိဘဆရာသမားကရှိနေလို့ပါ..။
အဲဒီလို ရင်ကြားစေ့မပေးဘဲ ငါ့သားကိုလုပ်ရသလား..နင့်သမီးကိုပြန်လုပ်မယ်ဆိုတဲ့မိခင်တွေ ဆင်ခြင်ရမှာက အဲဒီလိုအညှိုးအတေးတွေဟာ ကလေးတွေရဲ့နုနယ်တဲ့စိတ်ကိုအရောင်ဆိုးပေးနေသလိုပဲဆိုတာ သတိချပ်သင့်တယ်..။ မိခင်တွေက မပြီးနိုင်မစီးနိုင်အာဃာတတွေနဲ့ မျက်စောင်းတခဲခဲ…ကလေးတွေက အတူတူဆော့ကောင်းဆဲပါလေ..။

ဂျပန်ကလေးတွေကိုအင်္ဂလိပ်စာသင်တဲ့ဆရာမလုပ်တော့ ပညာရေးဆယ်မီနာတွေအများကြီးတက်ရတယ်..။ အဲဒီအခါမှာ ဆယ်မီနာမှာလေ့လာရတဲ့ ကလေးတွေပြဿနာဖြေရှင်းနည်းဟာ သားငယ်ငယ်က မူကြိုကဆရာမတွေလုပ်ပုံကိုင်ပုံနဲ့တစ်ပုံစံတည်းပဲလို့သိလိုက်ရတော့ ကိုယ် အဲဒီနည်းကိုပဲတောက်လျှောက်ကျင့်သုံးတော့တယ်..။

သားက ပန်းခြံထဲမှာကစားချိန်..အသက်ကွာတဲ့ကလေးကြီးတွေက အနိုင်ကျင့်သလိုနဲ့လုကစားနေတာမြင်ရရင် အဲဒီကလေးအမေတွေကိုလှမ်းပြောရင်း တန်းစီပြီးဆုံးမတတ်လာတယ်..။ ဆူပြောနေတာမဟုတ်ဘဲ မြေကြီးမှာဒူးထောက်ရင်း ကလေးနားလည်မယ့်စကားနဲ့ပြောနေတာမို့ ကလေးကြီးမိခင်တွေကလက်ခံကြ၊ ပြန်တောင်းပန်သွားကြ၊ သူတို့ကလေးတွေကိုဆူကြသတိပေးကြတယ်ပေါ့လေ..။

လေသံကရင်ကြားစေ့ပေးနေတာမို့ လူလက်ခံတယ်..။
အော်ဟစ်ပြောဆိုနေတာမဟုတ်တဲ့အတွက် ကိုယ့်စကားကပေါက်တယ်..။
ကိုယ့်ရည်ရွယ်ချက်ကို ကလေးတွေကနားလည်ပေးသလို မိဘတွေဆီလည်း သက်ရောက်တယ်..။
ကိုယ်လိုချင်တာကို ဒီလိုနည်းနဲ့ ရအောင်ယူခဲ့တယ်..။
လက်နဲ့ထိရင် ခြေထောက်နဲ့ပြန်ကန်ခဲ့ဆိုတာ မှန်ကန်သောဖြေရှင်းနည်းမဟုတ်လေဘူး..။ပြဿနာတွေထောင်သောင်းမကကြီးထွားလာနိုင်တယ်ဆိုတာ သတိချပ်ကြပါ..။

ငါ့ကလေးမထိနဲ့..မီးပွင့်သွားမယ့်မေမေတွေရေ…
ဂျပန်နည်းလေးသုံးကြည့်လေ…
….
……
……..
မြန်မာပြည်မှာတော့မရပါဘူးကွာ….လေသံတွေကြားရတော့မယ်...။
😁😁😁

*ယုမိကို*