👭👬”ကလေးတို့ ဝေမျှဆော့တတ်အောင် သင်ယူကြမယ်”👭👬

👭👬“ကလေးတို့ ဝေမျှဆော့တတ်အောင် သင်ယူကြမယ်”👭👬

မျှဝေခြင်း ဝေမျှဆော့ခြင်းဟာ မတ်တပ်ပြေး ကလေးတို့အတွက် သင်ယူလေ့လာသင့်သော ဘဝပညာရပ်တစ်ခုပါ။ ဝေမျှဆော့ခြင်းဟာ ငယ်ရွယ်သော ကလေးများအတွက် မလွယ်ကူပါ။ မွေးစမှ ၂နှစ်-၃နှစ် အရွယ်ထိ ကလေးများဟာ သူတစ်ပါးရဲ့ ခံစားချက်တွေကို နားလည်ပေးဖို့ အခက်အခဲရှိသလို သူကိုယ်တိုင်လည်း လိုချင်တာကိုပဲ အတင်းတောင်းဆိုတတ်ပါတယ်။ ဒီအချက်လေးကိုလည်း သတိပြုရင်း ကလေးတို့ ဝေမျှဆော့တတ်အောင် မိဘများမှ ဖြေးဖြေးချင်း သင်ပေးရမှာပါ။ နည်းလမ်းလေးတွေ မရေးခင် ဝေမျှဆော့ခြင်းရဲ့ ကောင်းကျိုးလေးတွေ ပြောပြချင်ပါသေးတယ်။

“ဘာကြောင့် ဝေမျှဆော့သင့်သလဲ”👍

ဝေမျှဆော့ခြင်းဟာ မိမိထံမှ လျော့သွားတာ မဟုတ်ပါဘူး။ သူ့ဆီမှာ ရှိတဲ့အရာ ကိုယ်လည်း ဆော့ရတယ်။ ကိုယ့်ဆီမှာ ရှိတဲ့အရာ သူလည်း ဆော့ရလို့ ဆော့ရတဲ့ပစ္စည်း တိုးပွားသွားပါတယ်။ ဒီအသိလေးကို ကလေးနားလည်အောင် ဖြေးဖြေးချင်း ပြောပြ လုပ်ပြသွားရပါမယ်။

ဝေမျှဆော့ခြင်းကြောင့် ကလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်လာပါတယ်။ အလှည့်ကျ ဆော့တတ်တဲ့ အလေ့အကျင့်ကောင်းလေး ရပါတယ်။ နှစ်ဦးနှစ်ဖက် ပိုပျော်ရွှင်ပြီး သူငယ်ချင်းတွေ ပိုမိုခင်မင်ကြတယ်။ သူငယ်ချင်းအသစ်တွေလည်း တိုးလာပါတယ်။

ဝေမျှဆော့တတ်တဲ့ ကလေးတွေဟာ ကလေးဘဝမှ လူကြီးဖြစ်သည့်အထိ အုပ်စုအသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းကြတယ်။ စာနာနားလည်မှု များကြတယ်။

ဝေမျှဆော့တတ်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို သိရပြီးရင် ဘယ်လိုလေးတွေ လေ့ကျင့်ပေးသင့်လဲ။ 👏

၁) စံပြ မိဘနှင့်မိသားစု

ကလေးငယ်များဟာ ဘေဘီလေးဘဝတည်းက မိမိပတ်ဝန်းကျင်ကို အမြဲလေ့လာစူးစမ်းနေကြတာပါ။ ကလေးတို့အတွက် အရေးကြီးဆုံးသူများက လက်ဦးဆရာ မိနဲ့ဖအပြင် အတူတူနေသော မိသားစုဝင်များပါ။ မိသားစုဝင်များက ကလေး ဆော့စရာလေးတွေ ကောင်းကောင်းကိုင် ထိုင်ဆော့နိုင်သော အရွယ်မှစပြီး တစ်ယောက်တစ်လှည့် ဆော့စရာလေးတွေ ဆော့ကြောင်း ပြသနိုင်ပါတယ်။ ကလေးနဲ့ ဆော့ချိန်မှာလည်း သူတစ်လှည့် ကိုယ်တစ်လှည့်လေးတွေ ပြောရင်း အတူတူဆော့ပေးနိုင်ပါတယ်။

