အိမ်ကသားသားမီးမီးလေးတွေ နည်းနည်းလေးဆူလိုက်တာနဲ့ ငိုသွားတယ်ဆိုရင်တော့ အထိမခံရွှေပန်းကန်လေးဖြစ်နေတာ သေချာပါတယ်။ ဒါကလည်း သားသားမီးမီးလေးတွေရဲ့ စိတ်ခံစားချက်နုနေလို့ပါ။ ကြင်နာသနားတတ်ပြီး သိမ်မွေ့တဲ့ သားသားမီးမီးလေးတွေမှာ အဖြစ်များပါတယ်။
သားသားမီးမီးလေးတွေ အထိမခံရွှေပန်းကန် ဖြစ်နေရတဲ့ အကြောင်းအရင်းများ
၁။ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်
သားသားမီးမီးလေးတွေရဲ့ စိတ်ထားလေးက ရိုးသားဖြူစင်လွန်းပါတယ်။ မျက်ရည်လေးတွေက သူတို့လေးတွေရဲ့ စိတ်ခံစားချက်တွေပါ။ အထိအခိုက်မခံနိုင်တဲ့ ဗီဇရှိတဲ့ သားသားမီးမီးလေးတွေက ကိစ္စအသေးအဖွဲလေးတွေကို ပြောလိုက်တဲ့အခါတိုင်း ငိုတတ်ပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အားနည်းတဲ့ သားသားမီးမီးလေးတွေမှာလည်း မျက်ရည်ကျလွယ်တာကို တွေ့ရပါတယ်။ မိဘတွေကို ဖွင့်ပြောဖို့ အခွင့်အရေးမရတဲ့ သားသားမီးမီးလေးတွေမှာလည်း စိတ်ခံစားချက်ထွက်ပေါက်အဖြစ် အငိုလွယ်ကြပါတယ်။
၂။ ယုံကြည်မှု
ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့ သားသားမီးမီးလေးတွေမှာ မျက်ရည်ကျလွယ်ပါတယ်။ ယုံကြည်မှုနည်းနေတာကြောင့် ဆူငေါက်တာတွေနဲ့ ပြောဆိုတာတွေကို မခံနိုင်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့ သားသားမီးမီးလေးတွေမှာလည်း အထိမခံနိုင်ဖြစ်ပြီး မျက်ရည်ကျလွယ်ပါတယ်။ မျက်ရည်ကျလွယ်တဲ့ သားသားမီးမီးလေးတွေကို အငိုရပ်ဖို့ မတိုက်တွန်းပါနဲ့။ ဒီလိုတိုက်တွန်းတာတွေက သူတို့လေးတွေကို ပိုပြီးခံစားရစေပါတယ်။ သားသားမီးမီးလေးတွေ ယုံကြည့်မှုရှိလာဖို့အတွက် မေမေဖေဖေတို့ရဲ့ အကူအညီတွေ လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေကို ယုံကြည်မှုတိုးလာစေဖို့ မေမေဖေဖေတို့ လမ်းညွှန်ပေးပါ။
၃။ ထိန်းချုပ်လွန်းခြင်း
ကိုယ့်ကိုယ်ကို ထိန်းချုပ်လွန်းတဲ့ သားသားမီးမီးလေးတွေမှာလည်း စိတ်ခံစားချက်နုလာတာကို တွေ့ကြုံရပါတယ်။ ဘာကြောင့် သားသားမီးမီးလေးတွေက ကိုယ့်ကိုယ်ကို အရမ်းထိန်းချုပ်ရတာလဲ။ မေမေဖေဖေတို့ရဲ့ လွဲမှားတဲ့ သွန်သင်ဆုံးမှုတွေကြောင့်ပါ။ အမှားမလုပ်နိုင်အောင် သို့မဟုတ် အမှားတွေကို လက်မခံတဲ့ ဆုံးမမှုတွေကြောင့် သားသားမီးမီးလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို အရမ်းထိန်းချုပ်လာတာပါ။
၎။ တခြားပြဿနာများ
မကြာခဏ ရန်ဖြစ်နေတဲ့ မိဘတွေနဲ့ အတူတူနေတဲ့ သားသားမီးမီးလေးတွေ၊ ကျောင်းခဏခဏပြောင်းရွေ့ရတဲ့ ကလေးငယ်တွေ၊ မကြာခဏ ရိုက်ခံနေရတဲ့ သားသားမီးမီးလေးတွေမှာလည်း စိတ်ခံစားချက်တွေ မထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။
မေမေဖေဖေတို့အနေနဲ့ သားသားမီးမီလေးတွေကို မှန်ကန်စွာဆုံးမပေးဖို့လိုသလို သူတို့လေးတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း လစ်လျှူရှု့မထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။