မနှင်းမြိုင် ဒေါ်တုတ် နှင့် မိုးမှောင်

မနှင်းမြိုင် ဒေါ်တုတ် နှင့် မိုးမှောင်
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ အရမ်းချမ်းသာတဲ့ ဒေါ်တုတ်ဆိုတဲ့ သဌေးမကြီးတစ်ယောက်ရှိတယ်။
ဒေါ်တုတ်မှာ မနှင်းမြိုင်ဆိုတဲ့ ချောမောလှပတဲ့ သမီးတစ်ယောက်လဲရှိတယ်။ဒေါ်တုတ်ဟာ ချမ်းသာသော်လည်း အင်မတန်စေ့စပ်တဲ့သဌေးမကြီး ကွယ့်။ အဒါကြောင့် ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို သူခိုးသူဝှက်တွေ မလုယူနိုင်အောင် ရာဝန်အိုးကြီးတွေနဲ့ ထည့်ပြီး မြေတိုက်ထဲမှာမြုပ်နှံသိမ်းဆည်းထားတယ်။ ဒေါ်တုတ်တို့ သားအမိဟာ မရှိဆင်းရဲသား တွေကိုအမြဲလျူဒါန်းဒါနပြုလေ့ရှိတာကြောင့် စိတ်သဘောထားကောင်းမွန်ပြီးချမ်းသာကြွယ်ဝတဲ့ သတင်းတွေဟာ တစ်ရွာလုံး တစ်နယ်လုံးမှာ ပျံ့ နှံ့ နေတယ်။တစ်ချိန်ထဲမှာပဲ နယ်နီးပါတ်ဝန်းကျင်မှာရှိတဲ့ သူခိုးဓါးမြတွေဟာ ဒေါ်တုတ်တို့ ပစ္စည်းဥစ္စာတွေကို လုယူဖို့ စိတ်ဝင်စားနေကြတယ်။
ဒါပေမဲ့ ဒေါ်တုတ်တို့ သားအမိရဲ့ မြေတိုက်ကို ဖွင့်လှစ်ဖို့ နည်းလမ်း ဘယ်သူမှ ရှာမတွေ့ ကြဘူး။ လူဆိုးတွေထဲကမှ နံမည်အကြီးဆုံး လူဆိုးကြီး မိုးမှောင်ကတော့ လက်မလျှော့ဘူးတဲ့ကွယ်။
ဒါကြောင့် သူဟာ စုန်းမကြီးဒေါ်အိုဇာ ဆီကို ချဉ်းကပ်လို့ နည်းလမ်းတောင်းပါတော့တယ်။ ဒေါ်အိုဇာ ဟာ မိုးမှောင်ကို ဆေးရည်ပုလင်းလေး တစ်လုံးထုတ်ပေးပြီး ဒေါ်တုတ်သောက်မဲ့အရည်ထဲမှာ ထည့်လိုက်ပါ ပြီးရင် သူ့ ကို ခေါ်လိုက်ပါလို့ ပြောတယ်။
မိုးမှောင်ဟာ ဒေါ်အိုဇာ့ဆီက ဆေးရည်ပုလင်း လေးကို ယူပြီး ဒေါ်တုတ်တို့ သားအမိအိမ်ပေါ်ဘယ်လိုရောက်အောင်သွားရမလဲဆိုပြီးတနေ့ လုံးတစ်ညလုံးအကြံထုတ်နေတယ်။
မနက်လင်းတဲ့အခါမှာတော့ သူဟာ စုတ်ပြတ်တဲ့ အ၀တ်အစားတွေ ၀တ်ဆင် သူ့ ကိုယ်သူ ဓါးလှံတွေနဲ့ ခြစ်လို့ ဒေါ်တုတ်တို့ ခြံရှေ့ မှာ လဲလျှောင်းညည်းညူနေတယ်။ မကြာခင်မှာပဲ ဆွမ်းလောင်းထွက်လာတဲ့ ဒေါ်တုတ်တို့ သားအမိဟာ မိုးမှောင်ကိုမြင်ပြီး ဆေးကုသပေးဖို့ အိမ်ပေါ်ကိုခေါ်သွားကြပါတော့တယ်။ အကြံကြီးတဲ့မိုးမှောင်ဟာ ဒေါ်တုတ်တို့ အိမ်ပေါ်မှာ ဆေးကုခံရင်း အခွင့်ကောင်းကိုချောင်းမြောင်းနေတာပေါ့ကွယ်။
