မာရီ ကယူရီ (Marie Curie)
|ကလေးတို့ရေ …
နိုဘဲ(လ်)ဆု (Nobel Prize) ဆိုတာကလေးတို့ကြားဘူးကြသလားကွယ်။ ကလေးတို့နားလည်မဲ့စကားနဲ့ရှင်းပြရယင်တော့ဘာသာရပ်ကြီးငါးခုခွဲပြီးနှစ်စဉ်ဘဲလူသားတို့ကောင်းကျိုးအတွက်အတော်ဆုံးဦးနှောက်တွေ၊ အထူးချွန်ဆုံးကျိုးစားသူတွေကိုဆွီဒင်နိုင်ငံနဲ့နော်ဝေနိုင်ငံတို့မှာပေးတဲ့ကမ္ဘာကျော်ဆုကြီးဘဲဖြစ်ပါတယ်။ အသေးစိတ်သိချင်ယင်ယင်ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွါးဖွါးတို့ကိုမေးနော်။ ကလေးတို့ဗဟုသုတကြွယ်ဝချင်ယင်စာများများဖတ်ရမယ်ကွဲ့။ ဒီဆုကိုရဘို့ဆိုတာအင်မတန်ခက်ပါတယ်ကွယ်။ တိုင်းပြည်တိုင်းကဒီဆုကိုလိုချင်ကြပေမဲ့အိပ်မက်ဘဲမက်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာဒီဆုကြီးကိုရထားတဲ့ပုဂ္ဂိုလ်တစ်ဦးရှိတာကလေးတို့သိပါသ လားကွယ်။ အဲဒီပုဂ္ဂိုလ်ဟာခုထိအသက်ထင်ရှားရှိပါသေးတယ်ကလေးတို့ရေ။ ဘယ်သူလဲကလေးတို့သိပါသလား။ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဘဲကွယ်။ ကလေးတို့လည်းတစ်နေ့မှာနိုဘဲ(လ်)ဆုကြီးတွေရနိုင်တဲ့အခွင့်အရေးရှိနေပြီဆိုတာမမေ့ကြနဲ့နော်။
ဒီနေ့ဦးဦးရေးပြမဲ့ပုံပြင်ကအမျိုးသမီးတွေထဲကဒီနိုဘဲ(လ်)ဆုကြီးကိုပဌမဆုံးရခဲ့တဲ့အာဂအမျိုးသမီးတစ်ယောက်အကြောင်းပါဘဲကွယ်။ သူမဟာဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ကမ္ဘာကျော်ဆုကြီးကိုတစ်ခါတောင်မဟုတ်ဘဲနှစ်ခါုပြန်တောင်ရရှိခဲ့ပါတယ်။
သူမနာမယ်က ‘မာရီ ကယူရီ’ တဲ့။ သူမအကြောင်းဦးဦး ကလေးဘဝကဖတ်ခဲ့ရတာဒီနေ့ထိအသဲထဲမှာစွဲနေတုန်းပါဘဲ။ မာရီဟာ ပိုလန်နိုင်ငံကဖြစ်ပါတယ်။ မာရီကိုပိုလန်နိုင်ဝါဆောမြို့တော်မှာ ၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေကမွေးခဲ့ပါတယ်။
