ကောင်းကင်နဲ့ငရဲ
|ကလေးတို့ရေ …
ဟိုးရှေးရှေးတုန်းကတုန်းကဂျပန်ပြည်မှာ ဆာမူရိုင်းဓါးသမားတစ်ဦးဟာ တောင်ပေါ်မှာတရားကျင့်နေတဲ့ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးအိုတစ်ပါးကိုသွားတွေ့ခဲ့သတဲ့ကွယ်။ ဘုန်းတော်ကြီးအိုကြီးကိုတွေ့တော့ ဆာမူရိုင်းဓါးသမားကသူ့လာရင်းကိစ္စကိုဒီလိုမေးခဲ့ပါသတဲ့။
“ကျုပ်ကိုပြောစမ်းပါ။ ကောင်းကင်ဘုံနဲ့ငရဲဘုံဆိုတာတစ်ကယ်ရှိသလား” လို့ခပ်ပြတ်ပြတ်ဘဲမေးလိုက်သတဲ့။
အဲဒီအခါမှာဘုန်းတော်ကြီးက “မောင်ရင်ကဆာမူရိုင်းသူရဲကောင်းပေါ့လေ။ ဟုတ်လား။ ဒါပေမဲ့မောင်ရင့်အသွင်အပြင်ကတော့ရှုပ်ပွပေကျံနေပြီးဂုဏ်သတင်းမရှိတဲ့သူရဲကောင်းတစ်ဦးပုံပေါက်နေလေရဲ့” လို့ပြန်ပြောလိုက်သတဲ့ကွယ်။
အဲဒီအခါမှာ ဆာမူရိုင်းကြီးကသူ့ဓါးပေါ်ကိုလက်ရောက်သွားသတဲ့။
“သြ … မောင်ရင့်မှာဓါးပါသကိုး။ မောင်ရင့်ဓါးကတုန်းနေလို့ဘာကိုမှခုတ်လို့ရမယ်မထင်ပေါင်” လို့ဘုန်းတော်ကြီးအိုကြီးကဆက်ပြောလိုက်သတဲ့ကွယ်။
အဲဒီအခါမှာဆာမူရိုင်းကြီးကယမ်းပုံမီးကျဒေါသအိုးပေါက်ကွဲလို့သူ့ဓါးရှည်ကြီးကိုဆွဲထုတ်ပြီးဘုန်းတော်ကြီးအိုကြီးကိုရွယ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ
“အခုငရဲတံခါးပွင့်သွားပြီ” လို့ဘုန်းတော်ကြီးအိုကြီးကခပ်အေးအေးဘဲပြောလိုက်သတဲ့ကွယ်။ ဆာမူရိုင်းကြီးဟာသူ့အမှားကိုသူသိသွားလို့ဒေါသကိုထိမ်းပြီးသူ့ဓါးရှည်ကြီးကိုဓါးအိမ်ထဲပြန်ထည့်လိုက်သတဲ့။
“အခုကောင်းကင်တံခါးပွင့်သွားပြီ” လို့ဘုန်းတော်ကြီးကဆက်ပြီးပြောခဲ့သတဲ့။
ပုံပြင်ကလေးကတော့ဒါပါဘဲခလေးတို့ရေ။ ဒီပုံပြင်ရဲ့သင်ခန်းစာကိုကလေးတို့သဘောပေါက်ကြပါသလားကွယ်။
“ကောင်းကင်တံခါးဖွင့်နိုင်တာလည်းကိုယ်ဘဲ။ ငရဲတံခါးဖွင့်နိုင်တာလည်းကိုယ်ဘဲ” လို့ဆိုလိုတာပါဘဲကွယ်။
ကလေးတို့လိမ္မာရေးခြားရှိကြတဲ့မိကောင်းဖခင်သားသမီးများဖြစ်နိုင်ကြပါစေကွယ်။