ကောက်ရိုး တခု အရင်းပြု (ဂျပန် ပုံပြင်)

ကောက်ရိုး တခု အရင်းပြု (ဂျပန် ပုံပြင်)
.
တခါတုန်းက ကြင်နာသနား တတ်ပြီး အလုပ်ကြိုးစားတဲ့ လူဆင်းရဲလေး တယောက်ရှိသတဲ့။ အဆင်ပြေ ချမ်းသာချင်လို့ နေ့တိုင်း ဘုရားကျောင်းမှာ သွားဆုတောင်းတယ်တဲ့။ တနေ့ကျတော့ ဆုတောင်းနေရင်း “မင်းဒီက ထွက်သွားသွားချင်း ကိုင်မိတဲ့ ပစ္စည်းကို သေချာ ဂရုစိုက်” တယောက်ယောက်က ပြောသံကို နားထဲမှာ ကြားမိသတဲ့။
.
သူလည်း ထူးခြားပြီကွ ဆိုပြီး အရမ်းပျော်သွားတာနဲ့ အပြေးလေးပြန်သွားမိတာ ခလုတ်တိုက်လဲရောတဲ့။ သူထလိုက်တော့ လက်ထဲမှာ ကောက်ရိုးတခု ကိုင်မိလျက်သား ဖြစ်နေတာနဲ့ ခုနက ကြားခဲ့ရတဲ့ စကားသံအတိုင်း ကိုင်ခဲ့တာပေါ့။ လမ်းမှာ ပိတုန်းလေး တကောင်က ကောက်ရိုးမှာ တဝဲဝဲ ဖြစ်နေတာနဲ့ ကောက်ရိုးမှာ ချည်လာခဲ့သတဲ့။
.
လမ်းမှာ ကလေးတယောက်က တွေ့တော့ အဲဒါလေး လိုချင်တယ် ပူစာတာနဲ့ သူပေးခဲ့သတဲ့။ ကလေးရဲ့ အမေက သူ့ကို ကျေးဇူးတင်ပြီး လိမ်မော်သီး ၃ လုံးပေးလိုက်တယ်။ လမ်းတနေရာကျတော့ အမျိုးသမီးတယောက် မောမောပန်းပန်း ထိုင်နေပြီး သူ့ကို ရေသောက်ဖို့ရာ ဘယ်မှာရှာရမလဲ မေးသတဲ့။ သူကရေတော့မပါဘူး လိမ်မော်သီး ၃ လုံး အမောပြေ စားပါဗျာ ဆိုပြီး ပေးလိုက်သတဲ့။ အမျိုးသမီးက ပိုးပုဝါလေး လက်ဆောင်ပေးလိုက်သတဲ့။
.
လမ်းမှာကျတော့ ဆာမူရိုင်း သူရဲကောင်းကြီးနဲ့ သူ့အဖွဲ့က လဲကျနေတဲ့ မြင်းအနား ဝိုင်းအုံးနေကြတာ တွေ့သတဲ့။ ဆာမူရိုင်းက ခရီးဆက်စရာ ရှိတာမို့ သူ့တပည့်ကို မြင်းအစောင့်ထားပြီး ဆက်သွားသတဲ့။ သူ့တပည့်က ဒီမြင်းက တန်ဖိုးကြီးတဲ့ မြင်းကောင်းပဲ၊ ခုလိုကြီး လဲနေတော့ အသုံးမကျတော့ဘူး ဆိုပြီး ညည်းနေတာပေါ့။ လူဆင်းရဲလေးက ကျွန်တော်ရဲ့ ပိုးပုဝါစ ခင်ဗျားပေးမယ်ဗျာ။ ဒီမြင်း ကျွန်တော့ကိုပေးပါလား ပြောတော့ ဆာမူရိုင်းရဲ့ တပည့်က ဝမ်းသာအားရလဲပေးတာပေါ့။
.
လူဆင်းရဲလေးလည်း မြင်းကိုတတ်သမျှမှတ်သမျှလေး ပြုစုပေးတော့ မြင်းကြီးလည်း ပြန်ထလာပြီး လမ်းလျှောက်နိုင်လာတာပေါ့။ အဲဒါနဲ့ လူဆင်းရဲလေးလည်း မြင်းစီးပြီးလာတော့ လမ်းက အိမ်တအိမ်မှာ လူတွေပြောင်းဖို့ ရွှေ့ဖို့ ပစ္စည်းတွေ ထုပ်ပိုးနေကြတာတွေ့ သတဲ့။ အိမ်ရှင်က မြင်းကိုတွေ့တော့ လှလိုက်တဲ့ မြင်းကြီးကွာ၊ ငါလည်း နယ်အဝေးကို ပြောင်းမှာမို့ မြင်းလိုနေတာ။ မင်းငါ့ကို ဒီမြင်းပေးရင် မင်းကို အိမ်နဲ့ ယာခင်းတွေ အပိုင်ပေးခဲ့မယ် ပြောသတဲ့။
.
ကောက်ရိုးကစ အိမ်နဲ့ယာတွေရပြီကွ ဆိုပြီး သူဆင်းရဲလေးက ပျော်ပျော်ရွှင်ရွှင်လဲပေးလိုက်တာပေါ့။ အလုပ်တွေ ကြိုးစားလုပ်လို့ တဖြည်းဖြည်းနဲ့ ချမ်းသာသွားသတဲ့။ သူ့ကို လူတွေက ကောက်ရိုး သူဌေးကြီးလို့ ခေါ်ကြသတဲ့။.
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ်.. 🙂