မာရီလေးဟာကလေးဘဝမှာကံမကောင်းခဲ့ရှာပါဘူးကွယ်။ မာရီငယ်စဉ် ကလေးဘဝကကသူမရဲ့ နိုင်ငံဟာဂျာမဏီလက်အောက်အဖြစ်ရှိခဲ့ပါတယ်။ ဂျာမဏီကိုခုခံတဲ့မြေအောက်တော်လှန်ရေးသမားတွေထဲမှာမာရီရဲ့အစ်ကို ပါပါတယ်။ မာရီရဲ့အစ်ကိုကိုဂျာမန်စစ်တပ်ကဖမ်းမိသွားခဲ့ပါတယ်။ မာရီ ဟာကျောင်းမှာအတန်းတင်စာမေးပွဲဖြေနေယင်းနဲ့ မျက်ရည်တွေကျနေပါတယ်။ အဲဒီနေ့မှာဘဲသူ့ အကိုကိုဂျာမန်စစ်သားတွေကကြိုးပေးပြီးကွပ်မျက်မှာမို့ပါဘဲ။ ဒါပေမဲ့မာရီဟာစာမေးပွဲအပျက်မခံခဲ့ပါဘူး။
မာရီဟာအတန်းထဲမှာအတော်ဆုံးကျောင်းသူဖြစ်ပါတယ်။ ငွေကြေးချို့တဲ့ခဲ့ ရှာတဲ့မာရီဟာကလေးတွေကိုကျူရှင်ပေးယင်းတစ်ဘက်ကစာကျက်ပါ တယ်။ ရူပဗေဒ၊ ဓါတုဗေဒ နဲ့သင်္ချာဘာသာတို့ကိုမာရီနှစ်သက်ခဲ့ပါတယ်။
၁၈၉၁ ခုနှစ်မှာ မာရီဟာပြင်သစ်ပြည်ပဲရစ်မြို့မှာတက္ကသိုလ်ပညာသင်ယူခွင့် ရခဲ့ပါတယ်။ (ပဲရစ်မြို့ကြီးမှာခုထိ ‘မာရီကယူရီ ပြတိုက်’ ဆိုတာရှိပါတယ်။ ကလေးတို့ကမ္ဘာလှည့်နိုင်အောင်ကျိုးစားနော်။ ပဲရစ်ရောက်ယင်ဝင်ကြည့်သင့်ပါတယ်)
မာရီလေးဟာပိုက်ဆံချမ်းသာလို့ပဲရစ်ကိုရောက်လာတာမဟုတ်ပါဘူးကွယ်။ ပညာကောင်းကောင်းဆိုတာဝါဆောမှာမရနိုင်လို့ထွက်လာရတာပါ။ သူမ ဟာပြင်သစ်မှာနေတုန်းပေါင်မုန့်ထောပတ်သုတ်၊ လက်ဘက်ရည်တို့နဲ့ဘဲနေ့ စဉ်အသက်ဆက်ခဲ့ရပါတယ်။ ပဲရစ်မြို့ကြီးဟာဆောင်းတွင်းမှာခိုက်ခိုက်တုန် အောင်အေးပါတယ်။ လူတွေဟာအိမ်ကိုအနွေးဓါတ်ပေးပြီးနေရပါတယ်။ မာရီဟာကျောက်မီးသွေးဘိုးမတတ်နိုင်လို့ခြေစွတ်ရှည်လေးတွေဘဲဝတ်ပြီး အအေးဒါဏ်ကိုကျိတ်မှိတ်ခံခဲ့ရပါတယ်။ သူတို့ဆီကဆောင်းတွင်းမှာမိုးက လည်းရွာသေးတယ်ကွဲ့။ မာရီလေးဟာဝမ်းထဲမှာအစာမရှိပေမဲ့သူ့ဦးနှောက် ထဲမှာပညာတွေ့ပြည့်သိပ်နေသလို၊ သူ့နှလုံးသားထဲမှာလည်းမရမနေကျိုး စားချင်တဲ့သတ္တိတွေနဲ့သာပြည့်နေခဲ့ပါတယ်။
တစ်နေ့တော့ မာရီ ကယူရီ ဟာတက္ကသိုလ်ကျောင်းဝင်းထဲကိုလမ်းလျှောက် လာယင်းနဲ့မူးပြီးလဲကျသွားပါတယ်။ မာရီမှာအာဟာရချို့တဲ့မှုရောဂါဖြစ်နေ ပါပြီ။ ဒါပေမဲ့သူမဟာစာမေးပွဲကိုအမှတ်အမြင့်ဆုံးနဲ့အောင်ခဲ့ပါတယ်။ ၁၈၉၃ ခုနှစ်မှာ ရူပဗေဒဘာသာရပ်ရဲ့မဟာဘွဲ့ကိုရ ၊ သင်္ချာဒီဂရီဘွဲ့ကိုဆက်တက်ဘို့ပညာသင်ဆုရခဲ့ပြီး ၁၈၉၄ ခုနှစ်မှာဘွဲ့ရခဲ့ပါတယ်။
