ဗမာပြေမှာ အကြောင်းကြောင်းကြောင့် အိမ်ထောင်ကွဲတယ်ဆိုရင် ကလေးတွေကို ရလိုက်တဲ့အမေက (အဖေဆိုရင်လဲ အဖေပေါ့) သူတို့ကလေးတွေကို “နင်တို့အဖေက သိပ်ဆိုးတာ၊ မကောင်းဘူး၊ မပတ်သတ်နဲ့၊ အမေ့ကို ဘယ်လိုနာကျင်စေခဲ့တာ” စသဖြင့် ပြောပြီး ကလေးတွေ သူတို့အဖေနဲ့ ရင်းနှီးမှာကို တားလေ့ရှိတယ်။ မသိစိတ်ကလဲ သူ့ကို နာကျင်စေခဲ့တဲ့ယောက်ျားကို ကလေးတွေကပါ ရောပြီး မုန်းစေချင်တယ်။ ဒါကလဲ Psychology အရ နားလည်ပါတယ်။ လူ့သဘောကိုက ကိုယ်ကြည့်မရတဲ့သူ၊ မုန်းတဲ့သူများရှိခဲ့ရင် သူ့ကို လူမုန်းများလေ ကြိုက်လေ၊ လူတွေက သူမကောင်းဘူးလို့ မြင်လေ ကြိုက်လေ ဖြစ်တတ်တဲ့သဘောရှိတာကိုး။
ဒါပေမယ့် ကိုယ့်အိမ်ထောင်ဖက်အဟောင်းက ကိုယ့်အပေါ်သစ္စာမရှိခဲ့လို့သော်လည်းကောင်း၊ မကောင်းခဲ့လို့သော်လည်းကောင်း ကွဲရသည့်တိုင်အောင် သူက ကလေးတွေကို ချစ်နေသေးရင်၊ သူက ကလေးတွေအပေါ် ကောင်းနေသေးရင် သူ့ကို ကလေးတွေနဲ့ ထိတွေ့ခွင့် ချစ်ခွင့်ပေးသင့်တယ်။ ကိုယ်က ကိုယ့်အိမ်ထောင်ဖက်အဖြစ်အလိုမရှိတော့ပေမယ့် ကလေးက သူ့အမေ/သူ့အဖေကို လိုအပ်သေးတယ်။ ပြီးတော့ ကလေးတွေအတွက် သူတို့မိဘအရင်းကို မုန်းရတာလောက် နာကျင်ရတာ မရှိဘူး (I know about it very well) ။ သူက ကလေးတွေအတွက်မကောင်းဘူး၊ ကလေးတွေကို physically/emotionally နာကျင်စေမယ်ဆိုရင်တော့ တမျိုးပေါ့။ အဲဒါမျိုးကျတော့ ကလေးတွေကို ကာကွယ်ပေးရမှာပေါ့။ ကလေးကိုနာကျင်စေတဲ့သူနဲ့ မတွေ့ဖြစ်အောင်ထိန်းသိမ်းရမှာပေါ့။ အတူနေခဲ့စဉ်က ဖြစ်ခဲ့တဲ့ပြဿနာ အတိမ်အနက်ပေါ်မူတည်တယ်ဆိုပေမယ့် ကွဲတဲ့အိမ်ထောင်မှာ ကလေးတွေရှိနေပြီဆိုရင် ဆုံးဖြတ်ချက်တိုင်းမှာ ကလေးအတွက် အများကြီးစဉ်းစားပေးရတော့မယ်။
