တစ်ယောက်ထဲ ကလေးထိန်းရတဲ့မေမေတွေ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင်

ကလေးထိန်းရတာ အရမ်းပင်ပန်းပြီး စိတ်ရှုပ်ရတယ်လို့ထင်ရပါလိမ့်မယ်။ သူတို့လေးတွေနဲ့ အတူ တသားတည်းကျအောင် နေပြီး ထိန်းကျောင်းကြည့်ရင် ပျော်ရွှင်ရမှာပါ။

ကလေးထိန်းရင်း အလုပ်လုပ်ရတာ လွယ်တာမှ မဟုတ်တာလေနော် ( Photo : The Bump )

ကလေးမေမေတွေဟာ ကမ္ဘာပေါ်မှာ အကြင်နာရှိဆုံးရဲရင့်သူတွေပါ။ ကိုယ်ဟာ ကလေးလည်းရှိတယ် အလုပ်လည်းလုပ်နေရတဲ့ မေမေဆိုရင်တော့ ပိုလို့တောင် ဂုဏ်ရှိပါသေးတယ်။ ကလေးထိန်းရင်း အလုပ်လုပ်ရတာ လွယ်တာမှ မဟုတ်တာလေနော်။ ဒါကြောင့် ကလေးထိန်းရင်းနဲ့ အလုပ်မမှီတာတွေ အလုပ်နောက်ကျတာတွေ ကလေးတစ်ယောက်နဲ့ ရှုပ်ရှက်ခက် သွားတဲ့ နေ့တွေ ကြုံတွေ့လာတဲ့ အခါ အလုပ်နဲ့ဘဝ ကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းမလဲဆိုတဲ့ အချက်လေးတွေ ဖော်ပြပေးချင်တယ်။

အကူအညီယူပါ

အကူညီတောင်းတာ လွယ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမလွယ်ကူပါဘူး။ ကိုယ့် မိဘအိမ် သို့မဟုတ် အဖိုးအဖွားအိမ် ကို ကလေးထိန်းဖို့ အကူညီတောင်းကြည့်ပါ။ ဒါမှမရဘူးဆိုရင်တော့ စိတ်ချရတဲ့ ကလေးထိန်းတစ်ယောက်ခေါ်ပါနော်။

ကိုယ်ပိုင်အချိန်လေးရှာပါ

အလုပ်ရယ်၊ ကလေးရယ် အချိန်ပေးလွန်းအားကြီးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်မိတဲ့အချိန်တွေ များနေပြီလား။ ဆံပင်လည်း မညှပ်ဖြစ် လက်သည်းခြေသည်းတွေလည်း ဂရုမစိုက်ဖြစ်ဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ အချိန်လေး နည်းနည်းလေးတော့ ထားပါနော်။ နာရီဝက်လေးဖြစ်ဖြစ်ပေါ့။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကိုလည်း ကိုယ်ပိုင်အချိန်လေး အတွင်းမှာ လျှော့ချလိုက်ပါနော်။ ပန်းချီဆွဲတာပဲဖြစ်ဖြစ် ပန်းပင်လေးတွေ ပျိုးထောင်တာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လိုက်ပါနော်။

စည်းတစ်ခုထားပါ

အလုပ်နဲ့ မိသားစုဘဝကို မရောလိုက်ပါနဲ့။ မိသားစုဘဝကြောင့် အလုပ်မထိခိုက်စေဖို့အပြင် အလုပ်ကြောင့် ကိုယ့်မိသားစု အချိန်လေးပဲ့မပါသွားပါစေနဲ့။ အလုပ်ချိန်နဲ့ မိသားစု အချိန်ကို သေချာ စီမံ ခွဲခြားထားပါ။

ငယ်တုန်းကအချိန်မှာ ကလေးနဲ့ ရင်းရင်းနှီးနှီးနေပါနော် ( Photo : thesuccessfulsinglemom )

ကိုယ့်ပူတူးတူးလေးအတွက် အချိန်သေချာပေးပါ

အိမ်မှာရှိနေတိုင်း ကလေးလေးနဲ့ အတူတူ အချိန်ဖြုန်းနေတာ မဟုတ်ဘူးလေ။ ငယ်တုန်းကအချိန်မှာ ကလေးနဲ့ ရင်းရင်းနှီးနှီးနေမှ ကိုယ့်စကားနာခံတတ်တဲ့ ကလေးလေးတွေဖြစ်လာမှာပါ။ ဘာလေးဘဲလုပ်လုပ် ကလေးလေးကို သူနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ပြောပြပါ။ သူက ဝူးဝူးဝါးဝါးဘဲပြန်ပြောတတ်တာလေးကို နားထောင်ရတာကိုက ချစ်ဖို့ကောင်းပြီး မေမေ့ရဲ့ ပင်ပန်းမှုတွေ တစ်ဝက်လောက်ကို သက်သာစေတာပေါ့။ အတူတူ ရေခဲမုန့်ထွက်စားတာမျိုး၊ ကုန်တိုက်မှာ တူတူ ဈေးလျှောက်ဝယ်တာမျိုး လုပ်ပေးပါ။

စိတ်ရှည်ပါ

ကိုယ့်မှာ ကလေးတစ်ဖက်နဲ့ စီမံခန့်ခွဲရတာ သိပ်များလွန်းလို့ စိတ်တွေ ရှုပ်လွန်းပြီး ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ မတူတာမျိုး စိတ်ပျက်ရတာတွေရှိပါတယ်။ ဒီအခါမျိုးကျ စိတ်ရှည်ပါနော်။ အသက်ဝဝရှုသွင်းရှုထုတ် ပြင်းပြင်းလေး (၁၀) ခါလောက်လုပ်လိုက်ပါ။ စိတ်ပျက်ပြီး အားလုံးကို လက်မြှောက်အရှုံးမပေးလိုက်ပါနဲ့နော်။ ကိုယ်ဘယ်လောက်ထိ အားတင်းပြီး ကြိုးစားလာခဲ့လဲဆိုတဲ့ စိတ်ကလေး သွင်းပြီး ရှေ့ဆက်ပါ။

တသားတည်းကျအောင် နေပြီး ထိန်းကျောင်းကြည့်ရင် ပျော်ရွှင်ရမှာပါ ( Photo : Babble )

စိတ်တွေမွန်းကြပ်လွန်းအားကြီးတဲ့ အခိုက်အတန့်တွေ ရင်ဖွင့်စရာ လူမရှိတဲ့ အခိုက်အတန့်တွေ ကြုံလာပါလိမ့်ဦးမယ်။ ကိုယ့်ရဲ့ ပူတူးတူးလေးမျက်နှာကြည့်ပြီး ပင်ပန်းသမျှတွေ ကိုအားတင်းထားပါနော်။ ကလေးထိန်းရတာ အရမ်းပင်ပန်းပြီး စိတ်ရှုပ်ရတယ်လို့ထင်ရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်သာ သူတို့လေးတွေနဲ့ အတူ တသားတည်းကျအောင် နေပြီး ထိန်းကျောင်းကြည့်ရင် ပျော်ရွှင်ရမှာပါ။ ဒီအချက်လေးတွေကို လိုက်နာကြည့်ရင် တစ်ယောက်တည်း ပူတူးတူးလေးကို ထိန်းပြီး ဖြတ်သန်းနေရတဲ့ မေမေတွေ အလုပ်နဲ့ ဘဝကို အချိုးကျကျ အဆင်ပြေပြေ ဖြတ်သန်းနိုင်မှာပါနော်။

From Kalay with