ဒါပေမဲ့ သူဟာ ဒေါ်တုတ်နားကပ်ဖို့ ဘယ်လိုမှ အခွင့်မသာဘူးတဲ့ ။ ဒေါ်တုတ်ဟာ သူ့ သမီးမနှင်းမြိုင်လေးနဲ့ သာ သွားအတူ စားအတူ အမြဲနေတာမို့ ဒေါ်တုတ်နားကပ်မရတဲ့ မိုးမှောင်ဟာ တစ်မျိုးကြံစည်ပါတော့တယ်။ သူဟာ ဒေါ်တုတ်နားကပ်ဖို့  မနှင်းမြိုင်လေးကို ချစ်ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်သူဟာ ကြုံကြိုက်တဲ့အခါတိုင်း မနှင်းမြိုင်လေးကို လူပျိုလှည့် ပါတော့တယ်။ မိုးမှောင်ဟာ ဓါးမြသူခိုးတစ်ယောက်ဖြစ်ပြီး ဥာဏ်အလွန်များသလောက် ရုပ်ရည်ချောမောခန့် ညားတယ်ကွယ့် ။ဒါကြောင့် ရိုးသားဖြူစင်လွန်းတဲ့ မနှင်းမြိုင်ကလေးဟာ မိုးမှောင်ကို တဖြည်းဖြည်း ချစ်ကြိုက်သွားပါတော့တယ်။ တစ်နေ့ မှာတော့ မိုးမှောင်ဟာ ဥပ္ပါယ်တံမျဉ် နဲ့  ဒေါ်တုတ်ကို ကြည်ညိုလေးစားလွန်းလို့  မနှင်းမြိုင်လေးကိုယ်စား ရေပူရေချမ်းပြုစုပါရစေလို့ ခွင့်တောင်းတယ်။ မိုးမှောင်ကို အလွန်ချစ်ကြိုက်တာမို့  မနှင်းမြိုင်ကလေးက အမောင့်သဘောပါလို့ ပြောပြီး ဒေါ်တုတ်ကို ပြုစုဖို့ ခွင့်ပြုလိုက်တယ်။
ဒေါ်တုတ်ကို ပြုစုခွင့်ရတာနဲ့ တပြိုင်ထဲမိုးမှောင်ဟာ ဒေါ်တုတ်ဖို့ ဖျော်ရည်တစ်ခွက်ဖျော်ပြီး စုန်းမကြီးပေးတဲ့ ဆေးရည်တွေကို ဖျော်ရည်ခွက်ထဲကိုလောင်းထည့်လိုက်ပါရောတဲ့ကွယ်။
ဒေါ်တုတ်ဟာ မိုးမှောင်တိုက်တဲ့ဖျော်ရည်ကိုသောက်ပြီးတာ နဲ့ တပြိုင်ထဲပျားပိတုန်းမကြီးတစ်ကောင်ဖြစ်သွားတယ်။ မိုးမှောင်ဟာဒေါ်အိုဇာကို လှမ်းခေါ်လိုက်ပြီး ဒေါ်တုတ်အသွင်ဆောင်ကာ ဟန်မပျက်နေတာပေါ့ကွယ်။
ပျားပိတုန်းမကြီးဖြစ်သွားတဲ့ဒေါ်တုတ်ဟာ မနှင်းမြိုင်ကလေးကို သတိသွားပေးရှာတယ်။ဒါပေမဲ့  ပျားပိတုန်းမကြီးဖြစ်နေတာမို့ မနှင်းမြိုင်လေးက သတိမထားမိဘူးကွယ့်။ ဒေါ်တုတ်ဟာ သတိပေးမရတဲ့အဆုံး မနှင်းမြိုင်လေး ဆံထုံးမှာ ကပ်ပြီးမနှင်းမြိုင်လေး သွားလေရာလိုက်ရှာတယ်။
မနှင်းမြိုင်လေးဟာ ဒေါ်တုတ်ဟန်ဆောင်ထားတဲ့ စုန်းမကြီး မအိုဇာ ကို မိခင်ဒေါ်တုတ်အမှတ်နဲ့ ပြုစုရှာတယ်။ ပြုစုရင်း “အမေရေ အမေ့ လက်သည်းတွေဟာ အရှည်ကြီးပါလား အမေရယ်” လို့ ပြောတဲ့အခါ စုန်းမကြီးက အမေ နာမကျန်းဖြစ်တာမို့ လက်သည်းတွေရှည်လာတာပါ လို့ ပြန်ပြောတယ်။ အမေ့အသံက သြလှပါလား အမေရယ်လို့မေးတဲ့အခါ “အမေ နာမကျန်းတာမို့ အသံတွေသြလာရပါတယ်” လို့ ပြန်ပြောတယ်။
အမေ့ ဆံပင်တွေကြမ်းလှပါလား အမေရယ်လို့ မေးတဲ့အခါ “အမေ နာမကျန်းတာမို့ ဆံပင်တွေကြမ်းလာရတာပါ”လို့ ပြန်ပြောတယ်။
မနှင်းမြိုင်လေးက “အမေ နာမကျန်းသက်သာအောင် ဘယ်အရာများအလိုရှိပါသလဲအမေရယ်” လို့ မေးတဲ့အခါ စုန်းမကြီးက “အမေ့ မျက်ခွံတွေဟာ နာမကျန်းတဲ့ဒဏ်ကြောင့် လေးလံလို့ နေပါတယ် ရွှေ ၊ ငွေရောင်တွေ လို ပြိုးပြက်တဲ့အရောင်တွေ မြင်ရမှ သက်သာမှာမို့  ငါ့သမီး နဲ့ သားမိုးမှောင်တို့  မြေတိုက်ထဲက ရတနာတွေဝတ်ဆင်ပြီး အမေ့ နားထိုင်လှည့်ပါကွယ်” လို့ လီဆယ်ပြီးပြောပါတော့တယ်။
