နယ်သာလန်က သူရဲကောင်းလေး Hans
|သားတို့ သမီးတို့ရေ
.
ဟိုးရှေးရှေးတုန်းက Netherlands နယ်သာလန်နိုင်ငံမှာ Hans ဆိုတဲ့ ကောင်လေး တယောက်ရှိသတဲ့။ စကားစပ်မိလို့ ပြောရရင် Holland ဟော်လန်နဲ့ နယ်သာလန်တူတူထင်ကြပေမယ့် နယ်သာလန်ဆိုတာ နိုင်ငံကြီး တခုလုံးကိုခေါ်တာဖြစ်ပြီး ဟော်လန်ကတော့ နိုင်ငံရဲ့ အရေးပါတဲ့ ဒေသကြီး၂ခုရဲ့နာမည်တဲ့။ လူမျိုးကိုတော့ Dutch ခေါ်သတဲ့။
.
နိုင်ငံက ပင်လယ်ရေပြင် အထက် ၁မီတာ(၃ပေကျော်ကျော်) လောက်ပဲ မြင့်တဲ့နေရာတွေ များသတဲ့။ ဒီရေတက်လာရင် ရေမဝင်အောင် တမံတွေ ဆောက်ထားကြတာပေါ့။ Netherlands ဆိုတဲ့ အဓိပ္ပယ်ကိုက lower land မြေနိမ့်ဒေသလို့ ခေါ်တာကိုး။
.
Hans အကြောင်းဆက်ကြပါစို့။ တနေ့တော့ Hans လေးက မြို့အပြင်ဘက်မှာနေတဲ့ သူငယ်ချင်းဆီ သွားလည်ကစားနေရင်း ညနေစောင်း ရောက်လာတော့ ပြန်လာတာပေါ့။ လမ်းမှာ သူဘာသတိထားမိလဲ ဆိုတော့ တမံရဲ့နေရာ တခုက အပေါက်သေးသေးလေးမှာ ရေတွေထွက်နေတာ တွေ့တာပေါ့။ အဲဒီက ကလေးတွေက ဒီရေတမံကြီးပေါက်ပြီး ကျိုးကျလာရင် သူတို့မြို့ကြီး ရေမြုပ်မယ်ဆိုတာ လူကြီးတွေ ပြောပြထားလို့ သတိရှိနေတာပေါ့။
.
အဲဒီအပေါက်လေးက Hans လေးရဲ့ လက်ညိုးလေးနဲ့ ကွက်တိ ဖြစ်နေသတဲ့။ တခြားပိတ်ဆို့စရာလည်း မတွေ့တာနဲ့ Hans က လက်ညိုးလေးနဲ့ ပိတ်ထားတာပေါ့။ သူပိတ်မထားရင် ရေတွေထွက်တာ တဖြည်းဖြည်းများလာပြီး တမံကြီး ကျိုးသွားမှာ စိုးရိမ်တာကိုး။ ဖြစ်ချင်တော့ အဲဒီအနားမှာ ဖြတ်သွားတဲ့လူလည်း မရှိဘူးတဲ့။
.
သူ့ခမျာ အဲလိုနေနေရတာ တညလုံးနီးပါးလိုပဲတဲ့။ ရာသီဥတုကလည်းအေးလာ လူကလည်းညောင်းလာပေမယ့် မလွှတ်ဘူးတဲ့ကွယ်။ မနက်စောပိုင်းရောက်မှ ဖြတ်သွားတဲ့လူတွေရှိလာ မြို့ကလူတွေ သွားခေါ်ပြီး တမံကို ပြင်ကြတာပေါ့။ ကိုယ်ကျိုးစွန့်ပြီး မြို့ရေမြုပ်မှာကို ကယ်တင်ခဲ့တဲ့ သူရဲကောင်း Hans လေးကို ကျေးဇူးတင်မဆုံးကြဘူးပေါ့။
.
သားတို့ သမီးတွေလည်း ကိုယ့်အသက်အရွယ်ငယ်ပေမယ့် အများကောင်းကျိုး နိုင်ငံအကျိုးကို တတ်နိုင်သလောက် ရွက်ဆောင်နိုင်ကြပါစေကွယ်။