ကလေးတို့အတွက်ပုံပြင် (၆၆ ) – ဝီလယမ်(မ်) ရှိတ်(က်)စပီးယား

ကလေးတို့အတွက်ပုံပြင် (၆၆ ) – ဝီလယမ်(မ်) ရှိတ်(က်)စပီးယား

ကလေးတို့ရေ ….

‘ရှိတ်စပီးယား’ ဆိုတဲ့နာမယ်ကိုမကြားဘူးသူရှိမယ်မထင်ပါဘူး။ ဦးဦးတို့ငယ်ငယ်ကကျောင်းမှာရှိတ်စပီးယားဝတ္ထုတိုလေးတစ်အုပ်သင်ခဲ့ရပါတယ်။ ရှိတ်စပီးယားပြဇတ်တစ်ပုဒ်ထဲကိုဘဲတစ်လုံးမကျန်ပြန်ရေးလိုက်ယင်တစ်လက်မလောက်ထူတဲ့စာအုပ်ကြီးထွက်လာမှာဖြစ်ပါတယ်။ ရှိတ်စပီးယားဟာအင်္ဂလိပ်စာရေးဆရာဖြစ်ပြီးသူရေးခဲ့တဲ့ပြဇတ်ပေါင်း ၃၇ ခုရှိပါတယ်။ ၁၄ ကြောင်းပါတဲ့လင်္ကာတွေက ၁၅၄ ခုရှိပါတယ်။ သူ့ကို ၁၅၆၄ ခုနှစ်မှာမွေးဖွါးခဲ့ပြီး ၂၃-၄-၁၆၁၆ မှာကွယ်လွန်ခဲ့ပါတယ်။ အင်္ဂလိပ်စာပေလောကမှာအကြီးကျယ်ဆုံးပုဂ္ဂိုလ်လို့စံတင်ရသူဖြစ်ပါတယ်။

ရှိတ်စပီးယားအကြောင်းရေးပြယင်စာအုပ်တစ်အုပ်မကဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ရေးချင်တာရှိတ်စပီးယားထွင်ခဲ့တဲ့စာလုံးတစ်ချို့အကြောင်းပါ။ ရှိတ်စပီးယားရဲ့စကားတစ်ချို့ဦးတို့မြန်မာစကားထဲတောင်ရောက်နေတာကိုသတိပြုမိသူနည်းမယ်ထင်ပါတယ်။ ဒီစကားလုံးတွေကသူရေးခဲ့တဲ့ပြဇတ်တွေထဲမှာစတင်သုံးခဲ့တဲ့စာလုံးတွေဖြစ်ပါတယ်။ ဒီနေ့ရှိတ်စပီးယားစကားလုံးတွေကိုနေ့စဉ်နဲ့အမျှပြောနေကြပြီဖြစ်ပါတယ်။