မာရီရဲ့ပဌမဆုံးအလုပ်ကပြင်သစ်အစိုးရကပေးတဲ့ဓါတ်ခွဲစမ်းသပ်မှုပါဘဲ။ အဲဒီအလုပ်ကိုရူပဗေဒပညာရှင် ပီယဲ(ရ်) ကယူရီ (Pierre Curie) နဲ့အတူ လုပ်ကိုင်ကြယင်းသူတို့နှစ်ဦးမေတ္တာမျှခဲ့ကြလို့ ၁၈၉၅ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ အိမ်ထောင်မကျခင်က မာရီရဲ့နာမယ်က ‘မာရီယား စကိုလိုဒေါက်စကာ’ တဲ့။ မာရီနဲ့ပီယဲ(ရ်) တို့မှာသမီးနှစ်ဦးထွန်းကားခဲ့ပါတယ်။ မာရီဟာရေဒီယိုဓါတ်ကြွပစ္စည်းတွေကိုလေ့လာစမ်းသပ်မှုတွေပြုခဲ့ပါတယ်။ သူ့ခင်ပွန်းကလည်းမာရီရဲ့ရှာဖွေမှုတွေမှာပါဝင်ပြီးအတူတူလုပ်ဆောင်ခဲ့ကြပါတယ်။ မာရီဟာ ပိုလိုနီယမ် နဲ့ ရေဒီယမ်တို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
TV ထဲမှာကလေးတို့မြင်ဘူးသလိုကုတ်အင်္ကျီအဖြူကြီးဝတ်ပြီးဓါတ်ခွဲခန်းအ ကျယ်ကြီးထဲမှာမီးချောင်းတွေအများကြီးအောက်မှာစားပွဲကုလားထိုင်နဲ့စတိုင်ကျကျလုပ်ရတာမျိုးးမဟုတ်ပါဘူးကွယ်။ တန်ပေါင်းများစွာသောသတ္ထုတွေကို မိုးပြဲဒယ်လောက်ကြီးတဲ့ဒယ်ဇောက်အိုးကြီးထဲထည့်ကျိုပြီးသူ့အရပ်လောက်ရှည်တဲ့သံယောင်းမကြီးနဲ့မွှေရတာတစ်ခါတစ်လေညဥ့်မိုးကြီးစုတ်စုတ်ချုပ်တဲ့အထိမအိပ်နိုင်ဘဲပင်ပန်းကြီးစွာလုပ်ခဲ့ရပါတယ်။ နောက်ပြီး မာရီ မှာကလေးငယ်လေးတွေလည်းရှိသေးတယ်ဆိုတာမမေ့နဲ့နော်။
၁၉ဝ၃ ခုနှစ်မှာမာရီဟာဥရောပတိုက်ပဌမဆုံးဆုံးဒေါက်တာ (ပီအိပ်ခ်ျဒီ) ဘွဲ့ရအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မှာဘဲသူတို့ဇနီးမောင်နှံဟာတစ်ခြားအမျိုးသားကြီးတစ်ဦးနဲ့တွဲပြီးရူပဗေဒ နိုဘဲလ်ဆုကြီးကိုရခဲ့ပါတယ်။
၁၉ဝ၆ ခုနှစ်ဟာမာရီအတွက်ကံဆိုးတဲ့နှစ်ပါဘဲကွယ်။ သူမခင်ပွန်းဟာအဲဒီ နှစ်မှာဘဲကွယ်လွန်ခဲ့ပါတယ်။ ကလေးတို့ ဒစ္စနီရုပ်ရှင် Hunchback of Notre-Dame ကိုမှတ်မိကြလားကွယ်။ ကမ္ဘာကျော် နော်ထရာဒါး(မ်) ဘုရားရှိခိုးကျောင်းကြီးလေ။ ပီယဲ(ရ်) ဟာအဲဒီဘုရားရှိခိုးကျောင်းကြီးနားကလူသွားများတဲ့လမ်းမှာမိုးရွာနေတုန်းလမ်းဖြတ်ကူးတာခြေချော်ပြီးလမ်းပေါ်လဲကျသွားပါတယ်။ အဲဒီခေတ်ကတော့ကားတွေမရှိသေးဘူးပေါ့ကွယ်။ ဒါပေမဲ့မြင်းဆွဲရထားလုံးတက်စီတွေသုံးခဲ့ကြပါတယ်။ ဖြစ်ချင်တော့ ပီယဲ(ရ်) ဟာမြင်းရထားတစ်စီးရှေ့မှာချော်လဲလို့ရထားဘီးတွေကသူ့ခေါင်းကိုတက်ကျိတ်သွားတာကြောင့်နေရာမှာတင်ပွဲချင်းပြီးခဲ့ရပါတယ်ကွယ်။ မာရီခမျာသမီးလေးနှစ်ယောက်နဲ့ကျန်ခဲ့ရှာပါတယ်။
မာရီဟာပူဆွေးနေပေမဲ့ခေတဲ့အမျိုးသမီးတစ်ယောက်မဟုတ်ပါဘူးကွယ်။ သူမယောကျာ်းရဲ့စာသင်တဲ့အလုပ်ကိုလက်ပြောင်းယူခဲ့ပါတယ်။ ပဌမဆုံး အမျိုးသမီးပါမောက္ခဖြစ်ခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတစ်ခါ ဓါတုဗေဒဆိုင်ရာ နိုဘဲ(လ်) ဆုကြီးကိုတစ်ဦးထည်းရရှိခဲ့ပြန်ပါတယ်။ သူမဘဝဟာငယ်ငယ် ထဲကသောကတွေကြားထဲကကျိုးစားမှုတွေနဲ့အောင်မြင်ခဲ့တာနော်။
အဲဒီအချိန်မှာ မာရီဟာ အဲ(လ်)ဘတ် အိုင်းစတိုင်း၊ မက်(စ်) ပလင့်(ခ်)၊ စတဲ့ လူငယ်ပညာရှင်လေးတွေနဲ့ပူးပေါင်းဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီလူငယ်လေးနှစ်ဦးစလုံးဟာနောင်တော့ နိုဘဲ(လ်)ဆုရှင်ကြီးတွေဖြစ်လာကြပါတယ်။
ပီယဲရ် နဲ့ မာရီတို့ရဲ့သမီး အိုင်ရီး(န်) နဲ့သူမခင်ပွန်း ဖရက်ဒရစ်(ခ်) တို့ဟာ မာရီရဲ့စမ်းသပ်မှုလုပ်ငန်းတွေဆက်လက်လုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံဟာ ၁၉၃၅ ခုနှစ်မှာ ဓါတုဗေဒ နိုဘဲ(လ်) ဆုကိုပူးတွဲရရှိခဲ့ပါတယ်။ မာရီ ရဲ့နောက်သမီးတစ်ဦးဖြစ်သူ အိ(ဗ်) (Eve) ကတော့အမေရိကန်သံအမတ်တစ်ဦး ဟင်နရီ လယ်ဘူး(စ်) ကိုလက်ထပ်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဟင်နရီဟာ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ကြီးအတွက်သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့်သူလည်း ငြိမ်းချမ်းရေးနိုဘဲလ်ဆုကြီးကိုထပ်ရခဲ့ပြန်ပါတယ်။ အိ(ဗ်) ကတော့နာမယ်ကျော်စာရေးဆရာမတစ်ဦးဖြစ်လာပြီးသူ့အမေအကြောင်းရေးခဲ့တဲ့သူ့စာအုပ်ဟာဆုရခဲ့တဲ့စာအုပ်ဖြစ်ခဲ့ပါတယ်။
