အတ်တရီမြို့ရဲ့ခေါင်းလောင်းသံ (၂ / နိဂုံး) အီတလီပုံပြင်
|တရားသူကြီးတွေရော မြို့သူမြို့သားတွေရော မကြားစဖူး အကြားထူးတဲ့ ခေါင်းလောင်းသံကြောင့် ပြေးလာကြတာပေါ့။ ခေါင်းလောင်းတီးနေတာ ဘယ်သူလဲ ဆိုတော့ မြင်းအိုကြီး တကောင်တဲ့။ မြင်းအိုကြီးက အစာငတ်နေရှာတော့ နွယ်ကြိုးက အရွက်တွေ လှမ်းဆွဲစားရင်း ခေါင်းလောင်းထိုးနေသလို ဖြစ်နေတာပေါ့။
.
လူတွေထဲက တယောက်က ဒီလောက် အိုမင်း အရောင်အဆင်းမဲ့ ငတ်ပြတ်နေတဲ့ မြင်းအိုမျိုးတခါမှ မတွေ့ဖူးပါလား ပြောသတဲ့။ တရားသူကြီးက ဘယ်သူပိုင်တဲ့ မြင်းလဲ မေးတော့ မြို့စာပို့သမားက ကျွန်တော်သိပါတယ် ခင်ဗျ။ တောင်ကုန်းပေါ်မှာနေတဲ့ စစ်သားအိုကြီးရဲ့ မြင်းပါ။ သူငယ်စဉ်က စစ်ပွဲတွေ တော်တော်များများ နွှဲခဲ့ပြီး သူ့သခင်ရဲ့ အသက်ကိုတောင် ကယ်ခဲ့ဖူးတာပေါ့။ စစ်မတိုက်နိုင်တော့ သူ့သခင် လယ်စိုက်ခင်းမှာ အလုပ်ကူခဲ့တယ်။ ခုဘာမှ မလုပ်နိုင်မကိုင်နိုင်တဲ့ အရွယ်ရောက်တော့ သူ့သခင်က သူ့ကို မောင်းထုတ်ပြီး ပစ်ထားတာပေါ့။
.
တရားသူကြီးက စိတ်မကောင်းစွာနဲ့ နားထောင်ပြီး အဲဒီစစ်သားအိုကို ခေါ်ခဲ့ကွာလို့ အမိန့်ပေးသတဲ့။ စစ်သားအိုကြီးရောက်လာတော့ တရားသူကြီးရယ်၊ မြို့ရဲ့လူတဝက်လောက်ရယ် မြင်းအိုကြီးတကောင်ရယ်ကို တအံ့တသြ မြင်မိသတဲ့။
.
တရားသူကြီးက သူ့ကို “အသင့်ကို နှစ်ပေါင်းများစွား အလုပ်အကျွေးပြုခဲ့တဲ့ မြင်းအိုကြီးကို ခုလိုပစ်ထားတယ် ဆိုတာ ဟုတ်သလား” မေးသတဲ့။ အဲဒီအခါမှ စစ်သားအိုကြီးဟာ မြင်းအိုကြီးကို သေချာကြည့်၊ သူ့မြင်းဆိုတာ မှတ်မိသွားပြီး ရှက်ရှက်နဲ့ ခေါင်းစိုက်ထားသတဲ့။
.
တရားသူကြီးက အမိန့်ပေးသတဲ့။ ဒီမြင်းကို အိမ်ခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်စေ ဆိုတာပေါ့။ စစ်သားအိုကြီးလည်း ကောင်းပါပြီခင်ဗျာ၊ ကျွန်တော်နောင်တရပါပြီ ဆိုသတဲ့။
.
တရားသူကြီးလည်း ကျေနပ်တဲ့ အကြည့်နဲ့ ကြည့်နေတာပေါ့။ ဘုရင်ကြီးလည်း ဒီမြို့မှာ မြင်းတောင် ခေါင်းလောင်းကြိုးကို ဆွဲပြီးတီးတာနဲ့ တရားမျှတမှု ရစေတယ် ဆိုပြီး ကျေနပ်တာပေါ့။ မြို့သူမြို့သားတွေလည်း ပျော်ရွှင်စွာနဲ့ အားပေးကြသတဲ့။
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်…