အချိုရည်တစ်ခွက်

အချိုရည်တစ်ခွက်

ကလေးတို့ရေ …

တစ်ခါတုန်းကတိုင်းပြည်တစ်ခုမှာအသက်အရွယ်ကြီးရင့်လှပြီဖြစ်တဲ့ဘုရင်ကြီးတစ်ပါးမှာသားတော်တစ်ပါးရှိခဲ့သတဲ့။ တစ်နေ့တော့ဘုရင်ကြီးကသူ့သားကိုရှေ့တော်ကိုခေါ်ပြီး “သားတော်။ ခမည်းတော်လည်းသက်တော်ကြီးလှပြီ။ သားတော်လည်းခုထိကြင်ယာမရှိသေးဘူး။ ခမည်းတော်အကြံပေးချင်တာတော့သားတော်အမြန်ဆုံးကြင်ယာရှာပြီးအိမ်ထောင်ပြုလိုက်ပါ။ ပြီးယင်ခမည်းတော်ရဲ့ထီးနန်းအရာကိုဆက်ခံပါ” လို့ပြောခဲ့သတဲ့။

ရက်ပိုင်းအတွင်းမှာဘဲ “အိမ်ရှေ့မင်းသားရဲ့ကြင်ယာတော်ရာထူးနေရာလျှောက်ထားလိုသူများတနင်္ဂနွေနေ့လည်မှာလူကိုယ်တိုင်အင်တာဗျူးလာရမည်။ ၁၆ နှစ်မှ ၁၈ နှစ်အတွင်းမိန်းကလေးများမည်သူမဆိုလျှောက်ထားနိုင်သည်” ဆိုတဲ့ကြော်ငြာအထူးအဆန်းတစ်ခုတစ်ခုတိုင်းပြည်မှာထွက်လာခဲ့ပါတယ်။

အဲဒီတိုင်းပြည်မှာရှိတဲ့အသက်မှီသူမိန်းကလေးတွေလည်းမိဘုရားဖြစ်ချင်ကြတော့အလှပဆုံးတွေချယ်မှုန်းပြင်ဆင်ပြီးအကောင်းဆုံးအဝတ်အစားတွေဝတ်ဆင်သွားကြသတဲ့။ အဲဒီတိုင်းပြည်မှာမိဘမဲ့မိန်းကလေးတစ်ဦး ရှိပါတယ်ကွယ်။ သူဟာအဒေါ်မုဆိုးမနဲ့တဲပုပ်လေးတစ်ခုမှာနေရပါတယ်။ သူတို့ဟာဆင်းရဲလွန်းလို့စားဘို့သီးနှံပင်တွေကိုအိမ်နောက်ဘက်မှာစိုက်ထားရပါတယ်။

‘မင်းသမီးအလိုရှိတယ်’ ဆိုတဲ့သတင်းကိုကြားတော့မိန်းကလေးလည်းရှိတဲ့အဝတ်ကောင်းလေးတွေကိုထုတ်ဝတ်ပါတော့တယ်။ သွားခါနီးမှာသူ့အဒေါ်ကသူ့ တူမလေးနဖူးကိုမွှေးမွှေးလေးပေးပြီးဆုမွန်ကောင်းတွေတောင်းပေးလိုက်ပါတယ်။

နန်းတော်ကြီးကိုရောက်တော့ခန်းမကြီးထဲမှာမိန်းကလေးတွေအပြည့်ပါဘဲကွယ်။ အဲဒီထဲမှာစားဘွယ်သောက်ဘွယ်ကိတ်မုန့်တွေ၊ အချိုရည်တွေကိုမင်းမှုထမ်းတွေကမပြတ်ယူလာပေးနေကြပါတယ်။ အဲဒီမိန်းကလေးကတော့ချောင်ထဲမှာဘဲငြိမ်ငြိမ်လေးထိုင်နေပါတယ်။ အဲဒီလိုနဲ့နည်းနည်းလေးကြာလာတော့မင်းမှုထမ်းတစ်ဦးထွက်လာပြီး “ဧည့်သည်တော်အမျိုးသမီးတွေအိမ်ပြန်ချင်ယင်ပြန်လို့ရပြီဖြစ်ကြောင်း၊ အားလုံးကိုရထားလုံးနဲ့ပြန်ပို့ပေးမှာဖြစ်ကြောင်း၊ ရ ထားထိန်းများကဧည့်သည်တော်များကိုတစ်ဦးချင်းလာခေါ်မှာဖြစ်ကြောင်း၊ အခုလိုနန်းတော်ကိုကြွရောက်လာတဲ့အတွက်အထူးကျေးဇူးတင်ကြောင်း” တွေပြောပြီးအမျိုးသမီးတွေအားလုံးကိုအိမ်ပြန်ပို့ပေးလို့အားလုံးပြန်လာကြရပါတယ်ကွယ်

နောက်တစ်ပတ်နေတော့အဲဒီကောင်မလေးအိမ်ကိုစစ်သည်တော်တွေရောက်လာပြီးသူ့တဲပတ်လည်ကိုဝန်းရံထားလိုက်ပါတော့တယ်။ ရထားလုံးလှလှကြီးတစ်ခုထဲကဝတ်စုံလှလှနဲ့လူကြီးတစ်ဦးထွက်လာပြီးတဲထဲကိုဝင်၊ ဦးထုပ်ကိုချွတ်၊ မိန်းကလေးနဲ့အဒေါ်ကိုနှုတ်ဆက်ပြီး၊ ‘သူဟာနန်းတွင်းကဝန်ကြီးတစ်ဦးဖြစ်ကြောင်း၊ မိန်းကလေးကိုနန်းတော်ကိုလာခေါ်တာဖြစ်ကြောင်း၊ ဘာမှကြောက်လန့်စရာမရှိကြောင်း’ ပြောပြီးစစ်သည်တော်အစောင့်အရှောက်တွေနဲ့မိန်းကလေးကိုခေါ်သွားပါတော့တယ်ကွယ်။