မိသားစုဝင်တွေ donation အလှူအတန်း ပြုလုပ်သော အခါမှာလည်း ကလေးကို အနားမှာ ခေါ်ထားပြီး ပြနိုင်ပါတယ်။ ကျွန်မနေသော နေရာမှာ တစ်လတစ်ကြိမ် donation bag လေးတွေ လက်ခံရရှိပါတယ်။ မိမိအိမ်မှာ မသုံးဖြစ်သော ပစ္စည်းအပိုလေးတွေကို အိတ်ထဲ သေချာထည့်ပြီး သတ်မှတ်ထားသော ရက်မှာ အိမ်အပြင်ကို ထုတ်ပေးထားရပါတယ်။ မနက်စောစောမှာ charity လုပ်သော အသင်းအဖွဲ့များမှ လာယူပါတယ်။ ဒီလို အဖြစ်အပျက်လေးတွေကြောင့်လည်း ဝေမျှဆော့ခြင်းအပြင် ပေးကမ်းလှူဒါန်းခြင်း အသိလေးကို ကလေးမှ သင်ယူခွင့်ရပါတယ်။

၂) ဝေမျှဆော့သော စာအုပ်လေးများ ဖတ်ပြပေးပါ။

ကလေးတို့ ဝေမျှဆော့တတ်အောင် ရေးဆွဲထားသော စာအုပ်များ ပုံမှန် ဖတ်ပြပေးပါ။ ကျွန်မရဲ့ သမီးလေးကို ဘယ်အကြောင်းအရာပဲ သင်သင် စာအုပ်လေးတွေ ဖတ်ပြပြီးပဲ အတုယူစေပါတယ်။ စာပုံမှန်ဖတ်ပြရုံနဲ့ သူတို့လေးတွေရဲ့ အသိထဲ လုပ်သင့်တာလေးတွေ ရောက်စေပါတယ်။

၃) ကလေးတို့နဲ့ ဝေမျှဆော့ရမည့် playdate

မတ်တပ်ပြေးအရွယ် တစ်နှစ်ကျော်လောက်မှာ မိမိရဲ့ ကလေးနဲ့ အခြားအိမ်နီးနားခြင်း ကလေးတွေ အတူပေးဆော့တာမျိုး ၊ playdate လုပ်ပေးသော ကျောင်းများမှာ ကလေးများ တက်ရောက်ကြတာမျိုးတွေ ပြုလုပ်လာကြပါပြီ။ ဒီအရွယ် ကလေးများဟာ အတူတူဆော့တာထက် တစ်ယောက်တစ်နေရာစီ ဆော့ချင်တာ ဆော့နေတတ်ကြပါတယ်။ သူတို့လေးတွေ စိတ်ဝင်စားသော ဆော့စရာတစ်ခုခု လိုချင်မှသာ အခြားကလေးကို ကြည့်လေ့ရှိကြပါတယ်။ တစ်ယောက် ဆော့ချင်သော အရုပ်ကို နောက်တစ်ယောက်ထံမှ မလုခင် ဆော့နေသော ကလေးထံ လူကြီးမှ အတူတူထိုင်ပြီး တောင်းယူပေးနိုင်ပါတယ်။ စကားကောင်းကောင်း ပြောနိုင်သော ၂နှစ်ကျော် အရွယ်လေးများကို ယဉ်ကျေးစွာ အလှည့်ကျ တောင်းယူပုံလေးတွေ သင်ပေးနိုင်ပါတယ်။ နှစ်ယောက်လုံး လုနေရင်တော့ အရုပ်လေးတွေကို လူကြီးမှ ခဏသိမ်းယူပြီး timer လေးဖြင့် အချိန်သတ်မှတ် တစ်ယောက်တစ်လှည့်စီ ပေးဆော့နိုင်ပါတယ်။ ကလေးတွေဟာ ပုံမှန်မြင်နေကျ သူငယ်ချင်းတွေကို ဝေမျှဆော့ချင်စိတ် ရှိလာတတ်ကြပါတယ်။ ဒါကြောင့် playdate စတင်လုပ်သော ရက်များမှာ အဆင်မပြေလည်း ဆက်လက်ပြီး ဆော့ပေးပါ။ ရင်းနှီးလာချိန်မှာ ပိုတိုးတက်လာကြပါတယ်။

၎) အားပေးစကားပြောပါ။

မိဘများဖက်မှ စာအုပ်တွေဖတ်ပြ ၊ ကိုယ်တိုင် စံပြဖြစ်အောင် နေပြီး သင်နေရင်း ကလေးဖက်မှ sharing လုပ်ဖို့ အဆင်သင့်မဖြစ်သေးလျင်လည်း မဆူပူပါနှင့်။ အချို့ကလေးများဟာ အသက်၅နှစ်၆နှစ်လောက်ထိ sharing လုပ်ရန် အခက်အခဲ ရှိနေတတ်ကြပါတယ်။ သူတို့လေးတွေ အိမ်မှာ ကစားကွင်းမှာ ကျောင်းမှာ အသေးအဖွဲလေးတွေ မျှဝေပေးချိန် ၊ အခြားကလေး ဆော့ဖို့ နေရာဖယ်ပေးချိန်လေးတွေမှာ ကလေးအား ချီးကျူးစကားပြောပေးပါ။ ချီးကျူးစကားပြောချိန်မှာ အကြောင်းအရာလေးကိုပါ ထည့်ပြောပေးပါ။

