အတ်တရီမြို့ရဲ့ခေါင်းလောင်းသံ (၁) အီတလီပုံပြင်
|တခါတုန်းက အီတလီမှာ မင်းကောင်းတပါး အုပ်စိုးခဲ့သတဲ့။ သူက တိုင်းသူပြည်သားအားလုံးကို တရားမျှတတဲ့ အခွင့်အရေး ရစေချင်သတဲ့။ Atri မြို့မှာ မျှော်စင်တခုဆောက်၊ ခေါင်းလောင်းတခုကို ချိတ်ဆွဲထားတယ်တဲ့။
့
ပြီးတော့ မြို့မှာရှိတဲ့ လူတွေကို စုဝေးပြီး ဒီခေါင်းလောင်းဟာ မြို့မှာရှိတဲ့လူတွေ အားလုံးအတွက်ဖြစ်တယ်။ ခေါင်းလောင်းကို တီးတဲ့ကြိုးဟာ လူကြီး ကလေး အားလုံးမှီတယ်။ တယောက်ယောက်က သင်တို့ကို မတရားလာလုပ်တာ ခံရရင် ခေါင်းလောင်းသာ လာတီးလိုက်၊ တရားသူကြီး တယောက်ယောက်ရောက်လာပြီး မျှမျှတတ ဖြစ်စေရမယ်လို့ ကြေညာလိုက်သတဲ့။ မြို့သူမြို့သား အပေါင်းတို့လည်း ပျော်ရွှင်ပြီး ဘုရင်ကြီးကို ကျေးဇူးတင်ကြတာပေါ့။
.
ဘုရင်ကြီး ကတိအတိုင်း ခေါင်းလောင်းသံ ကြားရတိုင်း တရားသူကြီးတွေ ရောက်လာပြီး ဖြေရှင်းပေးသတဲ့။ ကလေးငယ်လေးတွေရဲ့ တိုင်ကြားချက်တွေ အပါအဝင်ပေါ့။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ လူတွေလည်း တယောက်နဲ့တယောက် မေတ္တာရှေ့ထား ဆက်ဆံရမယ်ဆိုတာ သဘောပေါက်လာကြပြီး ခေါင်းလောင်းသံလည်း သိပ်မကြားရတော့ဘူးတဲ့။
.
မနက်ခင်းတခုမှာတော့ မြို့တော်ဝန်က မြို့ထဲလှည့်ပါတ်ကြည့်ရင်း ခေါင်းလောင်းမျှော်စင်နားအရောက် ခေါင်းလောင်းကြိုး အစွန်းက မကောင်းတော့တာ သတိထားမိတော့ သူ့လက်ထောက်ကို ဒီကြိုးကိုတော့ လဲမှဟေ့လို့ ပြောတာပေါ့။ သူ့လက်ထောက်က ဒီမြို့မှာ ဒီလိုကြိုးကျစ်တဲ့ သူမရှိဘူး ခင်ဗျ၊ တခြားမြို့ကို လှမ်းမှာမှပဲ ရမှာလို့ ပြန်ပြောသတဲ့။
.
မြို့ဝန်က ဟုတ်ပြီကွာ၊ အဲဒီကြိုး မရောက်လာခင်တော့ နွယ်ကြိုးတခုနဲ့အရင်ဆက်ထား၊ ဘုရင်ကြီးက ဒီကြိုးကို ကလေးတွေဆွဲရင်တောင် မှီရမယ် အမိန့်တော်ချထားတာကွဲ့။ လက်ထောက်လည်း မြို့ဝန်စကားအတိုင်း လုပ်ထားတာပေါ့။
.
နောက်တရက် မနက်စောမှာတော့ ခေါင်းလောင်းသံ ဆူဆူညံညံကြောင့် တမြို့လုံး နိုးလာကြသတဲ့….
ခေါင်းလောင်းလာထိုးတာ ဘယ်သူများလဲ ဘာကြောင့်လဲ …