သွေးလွန်တုပ်ကွေး ရာသီနှိုးဆော်ချက်

သွေးလွန်တုပ်ကွေး ရာသီနှိုးဆော်ချက်
***************************

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေး အဖြစ်များဆုံးသော နိုင်ငံထဲတွင်ပါဝင်၍ တနိုင်ငံလုံး သတိရှိစေလိုပါသည်။ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူကလေးဦးရေသည် နှစ်စဉ် ထောင်သောင်းနှင့်ချီပြီး သေဆုံးသူကလေးအရေအတွက်လည်း နှစ်စဉ် ရာဂဏန်းရှိပါသည်။

(၁) ရောဂါပိုးရရှိပုံ

သွေးလွန်တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာသော ခြင်ကြားကိုက်ခံရလျှင် အရွယ်မရွေး သွေးလွန်တုပ်ကွေးဖြစ်သည်။ ခြင်ကြားက အိမ်တွင်းအိမ်ပြင်မှ တွေ့ရာ ရေကြည်၊ ရေသေထဲတွင် ပေါက်သည်။ ပေါက်ပွားနှုန်း အလွန်မြန်သည်။ နေ့ဘက် ကိုက်သည်။

(၂) ဘယ်အချိန် လက္ခဏာပြ

ကိုက်ခံရပြီး ၃ ရက်မှ ၂ ပတ်အတွင်း ရောဂါ လက္ခဏာ ပြပါမည်။ ကိုက်ခံရသူက ပိုးကို သွေးထဲသယ်ဆောင်ထားပြီး အဖျားကြီးစဉ် ခြင်ထပ်ကိုက်ခံရပါက ထိုခြင်က အခြားလူများကို ရောဂါပိုးထပ်ဖြန့်ပါမည်။ လူလူချင်းမကူးပါ။

(၃) ရောဂါ လက္ခဏာများ

-ရုတ်တရက် အဖျားကြီးခြင်း x ၃-၇ ရက်
-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
-မျက်လုံးနောက်ဖက်နာကျင်ခြင်း
-ကြွက်သားနှင့် အဆစ်ကိုက်ခဲခြင်း
-အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း
-အရေပြား အနီစက်ပေါ်ခြင်း
-နှာခေါင်းသွေးလျှံခြင်း
-သွားဖုံးသွေးထွက်ခြင်း
-ခံတွင်းပျက်ခြင်း
-နုံးနယ်ပင်ပန်းခြင်း

(၄) ပျောက်ဖို့ ဆေးမရှိပါ။

ဖြစ်လျှင် ဆေးခန်းပြပါ။ ကလေးကို အရည်ဓာတ်ပိုတိုက်ပါ။ အဖျားကြီးလျှင် ပါရာစီတမောတိုက်ပါ။ အက်စ်ပရင်နှင့် အကိုက်အခဲပျောက်ဆေးများက ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်းကို အားပေးနိုင်၍ ရှောင်ပါ။

ကိုယ်ခံအားမှ တုန့်ပြန်တိုက်ခိုက်၍ ရောဂါပိုးကို နိုင်လျှင် ပြန်ကောင်းမည်။ အရင် ဖြစ်ဖူးလျှင် ကိုယ်ခံအား တုန့်ုပြန်မှု ပြင်းထန်နိုင်လွန်း၍ သွေးပေါင်ကျခြင်း၊ ခန္ဓာကိုယ်တွင်း သွေးထွက်လွန်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်သည်။

(၅) အောက်ပါအချက်များရှိလျှင် ဆေးရုံအမြန်သွားပါ။

-ရေမဝင်ခြင်း
-ဗိုက်အလွန်နာခြင်း၊ အလွန်အန်ခြင်း
-အရေပြား အညိုမည်းစွဲသလိုများဖြစ်ခြင်း
-အိပ်ငိုက်လွန်းပုံပေါ်ခြင်း
-ဂဏာမငြိမ် ယောက်ယက်ခတ်နေခြင်း
-သတိလစ်ခြင်း
-ဖြူပတ်ဖြူရော်နှင့် ခြေလက်များအေးစက်လာခြင်း

(၆) ကာကွယ်ပါ။

(က) မဖြစ်ခင် ခြင်နှိမ်နင်းပါ။
( ပြောရလွယ်သည်၊ လက်တွေ့ခက်သည်၊ တစ်နိုင်ငံလုံး ညီညာပြီး ရေပေးစနစ်၊ ရေသိုလှောင်စနစ်၊ အမှိုက်ပစ်စနစ် တိုးတက်ဖို့ အစိုးရ ဦးဆောင်မှု လိုသည်။)

(ခ) ဖြစ်လျှင် ကလေးကို အဖျားကျသည် အထိ ကျောင်းမလွှတ်ပါနှင့်။ ခြင်ထောင်ထဲ နားနေခြင်းဖြင့် အခြားလူများကို ကူးစက်မခံရအောင် ကာကွယ်ပါ။

သွေးလွန်တုပ်ကွေးကာကွယ်ဆေး

https://web.facebook.com/childhealthmyanmar/posts/1460009930724103:0

#နေနေမိုးဆွေ– Child Health Myanmar Page