၅) အလည်သွားချင်း အလည်လာခြင်းများ ကြိုတင်အသိပေးပါ။

မိမိအိမ်သို့ ဧည့်သည်ကလေးများ လာဆော့ချိန်မှာ ကလေးအား ကြိုတင်အသိပေးပါ။ ကလေးမှာ ရှိသော ဆော့စရာများထဲ မည်သူနှင့်မှ မျှဝေခြင်းမလုပ်ချင်သော special item ပစ္စည်းများရှိလျင်မမြင်ရသော နေရာမှာ သိမ်းထားပေးပါ။ ကလေးတိုင်းမှာ သူတို့အမြတ်နိုးရဆုံး အလေးထားရဆုံး ဆော့စရာများ ရှိတတ်ပါတယ်။ သူတို့လေးတွေရဲ့ ခံစားချက်ကိုလည်း လေးစားမှု ပေးရပါမယ်။ အခြားအိမ်သို့ အလည်သွားမည်ဆိုလျင်လည်း မိမိအိမ်မှ မျှဝေလိုသော ဆော့စရာတစ်ခုခု ယူသွားပေးပါ။ အိမ်ရှင်ကလေးမှ သူ့ဆော့စရာချည်း ပေးဆော့နေရတာထက် ကလေးနှစ်ယောက် အပြန်အလှန် ဝေမျှဆော့ရတာ ပိုအဆင်ပြေပါတယ်။

၆) ပူးပေါင်းဆော့လို့ရသော ကစားနည်းများ ဆော့ပေးပါ။

တစ်စုံတစ်ယောက် အနိုင်ရသော ဂိမ်းများထက် အတူတူဆော့လို့ရသော ကစားနည်းများ ဆော့ပေးပါ။
ဥပမာ – puzzle pieces လေးတွေ တစ်ယောက်တစ်ချပ်စီ အတူထည့်။ block တုံးလေးတွေ အတူတူဆောက်။ ဈေးရောင်း ဈေးဝယ် ဟင်းချက်။ စာအုပ်လေးများ အတူတူဖတ်။ သီချင်းများ တူရိယာများဖြင့် အတူတူသီဆိုက။

အတူတူပူးပေါင်း ဆော့ရသော ကစားနည်းများ ဆော့ခြင်းဖြင့် ကလေးတို့အချင်းချင်းလည်း ရင်းနှီးမှုတွေ တိုးပွားစေပြီး အပြန်အလှန် ဝေမျှတတ်လာပါတယ်။

၇) လူကြီးများ ဖျန်ဖြေရမည့်အချိန်

ကလေးတွေ အတူတူဆော့တဲ့အခါ အချို့ကလေးများက ဝေမျှဆော့တတ် ၊ အလှည့်ရောက်အောင် စောင့်တတ်ကြပေမယ့် အချို့ကလေးများက မလုပ်နိုင်ကြတာတွေ ရှိတတ်တယ်။ မလုပ်နိုင်သေးသော ကလေးများက အခြားကလေးလက်ထဲမှ ဆော့စရာတွေ လုတတ်ကြတယ်။ အလုခံရသော ကလေးက ပြန်လုတတ်သလို မလုဘဲ ငိုနေတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီအခ်ျိန်မှာ လူကြီးမှ ချက်ချင်းဝင်မပြောသေးဘဲ ကလေးအချင်းချင်း တုံ့ပြန်မှုကို အရင်လေ့လာကြည့်ပါ။ ဖျန်ဖြေဖို့ လိုအပ်လာပါက ကလေးတစ်ယောက်ချင်းစီနှင့် တန်းတူဖြစ်အောင် ထိုင်ပါ။ လုသောကလေးအား အလုခံရသော ကလေးဆီမှ ခဏဆော့ယူခွင့် တောင်းခိုင်းပြီး ဖျန်ဖြေပေးပါ။ လူကြီးမှ ဝင်ပြောပေးတာထက် ကလေးတွေကို သင်ပေးပြီး ပြောခိုင်းတာက သူတို့မှတ်မိလွယ်စေပါတယ်။

