ရေစစ်သုံးခု

ရေစစ်သုံးခု

ကလေးတို့ရေ ….

ဂရိ(ခ်)ပညာရှိကြီး ဆိုခရေးတီး(စ်)ဆိုတာကိုကလေးတို့ကြားဘူးကြမှာပေါ့ကွယ်။ ဆိုခရေးတီး(စ်)တို့၊ ပလေတိုတို့ဆိုတာဟိုးရှေးခေတ်က Greek နိုင်ငံရဲ့ နာမယ်ကျော်ပညာရှိကြီးတွေပါဘဲ။

တစ်နေ့မှာတော့ ဆိုခရေးတီး(စ်)တပည့်တစ်ယောက်ကသူ့ကိုသတင်းတစ်ခုကြားလို့လာပြောသတဲ့။ သူ့တပည့်ကို ဆိုခရေးတီး(စ်)ကပြန်ပြောပြတာကိုကလေးတို့မှတ်ထားသင့်လို့ပြန်ရေးပေးလိုက်ပါ တယ်ကွယ်။

“ဆရာ၊ ဆရာ့သူငယ်ချင်းသတင်းကျွန်တော်အခုဘဲကြားလာတယ်”
“နေအုန်း။ မင်းငါ့ကိုမပြောခင်မင်းစကားဟာရေစစ်သုံးခုကိုဖြတ်နိုင်မဖြတ်နိုင်အရင်စစ်ရမယ်”
“ဘယ်လိုရေစစ်သုံးခုလဲဆရာ”
“ပဌမရေစစ်နာမယ်က ‘အမှန်တရား’ တဲ့ကွဲ့၊မင်းပြောမဲ့ဟာကလုံးဝရာနှုန်းပြည့်အမှန်ဖြစ်မဖြစ်ပဌမရေစစ်ထဲထည့်ရမယ်။ မင်းပြောမဲ့ဟာကလုံးဝရာနှုန်းပြည့်အမှန်ဖြစ်တယ်ဆိုတာမင်းလုံးဝတာဝန်ယူနိုင်မလား”
“ကျွန်တော်သူများဆီကကြားတာမို့ရာနှုန်းပြည့်မသေချာပါဘူးဆရာ”
“အေးကောင်းပြီ။ ဒုတိယရေစစ်နဲ့စစ်ရအောင်”
“ဒုတိယရေစစ်ဆိုတာဘာလဲဆရာ”
“ဒုတိယရေစစ်နာမယ်က ‘ကောင်းကျိုး’ တဲ့ကွဲ့။ မင်းအခုပြောမဲ့စကားကကောင်းကျိုးကိုဖြစ်စေမှာလား”
“မကောင်းတာဘဲဖြစ်ဘို့များပါတယ်ဆရာ”
“ဒါဆိုမင်းပြောမဲ့စကားကမှန်လည်းမမှန်ဘူး၊ မကောင်းတာလည်းဖြစ်ဘို့များတယ်ပေါ့”
“ဟုတ်ပါတယ်ဆရာ”
“အေး။ နောက်ဆုံးကျန်တဲ့ရေစစ်တစ်ခုထဲထည့်ကြည့်ကြရအောင်”
“ဘာရေစစ်လဲဆရာ”
“အဲဒီရေစစ်နာမယ်က ‘အသုံးဝင်မှု’ တဲ့ကွဲ့။ မင်းငါ့ကိုပြောမဲ့ဟာကအသုံးဝင်မှုဖြစ်စေမှာလား”
“အမ်.. သိတ်မသေချာဘူးဆရာ”
“ဒါဆိုမင်းငါ့ကိုလာပြောမဲ့ဟာက မှန်လည်းမမှန်ဘူး၊ မကောင်းတာလည်းဖြစ်ဘို့များတယ်၊ ပြီးတော့အသုံးဝင်မှုဖြစ်စေမှာလည်းသိတ်မသေချာဘူးဆိုပါတော့”
“ဟုတ်ပါတယ်ဆရာ”
နောက်ဆုံးတော့ပညာရှိကြီးကသူ့တပည့်ကိုဒီလိုဆုံးမခဲ့သတဲ့
“မှန်လည်းမမှန်ဘူး၊ မကောင်းတာလည်းဖြစ်ဘို့များတယ်၊ ပြီးတော့အသုံးဝင်မှုဖြစ်စေမှာလည်းသိတ်မသေချာဘူးဆိုယင်ငါ့ကိုဘာဖြစ်လို့လာပြောချင်ရတာလဲ” …. တဲ့။

ပုံပြင်လေးကတော့ဒါပါဘဲကွယ်။

မီးခိုးဆိုတာမီးရှိမှထွက်ပါတယ်။ ကလေးတို့မီးမွှေးတဲ့လူတွေမဖြစ်ကြပါစေနဲ့။ မီးငြှိမ်းတဲ့လူဘဲဖြစ်ကြပါစေ။ အတင်းအဖျင်းစကား၊ တောင်စဉ်ရေမရအဓိပ္ပါယ်မရှိတဲ့စကားတွေနားလည်းမထောင်ပါနဲ့၊ လက်ဆင့်ကမ်းတဲ့လူတွေလည်းမဖြစ်ပါစေနဲ့။

ကလေးတို့ဒီထက်ဥာဏ်ရှိပါတယ်။
ကလေးတို့ထူးချွန်ထက်မြက်တဲ့ကလေးများဖြစ်ကြပါစေကွယ်။