ကြက်ပြုတ်ရည် (၆လ-၇လနှင့်အထက်)

ကြက်ပြုတ်ရည် (၆လ-၇လနှင့်အထက်)

ကလေးတို့ ဖြည့်စွက်စာစတင်စားလို့ ဆန်ပြုတ်စားတဲ့အခါ ကြက်ပြုတ်ရည်ချိုချိုလေးနဲ့ ရောချက်ကျွေးရင် ပိုစားဝင်ပါတယ်။ ရယ်ဒီမိတ်ကြက်ပြုတ်ရည်တွေက ဆားများလို့ ကလေးအား မကျွေးသင့်ပါ။ အိမ်လုပ်ကြက်ပြုတ်ရည်က ပိုချိုပြီး ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ၆လ ဘေဘီအရွယ်မှစပြီး မတ်တပ်ပြေးအရွယ် ၂နှစ်-၃နှစ်ထိ ကလေးကိုကျွေးရလို့ အမြဲအသုံးဝင်ပါတယ်။ ဖြည့်စွက်စာစတင်စားချိန်မှာ ဆန်ပြုတ်ထဲထည့်ပါတယ်။ အရောတွေမစားတော့ဘဲ ဟင်းခွက်လေးတွေစားတဲ့အရွယ်မှာလည်း ဟင်းချိုထဲထည့်ချက်သလို ဟင်းထဲလည်းထည့်ချက်ပါတယ်။

ကြက်ပြုတ်ရည်ကို ကြက်ရိုး သို့မဟုတ် ကြက်အသားတုံး နှစ်သက်သလို သုံးပါ။ ကျွန်မက ကြက်ရိုးနဲ့အသားနည်းနည်းပါတဲ့ အကောင်လိုက် သုံးပါတယ်။ ရေခဲသေတ္တာ freezer ထဲမှာ အခဲတုံးလေးတွေ လုပ်မှာမို့ များများပြုတ်ပါတယ်။ မီးမမှန်လို့ freezer ထဲ မခဲထားချင်ရင် တစ်ရက်စာ ကြက်သားတုံး၎တုံးလောက်နဲ့ ကြက်သွန်ဖြူ၂မြွှာလောက်ပဲ ပြုတ်ပါ။ အလုပ်များတဲ့ တစ်ယောက်တည်းမေမေများအတွက် အခဲနဲ့အသုံးပြုပုံလေးတွေ အောက်မှာ သေချာရေးပေးထားပါတယ်။
**************
ကြက်ပြုတ်ရည်အတွက်
ကြက်ရိုး – ၂ကောင် သို့မဟုတ် ၃ကောင်
ကြက်သွန်ဖြူ – ၆မြွှာ
တရုတ်နံနံအရိုး Celery (optional မထည့်လည်းရတယ်) – ၁ချောင်း
ကြက်သွန်ဝါ – အလုံးကြီး၂လုံး
(Yellow Onion ကြက်သွန်ဝါ မထည့်လည်းရတယ်။ ချိုလို့ထည့်တာ)
ရေ – ၁လီတာခွဲ လိုပါတယ်။

*ပြုလုပ်ပုံ*
ကြက်ရိုးတွေကို ဆေးကြောပြီး အနေတော်ခုတ်ပါ။ အရိုးလေးတွေ ထုချင်ရင်ထုပါ။
ကြက်သွန်ဖြူအခွံနွှာပြီး ဓားပြားရိုက်ပါ။
တရုတ်နံနံအရိုးကို တစ်လက်မခန့်လေးတွေ
ဖြတ်ထားပါ။
ကြက်သွန်ဝါအား ၆စိတ်စိတ်ပါ။

ဇောက်နက်တဲ့အိုးကြီးတစ်လုံးထဲ ကြက်ရိုးတွေ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ရေပွက်ပွက်ဆူလာပြီး ၂မိနစ်ခန့်ကြာလျင် ကြက်ပြုတ်ရည်တွေ သွန်လိုက်ပါ။ (သွေးနှင့် အညစ်အကြေးအမှုန်အမွှားတွေ သန့်စင်တာပါ။ သန့်စင်လိုက်တော့ ကြက်ပြုတ်ရည်ကြည်ကြည်လေး ရပါတယ်။ အချိုဓာတ်များမကုန်ပါ။ စိတ်မပူပါနှင့်)

ကြက်ရိုးအိုးထဲ ကြက်သွန်ဖြူဓားပြားရိုက် ၊ ၊ တရုတ်နံနံအရိုးနှင့် ကြက်သွန်ဝါများ ရောထည့်၍ ရေတစ်လီတာခွဲခန့် ပြန်ထည့်ပါ။ မီးမြှင့် ပွက်ပွက်ဆူအောင်ပြန်တည်ပြီး မီးနည်းနည်းပြန်လျှော့ချလို့ မိမိလိုချင်သလောက်
၂နာရီ/၃နာရီခန့်တည်ပါ။

ကြက်ပြုတ်ရည်များရလျင် အရည်များစစ်ယူပြီး အအေးခံပါ။ အေးသွားလျင် အဖုံးပါတဲ့ ရေခဲတုံးထည့်တဲ့ ခွက်လေးတွေထဲ ထည့်ပြီး ရေခဲသေတ္တာအခဲခန်းမှာ ထည့်ထားပါ။ နောက်ရက်မှာ ရေခဲထည့်တဲ့ခွက်ထဲမှ ကြက်ပြုတ်ရည်အခဲတုံးလေးတွေ ထုတ်ယူပြီး freezer zip lock အိတ်လေးထဲ ပြောင်းထည့်နိုင်ပါတယ်။

-> မိမိအသုံးပြုလိုတဲ့အခါ အခဲတုံးလေးတွေကို baby food ထည့်တဲ့ဗူးလေးထဲ ပြောင်းထည့်ပြီး ရေခဲသေတ္တာရိုးရိုးခန်းမှာ တစ်ရက်ကြိုတင်ထားပါ။ နောက်ရက်မှာ အရည်ပျော်နေပါလိမ့်မယ်။ (ရေခဲသေတ္တာရိုးရိုးခန်းမှာ အရည်ဖျော်ထားတာကို ၂ရက်အတွင်းသုံးပါ။ အရည်ဖျော်ထားတာကို အခဲခန်းထဲ ပြန်မထည့်ရပါ။)

-> ရုတ်တရက်အရေးပေါ်လိုရင်တော့ microwave oven သို့မဟုတ် Avent 4 in 1 baby food steamer ထဲမှာ defrost လုပ်ပါ။

-> oven နဲ့ steamer အဲဒါတွေမရှိရင်တော့ ကြက်ပြုတ်ရည်အခဲတုံးလေးတွေကို ဗူးတစ်ဗူးထဲအဖုံးပိတ်ထည့်.. အဲဒီဗူးကို ရေနွေးထည့်ထားတဲ့ ဇလုံတစ်ခုထဲစိမ်ပြီး စောင့်ဆိုင်းလို့ အရည်ဖျော်ပါ။

ကြက်ပြုတ်ရည်အခဲတုံးတွေကို အရည်မဖျော်ဘဲ
မီးဖိုပေါ်မှာ မချက်ပြုတ်ရပါ။ ဘက်တီးရီးယားပိုးများ ပေါက်ဖွားပါတယ်။

မေတ္တာဖြင့်
လင်းလက်ကြယ်စင်