မိုးနတ်သမီးလေးရဲ့ ချစ်ပုံပြင်(တောင် အာဖရိက ပုံပြင်)

မိုးနတ်သမီးလေးရဲ့ ချစ်ပုံပြင်(တောင် အာဖရိက ပုံပြင်)
.
မိုးရွာအောင်လုပ်ပေးတဲ့ မိုးနတ်သမီးလေးကို လူတိုင်းက ချစ်ကြတယ်။ မိုးခြိမ်းသံ ကြားရင် မိုးတွေရွာရင် လူတွေပျော်ကြတာကိုး။ မိုးနတ်သမီးလေး ကိုယ်တိုင်ကတော့ တယောက်တည်း အထီးကျန်ဖြစ်နေလို့ မပျော်နိုင်ဘူးတဲ့ကွယ်။
.
အဲဒါနဲ့ သူ့ဖူးစာဖက် ဘယ်မှာရှိပါလိမ့် ဆိုပြီး လိုက်ရှာသတဲ့။ နတ်သားတွေကတော့ သူတို့အလုပ်နဲ့ သူတို့ရှုပ်နေတာရယ် မိုးနတ်သမီးလေးနဲ့ ရေစက်မပါတာရယ်ကြောင့် သတိမထားဖြစ်ကြဘူးတဲ့။ အဲဒါနဲ့ မိုးနတ်သမီးလေးလည်း မနက်ခင်းနေရောင်ခြည်ကို စီးပြီး လူသားတွေထဲမှာ ဖူးစာဖက် လိုက်ရှာသတဲ့။
.
တရက်မှာတော့ နွားကျောင်းသားလေး ဒီပကို တွေ့တော့ သဘောကျသွားပြီး ဖူးစာဖက် အဖြစ်ရွေးမယ်လို့ စဉ်းစားလိုက်သတဲ့။ အဲဒီညမှာတော့ ဒီပဟာ ထူးဆန်းတဲ့ အိပ်မက်တခုမက်တယ်။
.
အိပ်မက်ထဲမှာ မျက်နှာကို သစ်ရွက်တွေနဲ့ တချို့တဝှက် ဖုံးထားတဲ့ ဂန္ဓာရီ ဆန်ဆန် မိန်းမပျိုလေးက ရေယင်စုံပုတီးလေး ပေးသတဲ့။ အဖြူရောင်က သူမရဲ့ အချစ်ဟာ ဖြူစင်ကြောင်း အညိုရောင်က သူမအချစ်ဟာ ကမ္ဘာမြေလို ခိုင်မြဲကြောင်း အပြာရောင်ကတော့ သူ့ကိုတွေ့ဖို့ သူမဟာ အဆုံးအစမဲ့ မိုးသားကောင်းကင် ခရီးကို ဖြတ်လာခဲ့ကြောင်း အဓိပ္ပပါယ်တွေတဲ့။ သူမက မင်းမနက်ဖြန် မိုးနတ်သမီးလေးနဲ့ လက်ထပ်ရမယ်။ မင်း မင်္ဂလာ အခမ်းအနား ပြင်ဆင်ထားပြီး စောင့်နေလို့ ပြောပြီး ပျောက်သွားသတဲ့။ ဒီပက အိပ်မက်ကို မယုံနိုင် ဖြစ်နေပေမယ့် သူ့လက်ထဲမှာတော့ ရောင်စုံပုတီး လေး ကိုင်လျက်သားတဲ့။
.
နောက်နေ့မနက်မှာတော့ မိုးနတ်သမီးလေးက သူ့ကိုယ်သူတော့ မလှမပဖြစ်အောင် ရုပ်ဖျက်ပြင်ဆင်ထားပြီး တခြားမိန်းမချောလေးတယောက်ကို သတို့သမီး ဝတ်စုံနဲ့ လှလှလေး ပြင်ဆင်ပေးသတဲ့။
.
ဒီပကတော့ မင်္ဂလာ အခမ်းအနား ပြင်ပြီး စောင့်နေတာပေါ့။ ရွာသားတွေကတော့ ဟားကြတာပေါ့။ အဲဒီအချိန်မှာပဲ မိုးကုတ်စက်ဝိုင်း အဆုံးမှာ လျှပ်စီးတွေမြင် မိုးခြိမ်းသံတွေ ကြားရသတဲ့။ အဲဒါတွေ အပြီးမှာ လှပတဲ့ သက်တံ့လေး မြေကြီးထိမတတ် ပေါ်လာပြီး မိန်းမပျိုလေး ၂ ယောက်ဆင်းလာသတဲ့။
.
မိုးနတ်သမီးက သတို့သမီးဝတ်စုံနဲ့ မိန်းမချောလေးကို ဒီပကိုပြပြီး အဲဒါမင်းရဲ့ဇနီးလောင်းပဲလို့ ပြောသတဲ့။ ဒီပက သေချာကြည့်ပြီး မဟုတ်သေးဘူး အိပ်မက်ထဲက နတ်သမီးလေးက သူမဟုတ်ဘူး မင်းပဲ။ မင်းရဲ့ မျက်လုံးထဲမှာ လှပတဲ့ စမ်းချောင်းလေး စီးနေတာ တွေ့တယ် ဆိုပြီး ပြန်ပြောတယ်။
.
အဲဒီအခါကျတော့ မိုးနတ်သမီးလေးက သူဖူးစာဖက်ရွေးတာ မှန်သွားလို့ ဝမ်းသာသွားပြီး မင်္ဂလာပွဲ ကျင်းပကြတာပေါ့။ ညပိုင်း လူတွေအားလုံး အိပ်နေချိန်မှာတော့ မိုးနတ်သမီးလေးနဲ့ ဒီပတို့ မိုးကောင်းကင် ကိုသွားကြပြီး ပျော်ရွှင်စွာနဲ့ နေထိုင်သွားကြသတဲ့။
.
ပုံပြင်လေးကတော့ ဒါပါပဲကွယ် 🙂