****************

Sharing ဟာ မျှဝေသူအချင်းချင်း ပျော်ရွှင်စေပါတယ်။ နိုင်ငံတိုင်းမှာ ကလေးတွေကို မျှဝေတတ်ဖို့ သင်ကြားကြပါတယ်။ ဒါဆို fighting ကိစ္စလေး ထပ်ဆွေးနွေးကြည့်ကြပါစို့။ ကျွန်မကတော့ ပုံမှန်အခြေအနေမှာ fighting ကို အားမပေးပါဘူး။ သူတစ်ပါးကို မတရား သွားချဖိုက်ရမယ့် ကိစ္စမျိုဆိုး ပိုတောင် အားမပေးပါ။ လိုအပ်လို့ ချရရင်လည်း self-defence မိမိကိုယ်မိမိ ကာကွယ်ခြင်းအနေဖြင့်သာ လုပ်သင့်ပါတယ်။

မိမိကလေးကို အစစအရာရာ ကောင်းမွန်စေချင်သော မိဘများဟာ ကောင်းတာလေးတွေ သင်ကြားပေးထားပြီး အနိုင်ကျင့်တတ်သော ကလေးများနဲ့ ကြုံတွေ့မှာလည်း ပူပန်ရပါတယ်။ ကလေးတွေ ငယ်ရွယ်စဉ် ၂နှစ်ခွဲမတိုင်ခင်မှာ ကောင်းမွန်သော အမူအကျင့်များကို အရင်ဆုံး သင်ထားပေးသင့်ပါတယ်။ ဒီကာလမှာ မိမိရဲ့ကလေးက ငယ်သေးတာကြောင့် ကစားရာနေရာမှာ ကြည့်ရူစောင့်ရှောက်ရင်း အနိုင်ကျင့်တတ်သော ကလေးတွေနဲ့ ဝေးဝေးရှောင်တာ ပိုကောင်းပါတယ်။ ကျောင်းပို့ရန် လိုအပ်သာ မိဘများအတွက်က မိမိကလေးရဲ့ self defence အတွက် သူတစ်ပါးအနိုင်ကျင့်ရင်တော့ မခံဖို့ ပြောပြထားနိုင်ပါတယ်။ အနိုင်ကျင့်တတ်တဲ့ ကလေးများဟာ အရင်ဆုံး သွေးတိုးစမ်းတတ်ကြတယ်။ သူတို့သွေးတိုးစမ်းတတ်သော အခြေအနေမှာ ကြောက်ရွံ့ဟန် မပြဘဲ မျက်လုံးကိုစေ့စေ့ကြည့်ပြီး မကြိုက်ကြောင်း ပြန်ပြောနိုင်ရပါမယ်။ နာမည်ပြောင်တွေ ခေါ်တာ ၊ သူတစ်ပါး လုံးဝမကြိုက်တာကို လာလုပ်တာ ၊ ကိုယ်ထိလက်ရောက် ထိပါးတာ အစရှိတာတွေဟာ အနိုင်ကျင့်တာတွေပါ။ ကိုယ်ဟာ အနိုင်ကျင့်ခံဖို့ လူသားမဟုတ်ကြောင်း ပြနိုင်တဲ့အခါ အနိုင်ကျင့်ချင်တဲ့ ကလေးတွေ တွန့်သွားတတ်ကြပါတယ်။

အနိုင်ကျင့်တဲ့ ကလေးများရဲ့ လုပ်လေ့ရှိသော တွန်းချတာ ၊ ရိုက်နှက်တာ ၊ အတင်းဆွဲတာအစရှိတာတွေကို အိမ်မှာ ကြိုတင်လုပ်ပြထားပြီး ဆရာ ဆရာမကို အမူအယာဖြင့်ဖြစ်စေ စကားဖြင့်ဖြစ်စေ တိုင်ကြားဖို့ သင်ထားပေးသင့်ပါတယ်။ ဒါကိုတော့ fightingထက် မိမိကိုယ်မိမိ ကာကွယ်ခြင်းလို့သာ ဆိုလိုချင်ပါတယ်။

ဘဝခရီးလမ်းမှာလည်း အောင်မြင်မှုရဖို့ မိမိလိုချင်သော နေရာရဖို့ ကြိုးစားချင်ဟာလည်း သူတစ်ပါးကို တွန်းချ ပြိုင်ဆိုင် ဖိုက်သွားတာထက် မိမိမှာရှိသော အရည်အချင်းကို အစွမ်းကုန်ထုတ်သုံး၍ ကြိုးစားခြင်းလို့သာ ဆိုလိုချင်ပါတယ်။

Sharing is caring! 👏👏💙💙

ကောင်းမွန်သော အမူအကျင့်များဖြင့် ပွင့်သောပန်းတိုင်း မွှေးကြပါစေ။

မေတ္တာဖြင့်
လင်းလက်ကြယ်စင်

www.facebook.com/linletkyalsin

Photo – http://childys.pk/sharing-is-caring/

အချက်အလက် ကိုးကား
Parents magazine
Young Parents magazine
Askdrsears