ဝါးလုံးခေါင်းထဲကလောက်ကလေး

ဝါးလုံးခေါင်းထဲကလောက်ကလေး

ကလေးတို့ရေ …

ဒီတစ်ပတ်တော့စိတ်ပြေလက်ပျောက်အဖြစ်ပေါ့ပေါ့ပါးပါးရယ်စရာပုံပြင်တစ်ပုဒ်ပြောပြမယ်နော်။ ကလေးတို့ကြားဘူးမှာပါ။ ဟိုးပဝေသဏီတုန်းကဟိမဝန္တာတောကြီးထဲမှာတရားကျင့်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ဦးရှိခဲ့ကြသတဲ့။ တစ်နေ့မှာတစ်ယောက်ကနောက်တစ်ယောက်ကိုဒီလိုသွားပြောသတဲ့။

“သူငယ်ချင်း။ မင်းနဲ့ငါကတိတစ်ခုပြုကြရအောင်”
“ဘာကတိလဲ။ ဘူရှစ်တွေတော့မလုပ်နဲ့နော်”
“မဟုတ်ပါဘူးကွာ။ မင်းကလဲသံသယတွေများရန်ကော။ ဒီလိုလေ။ ဒို့သေတဲ့အခါတစ်ကယ်လို့များမဆိုစကောင်းဒို့ထဲကတစ်ယောက်ကအပယ်ဘုံကိုရောက်သွားယင်ကျန်တစ်ယောက်ကလာကယ်ရမယ်ဆိုတဲ့ကတိဘဲ”
“ဟားဟားဟား။ မင်းကဘာတွေလုပ်ထားလို့လန့်နေရတာလဲ”
“မင်းကိုငါကသူငယ်ချင်းအစစ်မှတ်လို့လာတိုင်ပင်တာကွ။ မင်းစိတ်မဝင်စားလဲပီးရော။ ငါ့ကိုတော့ဒီလိုမပြောနဲ့”
“အေးပါကွာ။ အကူအညီလာတောင်းတော့လည်းလူကြီးလူကောင်းတစ်ယောက်ပြီသစွာနဲ့ကတိပေးရမှာပေါ့။ စိတ်မပူနဲ့သူငယ်ချင်း။ ငါ့ကတိတည်စေရပါမယ်။ ကဲကဲ … မင်းချမ်းသာစွာသာသွားကျင့်ချေ” လို့ပြောလိုက်သတဲ့။

ဒီလိုနဲ့နွေရွက်ဝါတွေအကြိမ်ကြိမ်ကြွေပြီးသူငယ်ချင်းနှစ်ဦးလည်းအနိစ္စသဘောတရားကိုမလွန်ဆန်နိုင်ဘဲသေမင်းနောက်ကိုလိုက်သွားကြရသတဲ့။ တစ်ဦးကတော့စိတ်ကောင်းရှိခဲ့တဲ့အတွက်နတ်ပြည်ကိုရောက်သွားသတဲ့။ သူဟာနတ်ပြည်ရောက်တာနဲ့ချက်ချင်းသူ့သူငယ်ချင်းကိုလိုက်ရှာတာပေါ့ကွယ်။

ပဌမဆုံး ဟပ်ဘ(လ်)တယ်လီစကုပ် လောက်အားကောင်းတဲ့မှန်ပြောင်းကြီးနဲ့ဗြဟ္မာ့ဘုံတွေမှာလိုက်ရှာ၊ မတွေ့တော့သူ့အထက်ကနတ်ဘုံတွေမှာလိုက်ရှာသတဲ့။ အဲဒီမှာလည်းသူ့သူငယ်ချင်းမရှိပြန်ပါဘူး။
သူနေတဲ့နတ်ပြည်မှာလည်းသူ့သူငယ်ချင်းကိုမတွေ့။ ဒါနဲ့နတ်ရေဒါတွေ၊ နတ်စကင်နာတွေဖွင့်ပြီးတစ်ထပ်နိမ့်တဲ့နတ်ဘုံမှာရှာပြန်သတဲ့။ အဲဒီမှာလည်းမတွေ့လို့ ‘လူ့ဘုံကိုများပြန်ရောက်နေသလား’ ဆိုပြီးလူ့ဘုံမှာဆက်ရှာပြန်သတဲ့။ လူ့ဘုံမှာလည်းမတွေ့တော့စိတ်အားငယ်သွားသတဲ့ကွယ်။ အထက်ဘုံတွေမှာမရှိယင်အပယ်ဘုံဘဲကျန်တော့လို့ပါ။
ဒါနဲ့ ‘အကြီးဆုံးတိရစ္ဆာန်ကြီး’ တွေကနေစရှာတာပေါ့ကွယ်။ အကြီးဆုံးဝေလငါးတွေ၊ ဆင်တွေကနေစရှာတာအိမ်မွေးအချစ်တော်ကြောင်တို့၊ ကြက်တူရွေးတို့အထိမတွေ့ဘူးတဲ့ကွယ်။

