အက်ဘီမစ်လာ (Abby Miller)
|“မည်သူမျှသူတစ်ပါးကိုချမ်းသာကြွယ်ဝအောင်လုပ်မပေးဘဲမိမိကိုယ်တိုင်ချမ်းသာကြွယ်ဝခြင်းမဖြစ်နိုင်။ ငွေကြေးချမ်းသာကြွယ်ဝစွာနှင့်သေသူသည်ဂုဏ်သရေပျက်စွာဖြင့်သေရခြင်းဖြစ်၏”
ကလေးတို့ရေ …
ဒီစကားတွေဟာအမေရိကန်နိုင်ငံကပရဟိတရှေ့ဆောင်လမ်းပြ Pioneer ကြီး အယ်(န်)ဒရူးကာနေဂီ (၁၈၃၅ – ၁၉၁၉) ပြောခဲ့တဲ့စကားတွေပါဘဲကွယ်။
အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ကြီးရဲ့ယူနီယံဘူတာရုံရှေ့မှာ ၁၂ နှစ်အရွယ်ကလေးမလေးတစ်ဦးဟာဂီတာတစ်လက်ကိုပွေ့ပြီးတီးနေယင်းနဲ့သီချင်းတွေအော်ဆိုနေပါတယ်။ ဘူတာရှေ့ မှာအပျော်ဖျော်ဖြေရေးသမားတွေ၊ သီချင်းဆိုပြနေသူတွေအများကြီး၊ ခရီးသွားတွေလည်းပျားပန်းခတ်အများကြီးပါဘဲ။
အေးလွန်းလှတဲ့ရာသီမှာလူတစ်ချို့ကရပ်ပြီးနားထောင်အားပေးကြ၊ တစ်ချို့ကအဲဒီကလေးမလေးရှေ့ကပုံးထဲမှာပိုက်ဆံချသွားကြ၊ တစ်ချို့ကလည်းသူ့ရှေ့ကဒ်ပြားလေးတွေပေါ်မှာစာလေးတွေရေးသွားကြပါတယ်ကွယ်။
အဲဒီကလေးမလေးနာမယ်က အက်ဘီမစ်လာဖြစ်ပါတယ်။ သူ့မှာ ၄ နှစ်အရွယ် တေလာလဗ်(ဗ်) ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ တေလာလေးဟာငယ်ငယ်ရွယ်ရွယ်လေးနဲ့ကင်ဆာရောဂါဖြစ်နေပါတယ်။ အက်ဘီတစ်ပတ်တစ်ခါသီချင်းဆိုလို့ရတဲ့ပိုက်ဆံကိုတေလာ့မိသားစုပေးတာမို့အထောက်အပံ့ဖြစ်စေပါတယ်။ ဆုမွန်တောင်းသူတွေကလည်း ကဒ်ပြားလေးတွေပေါ်မှာရေးသွားကြတဲ့ဆုတွေ၊ အားပေးစကားတွေကိုတေလာ့မေမေကတေလာညအိပ်ယာမဝင်ခင်ဖတ်ပြလေ့ရှိပါတယ်။ အဲဒီမေတ္တာတွေကတေလာလေးရဲ့ခရီးကြမ်းမှာသူ့ကိုခွန်အားဖြစ်စေပါတယ်ကွယ်။
‘အက်ဘီလေးဟာကြွက်ကလေးတစ်ကောင်လောက်သေးငယ်ပေမဲ့သူ့မေတ္တာနဲ့သူ့သတ္တိကတော့ခြင်္သေ့ကြီးတစ်ကောင်လောက်ကြီးတယ်’ လို့ဦးဦးကဆိုချင်ပါတယ်။
ဒါတွေဟာလွန်ခဲ့တဲ့ငါးနှစ်ကပါ။ တေလာအတွက်ရံပုံငွေရှာ ဝက်(ဘ်)ဆိုက်တစ်ခုလည်းဖွင့်ထားခဲ့ပါတယ်။ အဲဒီမှာအက်ဘီ က တေလာလေးကိုကူညီဘို့ပြောထားတာရှိပါတယ်။ အက်ဘီလေးဟာဒေါ်လာ ၄ သောင်းကျော်ရှာနိုင်ခဲ့ပါတယ်။
ကိုယ့်မှာဘုရားသခင်ကဘဲပေးပေး၊ ရှေးကပါရမီဘဲဖြစ်ဖြစ်၊ ‘ပညာ’ တစ်ခုပါလာယင်အဲဒါကိုအများနဲ့မျှဝေသင့်ပါတယ်။ အင်္ဂလိပ်လိုဆိုပိုရှင်းပါတယ်။ “If you have a gift, you should share it” လို့ဆိုလိုတာပါဘဲ။
ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်အမျှော်အမြင်ရှိတာ၊ တစ်ကိုယ်ကောင်းမဆန်တာချီးကျူးစရာဘဲနော်။ နောက်မှဒီလိုပုံပြင်မျိုးတွေထပ်ပြီးရှာတင်ပေးပါအုန်းမယ်။
ဒီပုံပြင်ရဲ့သင်ခန်းစာကိုမှတ်မိတယ်နော်။ ဘာတဲ့လဲ။ အပေါ်ကိုပြန်မကြည့်ဘဲနဲ့ဖြေပြ။
“သူတစ်ပါးကိုချမ်းသာကြွယ်ဝအောင်လုပ်မပေးဘဲမိမိကိုယ်တိုင်မချမ်းသာမကြွယ်ဝနိုင်။ ငွေကြေးချမ်းသာကြွယ်ဝစွာနှင့်သေသူသည်ဂုဏ်သရေပျက်စွာဖြင့်သေရ၏” တဲ့။ (Pioneering American philanthropist Andrew Carnegie once set the standard for giving back: “No man can become rich without himself enriching others,” he said. “The man who dies rich dies disgraced.”)
ကလေးတို့အမျှော်အမြင်ကြီးမားပြီး၊ အများအကျိုးဆောင်ရွက်နိုင်တဲ့မီးရှူးတန်ဆောင်ကြီးများဖြစ်နိုင်ကြပါစေကွယ်။
ကလေးတို့ကိုချစ်တဲ့၊
ဦးဦး