သီးစုံကြက်သားစွပ်ပြုတ်

မေမေတို့ရေ ဒီနေ့မှာတော့ အသက် ၈ လနဲ့အထက်ဘေဘီလေးတွေကို စတင်ကျွေးမွေးလို့ရမယ့် သီးစုံကြက်သားစွပ်ပြုတ်လေးကို ပြင်ဆင်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ ..
– ကြက်သား ၃၀ သား
– မုန်လာဥနီ ၂ ဥ
– ကြက်သွန်နီ ၃ ဥ
– ကြက်သွန်ဖြူ ၃ မွှာ
– မုန်ညင်း ၁ စည်း
– ထောပတ် လက်ဖက်စားဇွန်း ၃ ဇွန်း
– ခရမ်းချဉ်သီး ၂ လုံး

ပြင်ဆင်ချက်ပြုတ်နည်း …
– ဦးစွာ ကြက်သားများကိုရေစင်အောင်ဆေးပြီး ကြက်သားမှုန့် (သို့) ဆားအနည်းငယ်ဖြင့် နယ်ထားပါ။
– ကြက်သွန်ဖြူနီ ပါးပါးလှီးထားပါ။ ကြက်သွန်နီ ၂ ဥကို အတုံးလေးများတုံးထားပါ။
– အိုးသန့်သန့်ထဲသို့ ထောပတ်ထည့်ပြီးအပူပေးပါ။
– ထောပတ်များပျော်လာပါက ပါးပါးလှီးထားသည့် ကြက်သွန်ဖြူနီထည့်၍ ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် အတုံးလေးများတုံးထားသည့် ကြက်သွန်နီများထပ်ထည့်မွှေပါ။
– အိုးထဲသို့ ကြက်သားများထည့်ပြီးမွှေပါ။ ပြီးလျှင် ကြက်သားများနစ်မြုပ်သည်အထိ ရေထည့်ပြီးအဖုံးအုပ်ထားပါ။
– ရေဆူလာလျှင် ကြက်သားများမြုပ်အောင်ရေထပ်ထည့်ပြီး မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မုန်ညင်းများကို ရေဆေးလှီးပြီးအိုးထဲသို့ထည့်ပါ။
– တစ်နာရီခန့်ကြာအောင်အဖုံးအုပ်တည်ထားပါ။ ပြီးလျှင် အဖုံးဖွင့်မွှေပြီးပါက နောက်ရေအနေအထားကြည့်၍ နောက်ထပ် ၂ နာရီခန့်ကြာအောင် ထပ်မံအဖုံးအုပ်ပြီးတည်ထားပါ။
– ကြက်သားများနူးအိပြီး ကြေနေအောင်ကျိုချက်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချပြီး အရည်စစ်ပြီးကြက်ရိုးများကိုသပ်သပ်ဖယ်ပါ။
– အရည်ကိုသပ်သပ်သိမ်းပြီး ကြက်သားဖတ်များနှင့် အသီးအရွက်ဖတ်များကို blander ထဲသို့ထည့်ကျိတ်ပြီးလျှင် ဘေဘီလေးများကို ပြင်ဆင်ကျွေးနိုင်ပါပြီ။
– ကျွေးသည့်အခါ ကျိတ်ထားသည့်အနှစ်ထဲသို့ ကြက်သားစွပ်ပြုတ်ရည်ကိုဆမ်း၍ ကျွေးနိုင်ပါသည်။
– တစ်နှစ်အထက်ဆိုပါက blender ဖြင့်မကျိတ်ဘဲ အိုးပေါ်မှချပြီး အရိုးများကိုဖယ်ထုတ်ကာ စွပ်ပြုတ်ကိုအအေးခံကျွေးနိုင်ပါသည်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)