ကလေးတစ်ယောက်ကို တင်းကြပ်စွာ လေ့လာခိုင်းဖို့ မသင့်ပါ

မိဘတွေရဲ့လောဘကြီးမှု ၊ သားသမီးအပေါ်မှာ တိုးတတ်လိုစိတ်ပြင်းပျမှုတွေက တခါတရံမှာ အင်မတန်ကိုကြောင်စရာကောင်းလှပါတယ်။ဒါကဘာကြောင့်လဲ ဆိုတော့ချစ်လို့ပါ။ ဒါပေမယ့်လည်း ကလေးတစ်ယောက်အနေနဲ့သူ့အသက်အရွယ်နဲ့မလိုက်တဲ့ မကိုက်ညီတဲ့ သင်ကြားမှုတွေကိုအချိန်နဲ့အမျှ ရရှိနေမယ်ဆိုရင် ဒီကလေးဟာ ဘယ်လိုမှကို ထူးချွန်ပြောင်မြှောက်တဲ့ ကလေးတစ်ယောက်၊ ရင်သွေးတစ်ယောက်ဖြစ်လာတော့မှာမဟုတ်ပါဘူး။

ကလေးတစ်ယောက်ကို စာတွေအတင်းလုပ်ခိုင်းတာ၊ တော်စေချင်လို့တတ်စေချင်လို့ ကျူရှင်တွေကိုက်တွေ အစုံထားပေးမယ့်လည်း ကိုယ့်ကလေးအကြောင်းကိုတော့ကိုယ်တိုင်အတိအကျသိဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့သားသမီးဟာ ဒီလိုမျိုးထိလုပ်ဆောင်ပေးလိုက်ရင် လိုက်နိုင်ပါ့မလား၊ စာသင်ချိန်တွေများပြီး အူတူတူ ဖြစ်သွားမလားဆိုတာမျိုးကိုမှမသိတော့ရင်တော့မေမေရေ သဲထဲရေသွန်သလိုဖြစ်ရပြီပေါ့လေ။ဒါကြောင့်ဆန်းစစ်ပါ အကြိမ်ကြိမ်လေ့လာပါ ကိုယ့်သားသမီးအကြောင်းကို မွေးထုတ်ထားတဲ့ မိခင်တစ်ယောက်အနေနဲ့ ကိုယ်သာအသိဆုံးဖြစ်ပါစေ မေမေ။

 

အဲ့လို သိနေခြင်းက သူအသက်ကြီးလာတဲ့ အချိန် အောင်မြင်မှုတွေကို ခံစားနေရချိန်မှာတောင်မေမေ့ကိုမမေ့နိုင်တဲ့ အရာတွေအဖြစ်ပြောင်းလဲစေမယ့် အဓိကလက်ဆောင်ပါ။ သူ့မေမေဟာ သူ့ကိုအသိဆုံးဆိုတဲ့ ကလေးတစ်ယောက်ရဲ့အားကိုးမှုဟာ အတော်ကိုကြီးကျယ်မြင့်မြတ်လှပါတယ်မေမေရေ။ဒါကြောင့်ကလေးကို တအားကြီးမသင်ကြားပါနဲ့ ခေါင်းထဲကိုတအားကြီးရိုက်မထည့်ပေးပါနဲ့ မေမေသာ သူ့စိတ်ကိုနားလည်ရင် သင်ကြားပေးရတာပိုလွယ်ကူပါတယ်။

မနက် ၇ နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိကလေးတစ်ယောက်ကို စာသင်နေဖို့မလိုအပ်ပါဘူး။ သူ့အသိဥာဏ်နဲ့သူ လွတ်ထားပေးကြည့်လိုက်ပါ။ ကလေးကသူလုပ်ချင်ပြီဆိုရင် ကိုယ်ကပံ့ပိုးပေးလိုက်ပါ။ဒါဟာသူ့ဘဝတတ်လမ်းကို သူကိုယ်တိုင်ရှာတက်တဲ့  အကျင့်ကိုလေ့ကျင့်ပေးပြီးသားလည်းဖြစ်ပါတယ်။ ဒါကြောင့်မေမေ သိပ်ပြီးမသင်ပါနဲ့ သိပ်ပြီးမကြင်နာပါနဲ့ ဘဝကပေးတဲ့ သင်ခန်းစာတွေကို ကလေးလေးကိုယ်တိုင်ရှာတတ်အောင်လို့ ဘေးနားကနေလမ်းပြပေးပါမေမေရေ။