နောက်ဆုံးတော့ ‘နတ်အင်တာနက်’ ကိုသုံးပြီးအသေးစိတ်စံနစ်တကျနဲ့ classification ခွဲရှာဘို့အကြံရသွားသတဲ့။ အဲဒါနဲ့ Search engine ထဲက search box ထဲ ‘တွားသွားသတ္တဝါများစာရင်း’မှာရှာကြည့်တော့မြွေ၊ ငါးရှဥ့်၊ ခရု၊ ပက်ကျိတွေထဲမှာလည်းမတွေ့လို့ ‘အဆင့်နိမ့်တွားသွားသတ္တဝါများ’ လို့ တစ်ဆင့်ထပ်ချပြီးရှာလိုက်တော့သွားတွေ့ပါတော့တယ်။ သူ့သူငယ်ချင်းနာမယ်ကိုတစ်ခါထဲ ‘ဟိုင်းလိုက်’ လုပ်ပြီးသားကိုပေါ်လာတော့တာပါဘဲကွယ်။
သူ့သူငယ်ချင်းနာမယ်ကိုတွေ့လိုက်တော့နတ်သားလေးဟာပါးစပ်အဟောင်းသားဖြစ်သွားလို့သူ့မေးရိုးဟာကြမ်းပေါ်ကျသွားတာ ‘ဂျောက်ကနဲ’ တောင်မြည်သတဲ့။ သူ့သူငယ်ချင်းဟာတိရစ္ဆာန်ဘုံမှာလောက်အဖြစ်နဲ့ပြန်လည်မွေးဖွါးလာလို့ပါဘဲကွယ်။ သူ့သူငယ်ချင်းရဲ့နေရပ်လိပ်စာကိုထပ်ရှာလိုက်တော့အရပ်ဒေသတစ်ခုကလူအများသုံးတဲ့အိမ်သာတွင်းထဲမှာနေနေတာကိုစိတ်မကောင်းစွာသွားတွေ့ရပါတယ်ကွယ်။ မြန်မာပြည်တော့မဟုတ်ဘူးဆိုတာကလေးတို့အရင်ဆုံးသိထားနော်

ဒါနဲ့သူလည်းလူ့ဘဝတုန်းကသူ့သူငယ်ချင်းကတိလာတောင်းဘူးတာကိုမှတ်မိလာပါတယ်။ အဲဒီမှာသူစဉ်းစားမိသတဲ့။ “ သြော် .. သူ့နောင်ရေးကောင်းအောင်သေသေချာချာလုပ်သွားတာဘဲကိုး။ ဒီကောင်မကောင်းတာလုပ်ထားလို့အပယ်ဘုံရောက်တာ။ သူ့ထိုက်နဲ့သူ့ကံပစ်ထားယင်ကောင်းမလား။ ဟာ …. မဟုတ်သေးပါဘူးလေ။ သူမကောင်းလည်းကိုယ်ကောင်းရမှာဘဲ။ ကတိဟာကတိဘဲ။ လူတိုင်းဟာတစ်ကြိမ်တစ်ခါတော့ ‘second chance’ (ဒုတိယအခွင့်အရေးလေး)နဲ့ထိုက်တန်ကြတာချည်းဘဲ။ ကတိပေးပြီးယင် double standard နှစ်လွှာအဆင့်လုပ်လို့မရဘူး။ ငါကတိတည်ရမယ်။ နောက်ပြီးဒီမှာငါ့နတ်သက်တန်းက stay ပါမစ်ဘယ်လောက်ရထားမှန်းမသိဘူး။ ငါမသေခင်မြန်မြန်သွားခေါ်မှ။ စဉ်းစားနေတာနဲ့ဘဲအင်မတန်အဖိုးတန်လှတဲ့အချိန်တွေဆုံးလှပြီ။ ဒို့ဆီမှာတစ်စက္ကန့်ကဟိုမှာနှစ်တွေနဲ့ချီကြာတာ။ မဖြစ်ဘူး။ ငါ့သူငယ်ချင်းလောက်ကလေးမသေခင်အချိန်မှီ်မြန်မြန်ကယ်မှ” ဆိုပြီးနတ်ပြည်ကနေခုန်ဆင်းလာခဲ့ပါတယ်ကွယ်။