ကဲကြာပါတယ်ကွယ်။ ဘာတွေလဲကြည့်ရအောင်ပါ။

All that glitters is not gold = လက်နေတဲ့အရာတိုင်းဟာရွှေမဟုတ်ဘူး။
Catch a cold = အအေးမိ
Come what may = ဘယ်လိုအရာနဲ့ဘဲတွေ့ရတွေ့ရ
Dog will have his day = လူတိုင်းဟာတစ်ချိန်မှာတော့ကံကောင်းမှာဘဲ (ဒီနေ့မှာ Every dog has its day လို့လည်းဆိုပါတယ်)
Faint hearted = အသဲငယ်တဲ့လူ (ကြောက်တတ်သူ)
Fancy-free = မည်သူ့ကိုသံယောဇဉ်မတွယ်ခြင်း (Footloose and fancy-free လို့လည်းဆိုကြပါတယ်)
Fight till the last gasp = နောက်ဆုံးရှူလိုက်တဲ့အသက်အထိတိုက်ပွဲဝင်သည်
Forever and a day = တစ်သက်တာနဲ့တစ်ရက်
For goodness’ sake =စိတ်ရှုပ်ပါတယ်ကွာ
Full circle = မူလနေရာကိုတစ်ပတ်ပြန်လည် (Has come full circle ဟုလည်းပြောကြသေးသည်)
The game is up = ကျူးလွန်ဘို့ကြံနေတာတွေပေါ်သွားပြီ
Heart of gold = ရွှေနှလုံးသား
In my heart of hearts = ငါ့ရင်ထဲအသဲမှာတော့
In my book of memory = ငါ့အထင်တော့
Itching palm = လက်ဖဝါးယားနေတယ် (ပိုက်ဆံဝင်တော့မယ်ဟုအယူသီးခြင်း)
Kill with kindness = အကြင်နာလွန်လို့သေရ
Lie low = ဝပ်နေ (“ပုန်းနေ” သို့မဟုတ် “ထင်ထင်ပေါ်ပေါ်မနေနဲ့” ဟုပြောခြင်း)
Love is blind = အချစ်မှာမျက်စေ့မပါဘူး
Melted into thin air = ပါးလွှာသောလေထုအတွင်းသို့ဝင်ရောက်သွားတယ် (Vanished into thin air ဟုလည်းဆိုကြသည်။ မျက်လှည့်ပြလိုက်သလိုလေထုအတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတယ်) (ခြေရာဖျောက်ခြင်း)
Milk of human kindness = သူများတွေအတွက်အကြင်နာနှင့်စောင့်ရှောက်မှုရှိခြင်း
Naked truth = ဘာမှဝတ်မထားတဲ့အမှန်စကား (အမှန်စကား နဲ့ မုသားစကား တို့ရေသွားချိုးတဲ့အခါ မုသားစကား က အမှန်စကား ရဲ့အဝတ်တွေကိုဝတ်ထားသတဲ့။ ဒါပေမဲ့ အမှန်စကား က မုသားစကား ရဲ့အဝတ်တွေကိုဝတ်ရမဲ့အစားဘာမှမဝတ်ဘဲနေသတဲ့။ မှန်တာပြောနေတာကိုလေးနက်စေချင်တဲ့အခါမှာ “What I’ve told you is the naked truth” လို့ပြောလေ့ရှိကြပါတယ်)
Out of the jaws of death = သေမင်းခံတွင်းမှ
Own flesh and blood = သွေးရင်းသားရင်း
Seen better days = အိုမင်းဟောင်းနွမ်းနေပြီ (This jacket has seen better days = ဒီဂျာကင်အင်္ကျီဟာပိုကောင်းတဲ့နေ့တွေကိုတွေ့ခဲ့ပြီးပြီ)
Sick at heart = ဝမ်းနည်းကျေကွဲခြင်း (He was sick at heart about having to leave his family behind)
Snail paced = ခရုသွားနှုန်း
Spotless reputation = အစက်တစ်ခုမထင်းသောဂုဏ်သိက္ခာ
Stony hearted = ကျောက်ခဲနှလုံးသား
Tower of strength = ခွန်အားရဲတိုက် (အကြပ်အတည်း/သောကရောက်နေချိန်တွင်ကူညီမှုများနှင့်အားပေးမှုများပြုသူ။ A person who gives you help and support when you are in a difficult situation)
What’s done is done = ပြီးသွားတာကိုပြန်ပြင်လို့မရတော့ဘူး။
Wild-goose chase = တောငန်းတွေကိုလိုက်ခြင်း (မျှော်လင့်ချက်မရှိ၊ မရနိုင်တာကိုအချိန်ဖြုန်းပြီးမိုက်မဲစွာလိုက်ခြင်း)
The world’s my oyster = လိုချင်တာအကုန်ရနိုင်/ဖြစ်နိုင်တဲ့အခြေအနေ

ဒါနည်းနည်းလေးဘဲရှိပါသေးတယ်ကလေးတို့ရေ။ ကလေးတို့အင်္ဂလိပ်ဝတ္ထုကောင်းကောင်းနဲ့များများဖတ်ဘို့တိုက်တွန်းပါရစေ။ သန့်ရှင်းတဲ့စာအုပ်တွေအများကြီးပါကွယ်။ ဖတ်ယင်လည်းစာကြောင်းလှလှလေးတွေတွေ့ယင်ကူးရေးထားနော်။ ဦးဦးအဲဒီလိုဘဲစကျက်ခဲ့တာဒီနေ့ထိပါဘဲ။ ဦးဦးတို့အိမ်နီးချင်းနိုင်ငံတွေထဲမှာအင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်ရေးနိုင်တဲ့ကလေးတွေရှိတယ်ကွဲ့။ ဟိုးလွန်ခဲ့တဲ့နှစ် ၃ဝ ကျော်တုန်းက စင်္ကပိုက ကလေးတွေကျောင်းမှာရှိတ်စပီးယားပြဇတ်ကြီးတွေသင်ရပါတယ်။ ဒီနေ့လည်းသင်ရတုန်းလားတော့မသိပါဘူး။

ကလေးတို့တစ်နေ့မှာခေါင်းဆောင်တွေဖြစ်လာကြမှာပါ။ အင်္ဂလိပ်စာက ကမ္ဘာကြီးနဲ့ဆက်သွယ်ပေးမဲ့တံတားဆိုတာမမေ့နဲ့နော်။

ကလေးတို့လိမ်မာယဉ်ကျေးတဲ့မိကောင်းဖခင်သားသမီးတွေဖြစ်ကြပါစေကွယ်။

ကလေးတို့ကိုချစ်တဲ့၊
ဦးဦး