မာရီ ကယူရီ အကြောင်းပြန်ဆက်ကြရအောင်နော်။ မာရီဟာ ၁၉၁၁ ခုနှစ် မှာဒုတိယနိုဘဲ(လ်) ဆုထပ်ရခဲ့ပြီးသုံးနှစ်အကြာမှာပဌမကမ္ဘာစစ်ကြီးဖြစ်လာ ခဲ့ပါတယ်။ စစ်ကြီးဖြစ်လာတော့သူမရဲ့သုတေသနလုပ်ငန်းတွေကိုရပ်ထား ခဲ့ရပါတယ်။ ၁၉၁၈ နှစ်ကုန်ခါနီးမှာစစ်ကြီးပြီးခဲ့ပါတယ်။ စစ်ပြီးတော့ မာရီဟာ သူမရဲ့သုတေသနတွေကိုပြန်ဆက်ခဲ့ပါတယ်။
မာရီဟာအနုမြူတွေကိုစတင်ပြီးသုတေသနလုပ်ခဲ့သူပါ။ ဒါကြောင့်အနုမြူရောင်ခြည်တွေရဲ့အန္တရယ်ကိုမသိခဲ့ပါဘူး။ နှစ်ရှည်လများအနုမြူရောင်ခြည်သင့်တာကိုခံခဲ့ရပါတယ်။ အဲဒီဒါဏ်တွေနဲ့ဘဲ မာရီဟာ ၁၉၃၄ ခုနှစ် အသက် ၆၆ အရွယ်နဲ့ ပဲရစ်မြို့မှာဘဲကွယ်လွန်ခဲ့ပါတယ်ကွယ်။ မာရီကိုသူမရဲ့ခင်ပွန်း ပီယဲ(ရ်) ဘေးမှာယှဉ်ပြီးဂူသွင်းခဲ့ကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ရုပ်ကြွင်းတွေကို ၁၉၉၅ ခုနှစ်မှာပြန်လည်တူးဖေါ်ပြီးပြင်သစ်ပြည်ရဲ့ထိပ်တန်းတိုင်းရင်းသားများကိုဂူသွင်းရာမော်ကွန်းဗိမ္မာန်အဆောက်အဦကြီးထဲကိုပြောင်းရွှေ့သဂြိုလ်ခဲ့ပါတယ်။ သူတို့ဆီမှာခေါင်းဆောင်တွေကိုဘယ်လောက်လေးစားတတ်ကြ၊ ဘယ်လောက်တန်ဘိုးထားတတ်ကြတယ်ဆိုတာပြတာပါဘဲကွယ်။ ကလေး တို့တစ်နေ့ ပဲရစ် (စ်) ရောက်တဲ့အခါသွားကြည့်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီဗိမ္မာန်ကြီး ထဲမှာဂူသွင်းခံရတာ မာရီဟာပဌမဆုံးနဲ့တစ်ဦးထဲသောအမျိုးသမီးပါဘဲကွယ်။
မာရီ ကယူရီ ရှာဖွေတွေ့ရှိခဲ့တာတွေကအများကြီးပါဘဲကလေးတို့ရေ။ သူမ ခေတ်မှာသူမဟာအကျော်ကြားဆုံးအမျိုးသမီးသိပ္ပံပညာရှင်ဖြစ်ခဲ့ပါတယ်။ မာရီကွယ်လွန်ပြီးမှဆက်လက်ရရှိခဲ့တဲ့ဆုတံဆိပ်တွေကလည်းအများကြီးပါဘဲကွယ်။ မာရီကယူရီပြောခဲ့တဲ့စကားတစ်ချို့ဟာအရမ်းတန်ဘိုးရှိပါတယ်။ ကလေးတို့သိအောင်ဦးဦးဘာသာပြန်ပေးလိုက်ပါတယ်။ ဒီအမျိုးသမီးဘာဖြစ်လို့ဒီလောက်အောင်မြင်ခဲ့၊ ကျော်ကြားခဲ့သလဲဆိုတာရယ်၊ ဒီလိုပုဂ္ဂိုလ်တွေဆီကနေကလေးတို့ဘာတွေအတုယူရမယ်ဆိုတာကိုကလေးတို့ကိုယ်တိုင်သာစဉ်းစားကြ၊ ဆုံးဖြတ်ကြစေချင်ပါတယ်။