ဒါနဲ့သူ့သူငယ်ချင်းနေတဲ့အိမ် (သာ) နားရောက်တော့နတ်သားလေးဟာသူ့နှာခေါင်းကိုအသင့်ပါလာတဲ့ mask နဲ့အုပ်ပြီးသူငယ်ချင်းနာမယ်ကိုအော်ခေါ်လိုက်သတဲ့။ အထဲကနေယဉ်ကျေးစွာပြန်ဖြေတဲ့အသံထွက်လာပါတယ်။

“ဟေ့ဘယ်ကောင်လဲကွဒီနားလာအော်နေတာ။ မင်းကိုယ်မင်းလော်စပီကာများမှတ်နေသလား”
“သူငယ်ချင်း၊ မင်းငါ့မမှတ်မိဘူးလား။ ဒို့လူ့ဘဝက ကတိထားခဲ့တယ်လေ။ ခုငါနတ်ပြည်မှာနေတယ်။ မင်းကိုလာခေါ်တာ။ မင်းကိုနတ်ပြည်တင်မလို့”
“ထပ်တရီ … နတ်ပြည်ဆိုတာဒီနေရာကွ။ မင်းကိုတော့ဘော်ဒါချင်းမို့မင်းလိုချင်ယင်ငါတစ်နေရာဖန်တီးပေးနိုင်ပါတယ်” လို့ပြန်ပြောသတဲ့။

ဒါနဲ့နတ်သားလေးလည်းစဉ်းစားရတော့တယ်။ “အိမ်း…ငါ့သူငယ်ချင်းနတ်ပြည်မမြင်ဘူးလို့ပြောတာ။ စိတ်ရှည်မှ၊ စိတ်ရှည်မှ” ဆိုပြီး
“ဒီလိုလုပ်ကွာ။ မင်းငါနဲ့နတ်ပြည်ကိုအလည်လိုက်ခဲ့။ မင်းအရင်လာကြည့်အုန်း။ မင်းမြင်ယင်ကြိုက်မှာပါကွာ” လို့ပြောလိုက်သတဲ့။ သူ့သူငယ်ချင်းလောက်ကလေးက

“လာခေါ်တာတော့ကျေးဇူးတင်ပါတယ်ကွာ။ ဒီမှာစားစရာသောက်စရာတွေပေါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေလည်းပေါတယ်။ မင်းတို့နတ်ပြည်ကိုအထင်လည်းမကြီးဘူးကွ။ ကဲ.. ကြွပေအုန်းတော့” လို့မောင်းထုတ်သတဲ့။

နတ်သားလေးလည်းစိတ်ပျက်သွားသတဲ့။ သူ့ခမျာနကိုယ်ထဲကအီးတွေမှန်နေတာ။ ဒါပေမဲ့ ‘second chance’ ‘ဒုတိယ အခွင့်အရေး’ ဆိုတဲ့စကားလုံးကိုသတိရမိလို့ဘရိတ်ပြန်အုပ်ပြီး၊

“ဟေ့ကောင် … မင်းနတ်ပြည်တောင်မရောက်ဘူးဘဲနဲ့ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ မင်းလိုက်သာကြည့်စမ်းပါ။ မင်းကိုငါနတ်ပြည်အနှံ့လိုက်ပြမယ်။ မင်းမျက်လုံးနဲ့ကိုယ်တိုင်ကြည့်။ နောက်တော့မှ “အသိရနောက်ကျလေခြင်းဖြစ်နေအုန်းမှာ”ဆိုတော့မောင်ရွှေလောက်ကလေးငိုင်သွားပါတယ်။ လောက်ပေမဲ့သူကလည်းသူကလည်းအသိဥာဏ်ရှိတယ်လေ။ စဉ်းစားမိတာပေါ့။ “ငါ့သူငယ်ချင်းပြောတဲ့စကားထဲမှာလဲငြင်းမရတဲ့အမှန်တရားတွေပါနေတာဘဲ” ဆိုတာကိုသတိပြုမိတယ်။ ဒါပေမဲ့ ‘ဟန်ကိုယ့်ဘို့’ ဆိုတဲ့စကားအတိုင်းဘဲခပ်တည်တည်နဲ့ရင်ကိုကော့၊ ချောင်းကိုဟန့်ပြီး၊