ဒါနဲ့ မနှင်းမြိုင်လေးဟာ ရတနာတွေဝတ်ဆင်ဖို့ မိုးမှောင်ကို ခေါ်ပြီး ကျောက်သံပတ္တမြားတွေမြုပ်နှံထားရာကို သွားကြတယ်။
ရွှေတိုက်ထဲကိုရောက်တာနဲ့ တပြိုင်ထဲ မိုးမှောင်ဟာ လူဆိုးဓါးမြအသွင်ပြောင်းလဲသွားပြီးစုန်းမကြီးကလည်း နဂိုအသွင်ဖြစ်သွားကာ မနှင်းမြိုင်လေးကို ဖမ်းဆီးလိုက်ကြပါတော့တယ်။
မနှင်းမြိုင်လေးဟာ ကြောက်လန့် အံ့သြပြီး အမေဖြစ်သူ ဒေါ်တုတ်ကို တလို့ ငိုရှာပါတော့တယ်။
အဒိအခါ ဆံထုံးနောက်မှာ ၀ပ်နေတဲ့ ပိတုန်းမကြီးဒေါ်တုတ်ဟာ မနှင်းမြိုင်လေးကို မျက်ရည်သုတ်ပေးပြီး “သမီးရေ အမေကတော့ ပိတုန်းမကြီးဖြစ်နေရပါတယ် ငါ့သမီးလွတ်အောင်သာနေပါတော့”လို့ ပြောပြီး မနှင်းမြိုင်လေးကို နှစ်သိမ့်ရှာတယ်။
မနှင်းမြိုင်တို့ သားအမိ ငိုကြွေးနေကြချိန်မှာ မိုးမှောင်နဲ့ စုန်းမကြီးတို့ ဟာ ဒေါ်တုတ်ရဲ့ ရတနာတွေကို အဝေမတည့်တာကြောင့် ရန်ဖြစ်ကြတယ်။မိုးမှောင်ဟာ ရန်ဖြစ်ရင်းဒေါသထွက်လာတာကြောင့် စုန်းမကြီးကို သတ်ပစ်လိုက်ပါရောတဲ့ကွယ်။ စုန်းမကြီးသေသွားတာနဲ့ တပြိုင်ထဲ ကျိန်စာပြယ်သွားတာမို့ ဒေါ်တုတ်ဟာ ပျားပိတုန်းမကြီးဘ၀ကနေ လူပြန်ဖြစ်သွားကာ သားအမိနှစ်ယောက် လွတ်မြောက်ဖို့ ကြံစည်ကြပါတော့တယ်။
ရတနာတွေကို တစ်ယောက်ထဲပိုင်ဆိုင်ရလို့မိုးမှောင်ဟာ ကျောက်သံပတ္တမြားတွေဆင်ယင်ပြီး ပျော်ရွှင်မြူးတူးနေတာပေါ့ကွယ်။ ဒါပေမဲ့သူဟာ အကြာကြီးမပျော်နိုင်ပါဘူးတဲ့။ ဒေါ်တုတ်ရဲ့ စင်ကြယ်တဲ့ သီလကြောင့် ဆိုးညစ်တဲ့မိုးမှောင် နဲ့ ထိမိတဲ့ရတနာတွေဟာ မီးကျီခဲတွေ ဖြစ်သွားကြတယ်။ မိုးမှောင်ဟာလောဘတကြီး နဲ့ ရတနာတွေကို ယူလိုသော်လည်း ပူလောင်ယားယံမှုဒဏ်ကိုမခံနိုင်တာကြောင့် ရတနာတွေကို ပစ်ချပြီး ထွက်ပြေးသွားပါတော့တယ်။
မိုးမှောင်ထွက်ပြေးသွားပြီးတဲ့နောက်မှာ ဒေါ်တုတ်တို့ သား အမိဟာ လွတ်မြောက်သွားကြပြီး သူတို့ ပစ္စည်းဥစ္စာတွေကိုလည်း ဘယ်သူခိုးဓါးမြမှ မကြံစည်ဝံ့တော့ဘူးတဲ့ကွယ်။
ဒေါ်တုတ်နဲ့ မနှင်းမြိုင်လေးတို့ သားအမိ ဟာ အေးချမ်းပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။
ခလေးတို့ ရေ ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ခလေးတို့ လည်း ဘယ်သူ့ ကိုမှ အပေါ်ယံကြည့်ပြီးမယုံကြည်ရဘူးကွယ့်နော်။ မိခင်ဖခင်တွေကိုလည်း လေးစားပြုစုကြရမယ်။နောက်ပြီး သူတစ်ပါးပစ္စည်းဥစ္စာတွေကိုလည်း မတော်လောဘနဲ့ မတပ်မက် သင့်ဘူးဆိုတာ မှတ်သားကြရမယ်ကွယ့်နော်။
မဇူးထိုက်
ကလေးပုံပြင်ကဏ္ဍ
အိပ်ယာဝင်ပုံပြင်လေးများ