အဲဒါတစ်ခု နိုင်ငံခြားက ကျွန်မတို့အသိတွေဆိုရင် သူတို့လင်မယားကွဲလိုက်ပေမယ့် သူငယ်ချင်းအဖြစ် ဆက်ရှိပေးတယ်။ သူငယ်ချင်းအဖြစ်ဆက်ရှိတယ်ဆိုတဲ့နေရာမှာ အချင်းချင်းချစ်သူလို၊ လင်မယားလိုချစ်တဲ့စိတ်တွေဘာတွေမရှိကြတော့ပါဘူး။ မချစ်နိုင်ကြလို့ပဲ ကွဲကြတာပဲလေ။ ဒါပေမယ့် မိတ်ဆွေသူငယ်ချင်းလို စကားပြောမပျက်ဆက်နေပေးတဲ့အခါ ကလေးတွေ ဝင်ထွက်သွားလာတာလဲ အဆင်ပြေတယ်။ ကလေးတွေအတွက် အဖေ (သို့) အမေလဲ ဆုံးရှုံးစရာမလိုတော့ဘူး။ ရေရှည်အဆင်ပြေဖို့အတွက် ကလေးတွေနဲ့တွေ့တဲ့အခါ မင်းအမေက မကောင်းဘူး၊ သူအခုယူထားတဲ့ယောက်ျားက မကောင်းဘူး။ မင်းအဖေက မကောင်းဘူး၊ သူအခုယူထားတဲ့မိန်းမက မကောင်းဘူးစသဖြင့်တွေ မပြောမိဖို့တော့ လိုတာပေါ့။
မတင်ဇာမော်တို့မိသားစုကိုလဲ ကြည့်လေ။ ဘယ်လောက်အဆင်ပြေလဲ။ သူတို့က အရင်အိမ်ထောင်နဲ့ ကွဲလိုက်ပေမယ့် အိမ်ထောင်ဖက်အဟောင်းနဲ့ အဲဒီလူရဲ့အမျိုးသမီးနဲ့ အဆင်ပြေအောင်နေလို့ ကလေးက မိဘတစ်ယောက်ကို မဆုံးရှုံးရတဲ့အပြင် မိသားစုတစ်ခုထပ်ရသလိုပါပဲ။ သူ့သားမှာ အမေ ၂ ယောက် အဖေ ၂ ယောက်ရှိသလိုပဲ။ ကလေးကိုလဲ နှစ်မိသားစုလုံးကချစ်ကြတော့ ကလေးကလဲနားလည်လက်ခံတယ်လေ။ ပျော်ရွှင်ရတယ်။ အဲဒီမှာ သူတို့ရဲ့ လက်ရှိအိမ်ထောင်ဖက်တွေရဲ့ နှလုံးသားလှလှနဲ့ နားလည်မှုရှိခြင်းကလဲ အများကြီး အရေးပါတာပေါ့။ တကယ်တော့ အိမ်ထောင်ကွဲတိုင်း မိသားစုဝင်အချင်းချင်း မုန်းကိုမုန်းတီးရမယ်ဆိုတာ မဟုတ်ပါဘူး။
ဒီမှာတော့ … အမြင်တွေ ပြောင်းလဲဖို့ သိပ်မလွယ်သေးပါဘူး။ အိမ်ထောင်ဖက်ဟောင်း ၂ ယောက်ပြေပြေလည်လည် ပြောဆိုဆက်ဆံနေတာနဲ့ ပြန်ပေါင်းထုပ်တော့မလား .. သံယောဇဉ်ကျန်သေးတာလားလို့ ထင်ကြတာ။ မချစ်နိင်တော့လို့၊ အတူမနေချင်တော့လို့၊ ဘယ်လိုမှဇာတ်လမ်းမဆက်ချင်ကြလို့ ကွဲကွာပြီးကြမှတော့ “သူတို့ဟာ ကလေးအတွက်မိတ်ဆွေတွေအဖြစ်ရှိပေးနေကြတယ်” ဆိုတာကို လက်မခံချင်ကြဘူး။ တကယ်တော့ လမ်းခွဲလိုက်တဲ့မိဘနှစ်ပါးက ကလေးအတွက် မိတ်ဆွေဆက်ဖြစ်ပေးကြရင် အကောင်းဆုံးပါပဲ။ နိုင်ငံတကာမှာလဲ ဒီလိုပဲကျင့်သုံးနေကြပါပြီ။
=====
Jessica Mozart (အေးအေးမျိုးဆက်)