“အဟမ်း အဟမ်း … မင်းတို့နတ်ပြည်မှာအီးတုန်းရှိလား” မေးပါတယ်။
“သူငယ်ချင်း၊ အဲဒီထက်ပိုကောင်းတာတွေအများကြီးရှိတယ်” လို့ဖြေတော့သူကအကင်းပါးသူမို့
“အဲဒါဆိုငါမလိုက်ဘူး” လို့ပြောပြီးတွင်းထဲပြန်လှည့်ဝင်သွားသတဲ့။ နတ်သားလေးလည်းစဉ်းစားမိတယ်။

“ဒီကောင့်ပြောနေတာကြာပါတယ်။ သူကိုယ်တိုင်မျက်စေ့နဲ့မြင်ရယင်တော့စိတ်ပြောင်းသွားနိုင်ပါတယ်။ မမြင်ဘူးလို့မူးကိုမြစ်ထင်နေတာဖြစ်မှာပါ။ သူကိုယ်တိုင်ကြည့်ခွင့်ပေးလိုက်အုန်းမှ” ဆိုပြီးဂုတ်ကနေလှမ်းဆွဲပြီးနတ်ပြည်ကိုခေါ်သွားပါတော့တယ်ကွယ်။ လောက်ကလေးလည်းယက်ကန်ယက်ကန်နဲ့အတင်းရုန်းပြီးအော်တော့တာပေါ့။

“Help! Mayday! ကယ်တော်မူကြပါ။ ဟောဒီမှာလောက်ပြန်ပေးဆွဲနေပါပြီဗျို့…..”

အော်လည်းအော်၊ ရုန်းလည်းရုန်းနဲ့နောက်ဆုံးပြုတ်ကျသွားပါတယ်ကွယ်။ နတ်သားလေးလည်းနတ်ပြည်နဲ့ချီးတွင်း၊ ဘယ်ဟာပိုကောင်းတယ်ဆိုတာသူကိုယ်တိုင်အသိမို့ထပ်ကျိုးစားပြန်ပါတယ်။ ဒီတစ်ခါတော့လောက်ကလေးကသူ့သူငယ်ချင်းတွေကိုအကူအညီတောင်းပြီးသူတို့နောက်မှာဝင်ပုန်းနေလိုက်ပါတော့တယ်ကွယ်။ သူ့သူငယ်ချင်းတွေကပါသံယောင်လိုက်ပြီးတတ်သမျှစကားလုံးလေးတစ်လုံးနှစ်လုံးကိုဘဲမိုးမွှန်အောင်ဆဲကြတော့တာဘဲကွယ်။

ပုံပြင်ထဲမှာတော့နတ်သားလေးဟာစိတ်ပျက်ပြီး “ချီးထဲကလောက်ဟာချီးထဲမှာဘဲပျော်တယ်ဆိုတာတယ်မှန်တာဘဲ” ဆိုပြီးနတ်ပြည်ကိုပြန်သွားသတဲ့။
ပုံပြင်ထဲမှာမပါတာကျန်သေးတယ်ကွဲ့။ နတ်သားလေးကိုမြင်တော့ချီးတွင်းထဲမှာနေရတာစိတ်ပျက်နေတဲ့လောက်တွေအများစုက ‘သူတို့ကိုနတ်ပြည်ခေါ်သွားဘို့၊ သူတို့ကိုချီးတွင်းထဲမှာပစ်မထားခဲ့ဘို့’ ဝိုင်းတောင်းပန်ကြသတဲ့။

ပုံပြင်ကိုကလေးတို့ကြိုက်သလိုသာအဆုံးသတ်နိုင်ပါတယ်ကွယ်

ကလေးတို့ဒီပုံပြင်ကနေဘာသင်ခန်းစာတွေရခဲ့ပါသလဲ။ ကလေးတို့ ‘ကိုယ့်အိမ်နီးချင်းတိုင်းပြည်တွေဘယ်လောက်ထွန်းကားနေပြီလဲ၊ ကမ္ဘာကြီးဘယ်လောက်ပြောင်းလဲနေပြီလဲ’ဆိုတာသိသင့်၊ လေ့လာသင့်တယ်နော်။ အပျော်လွန်ပြီးတစ်နေရာထဲမှာဘဲ ‘ကပ်’ နေယင် ‘ဝါးလုံးခေါင်းလေးထဲမှာလသာ’ နေတာနဲ့အတူတူဘဲဆိုတာမမေ့နဲ့နော်။
ကလေးတို့ “ကမ္ဘာ့မှာမြန်မာဟေ့!” လို့ပြနိုင်တဲ့ခေါင်းဆောင်တွေဖြစ်နိုင်ကြပါစေကွယ်။

(လွတ်လပ်စွာ Share နိုင်ပါတယ်)