မဒမ်ကယူရီ ပြောခဲ့တာတွေကတော့
“Nothing in life is to be feared, it is only to be understood. Now is the time to understand more so that we may fear less.” (ဘဝမှာ ဘာမှကြောက်စရာမရှိဘူး၊ နားလည်စရာဘဲရှိတယ်။ နောင်မှာကြောက်စရာ တွေပိုလျော့ပါးလာဘို့နားလည်ရမဲ့အချိန်ဟာအခုဖြစ်ပါတယ်)
“Be less curious about people and more curious about ideas.” (လူတွေအကြောင်းစပ်စုချင်စိတ်ကိုလျှော့ပြီးအတွေးအခေါ်တွေအကြောင်းပိုပြီးသိချင်စိတ်မွေးပါ)
“One never notices what has been done; one can only see what remains to be done.” (လူတွေဟာဘာတွေပြုလုပ်ပြီးစီးသွားဆိုတာကိုသတိမပြုမိတတ်ပါဘူး။ ဘာတွေလုပ်စရာတွေကျန်သေးတယ်ဆိုတာကိုဘဲမြင်တတ်ကြပါတယ်)
“There are sadistic scientists who hurry to hunt down errors instead of establishing the truth.” (သူများတွေကို ကိုယ်/စိတ် နဲ့ညှင်းပန်းနှိပ်စက်တာကိုအရသာယူတတ်တဲ့သိပ္ပံပညာရှင်တွေဟာအမှန်တရားတစ်ခုကိုအခိုင်အမာသက်သေထူထောင်ပြဘို့ထက်သူများအမှားတွေကိုသာအမဲလိုက်သလိုလိုက်တတ်ပါတယ်)
“I am one of those who think like Nobel, that humanity will draw more good than evil from new discoveries.” (“နိုဘဲလ်ဆုကြီးရဲ့ဖန်တီးရှင် မစ္စတာ နိုဘဲလ် လိုဘဲ ‘လူသားချင်းစာနာမှုတွေ’ မှနေပြီးဆိုးကျိုးထက်ကောင်းကျိုးကိုသာပိုမိုရရှိစေမယ်” လို့ ယုံကြည်သူများထဲမှာကျွန်မတစ်ဦးအပါအဝင်ဖြစ်ပါတယ်)
အခုတော့မာရီကယူရီဟာ ဦးဦးတို့၊ ကလေးတို့နဲ့အတူမရှိတော့ပေမဲ့သူ့အသက်၊ သူ့ဘဝနဲ့ရင်းပြီးထားခဲ့တဲ့သူ့လက်ဆောင်တွေကတော့ ကလေးတို့၊
ဦးဦးတို့နားမှာအမြဲရှိနေမှာပါ။ (Madam Curie) လိုပုဂ္ဂိုလ်မျိုးတွေဒီကမ္ဘာ ကြီးမှာများစွာလိုအပ်ပါတယ်။
ကလေးတို့ထဲကနေလည်း မဒမ်ကယူရီ လိုအာဇာနည်တွေပေါ်ထွန်းနိုင်ကြ ပါစေကွယ်။
ကလေးတို့ကိုချစ်တဲ့၊
ဦးဦး