မာနကြီးတဲ့ ကြက်တူရွေး (မြန်မာပုံပြင်)

မာနကြီးတဲ့ ကြက်တူရွေး (မြန်မာပုံပြင်)
.
တခါတုန်းက ရွာကအိမ်တအိမ်မှာ မွေးထားတဲ့ ကြက်တူရွေးလေး ရှိသတဲ့။ စကားလည်း ပြောတတ်တာမို့ လူတိုင်းက ချစ်ကြတာပေါ့။ အဲဒါကို သူက စိတ်ကြီးဝင်နေသတဲ့။
.
လှောင်ချိုင့်ထဲကနေ တခြားအိမ်မွေး တိရစ္ဆာန်တွေကို ဝေဖန်နေသတဲ့။ ကိုနွားကြီး ခင်ဗျားဖြင့် တနေ့တနေ့ စားမြုံ့ပြန်နေတာပဲ။ ဘာမှာလည်း မလုပ်ဘူး။ ကိုကြက်ဖ ခင်ဗျားလဲ မနက်တခါတွန်ပြီးရင် အစာပဲ ကောက်ရှာစားနေတာပဲ။ ကိုခွေး ခင်ဗျားဖြင့် ခွေအိပ်ချည်းနေတာပဲ စသဖြင့်ပေါ့ကွယ်။ သူတို့တွေကတော့ သူ့ဘာမှပြန်ပြောမနေဘူးပေါ့။
.
တနေ့ကျတော့ သူ့သခင်မလေးက လှောင်ချိုင့်ဖွင့် အစာထည့်ကျွေးမလို့ လုပ်နေစဉ်မှာ အရေးကြီးတာ တခုပေါ်လို့ သွားလုပ်နေတာနဲ့ လှောင်ချိုင့်မပိတ်ခဲ့မိဘူးတဲ့။ ကြက်တူရွေးလည်း အပြင်ထွက်ပြီး ဟိုဟိုဒီဒီသွားကြည့်တာပေါ့။ အတောင်ပံတွေကို ညှပ်ထားတာမို့ ပျံလို့တော့ မရဘူးပေါ့။
.
လယ်ကွင်းတွေနား ရောက်သွားတော့ ကိုနွားကြီးက လယ်ထွန်တဲ့ဆီမှာ ပင်ပင်ပန်းပန်း လုပ်နေရှာတာတွေ့သတဲ့။ ကြက်မကြီးနဲ့ ကြက်ကလေးတွေ အစာရှာတဲ့နား ကြည့်နေတုန်း မြွေတကောင်က ကြက်တွေလာဆွဲသတဲ့။ ကြက်ဖကြီးက လာပြီး ရဲရဲဝင့်ဝင့်ခွပ်လိုက်တော့ မြွေထွက်ပြေးသွားတာပေါ့။
.
ကြက်တူရွေးက သူတို့လည်း သူတို့အလုပ်နဲ့ သူတို့ပါလား သဘောပေါက်စဉ်းစားနေတုန်း ဗြုန်းဆို ကြောင်တကောင်က သူ့လာခုန်အုပ်ပါလေရော။ ကိုခွေးကြီးက အဝေးကပြေးလာပြီး ကြောင်ကို ကိုက်မယ်လုပ်မှ ထွက်ပြေးသွားလို့ ကြက်တူရွေးလေး အသက်ချမ်းသာရာရတာပေါ့ကွယ်။
.
သူ့သခင်မလေးရောက်လာတာနဲ့ သူ့ကို အိမ်ခေါ်သွား၊ ပြုစုပေးသတဲ့။ အဲဒီအချိန်က စပြီး ကြက်တူရွေးလေးဟာ မာနကြီး မာန်တက်တဲ့ စကားတွေ မပြောတော့ဘူးတဲ့။
.
သားတို့သမီးတို့ တတွေလည်း ကျွမ်းကျင်ရာလိမ်မာ ဆိုတဲ့ ဆိုရိုးစကားလေး လက်ကိုင်ထားပြီး ကိုယ်တော်တာတခုအတွက်နဲ့ မာနမထားရဘူး။ တခြားသူတွေကို လေးစားပြီး သူတို့ကျွမ်းကျင်တာကို လေ့လာမှတ်သားရမယ်နော်… 🙂
.
Image Credits to http://www.pngall.com/parrots