နန်းတော်ကိုရောက်တော့မင်းမှုထမ်းအမျိုးသမီးကြီးတစ်ဦးထွက်လာပြီးကောင်မလေးကိုရိုရိုသေသေနှုတ်ဆက်ယင်းသူ့ကိုယ်သူမိတ်ဆက်ပါတယ်။ ‘သူဟာမင်းသမီးကိုကြည့်ရှုစောင့်ရှောက်ရမဲ့သူဖြစ်ကြောင်း၊ မင်းသမီးအတွက်အဆောင်အသင့်ရှိကြောင်း၊ ဘာမှလိုလေသေးမရှိပြည့်စုံကြောင်း၊ သက်သာသလိုနေဘို့နဲ့လိုတာရှိယင်သူ့ကိုခေါ်ဘို့’ ပြောပြပါတယ်။

မိန်းကလေးက ‘သူနားမလည်ကြောင်း’ ပြောပြတော့အမျိုးသမီးကြီးက ‘အိမ်ရှေ့မင်းသားကကြင်ယာတော်အဖြစ်ရွေးချယ်ထားသူဟာဒီမိန်းကလေးဖြစ်ကြောင်း’ ပြောပြတော့အရမ်းအံ့သြသွားပါတယ်ကွယ်။

ပုံပြင်အရှည်ကိုအတိုချုံးပြောရယင်နောက်ဆုံးတော့သူတို့နှစ်ယောက်မင်္ဂလာဆောင်ပြီးဒီမိန်းကလေးလည်းမိဘုရားကြီးဖြစ်သွားပါတော့တယ်။ ပုံပြင်ထဲမှာကွက်လပ်တစ်ခုဖြစ်နေတာကလေးတို့သတိထားမိမှာပေါ့နော်။ ဒီမိန်းကလေးလည်းဘုမသိ၊ ဘမသိနဲ့အိမ်ရှေ့မင်းသားရဲ့ကြင်ယာတော်ဖြစ်၊ နောက်တော့မိဘုရားဖြစ်လာတာသူကိုယ်တိုင်နားမလည်ခဲ့ပါဘူး။

ပုံပြင်အရသာမပျက်စီးရအောင်ဖလင်ကိုနောက်ပြန်ရစ်ပြီးပြီးခဲ့တဲ့အခန်းတစ်ခုကိုပြန်သွားကြည့်ကြရအောင်နော်။ ‘နန်းတော်ကိုလာတဲ့မိန်းကလေးတွေအားလုံးမုန့်တွေစား၊ အချိုရည်တွေသောက်၊ မင်းသားနဲ့မတွေ့ရဘဲအိမ်ကိုရထားနဲ့ပြန်ပို့ခံခဲ့ရတာချည်းဘဲ’ ဆိုတာတော့ကလေးတို့မှတ်မိတယ်နော်။

ဒီမိန်းကလေးတွေကိုရထားထိန်းတွေကတစ်ဦးချင်းကိုနန်းတော်ရဲ့ပန်းဥယျဉ်အတွင်းမှာရပ်ထားတဲ့ရထားလုံးဆီခေါ်လာတော့ပန်းဥယျဉ်ထဲမှာချွေးတစ်လုံးလုံးနဲ့၊ ဖုံတွေသဲတွေနဲ့ပေတေပြီးညစ်ပတ်နေတဲ့ဥယျာဉ်မှူးကိုရထားထိန်းကလက်ညှိုးထိုးပြပြီး “ဥယျာဉ်မှူးသနားပါတယ်။ အချိုရည်လေးတစ်ခွက်လောက်သွားပေးလိုက်ပါ” ဆိုပြီးဧည့်သည်အမျိုးသမီးကိုအချိုရည်တစ်ခွက်ကမ်းပေးပါတယ်။

အမျိုးသမီးတွေတော်တော်များများက “အို …ပြန်ဘို့နောက်ကျနေပါပြီ။အိမ်ကိုသာမြန်မြန်ပြန်ပို့စမ်းပါ” လို့ပြောကြသတဲ့။ တစ်ချို့ကလည်း “ရှင်ကကျွန်မကိုဘာမှတ်နေလို့လဲ။ ပေးချင်ယင်ရှင့်ဟာရှင်သွားပေး” လို့ဆူသလိုလိုငေါက်သလိုလိုပြောကြပါတယ်။ တစ်ချို့ကလည်းမကြားသလိုအဝေးကိုငေးကြည့်ပြီးစိတ်အိုက်တဲ့ပုံစံမျိုးနဲ့ယပ်ခပ်နေကြပါတယ်။ တစ်ချို့ကလည်းသွားတော့ပေးပါရဲ့၊ ဒါပေမဲ့ဥယျဉ်မှူးမြင်သာတဲ့နေရာမှာချထားခဲ့ပါတယ်။ တစ်ချို့ကလည်းအေးစက်စက်နဲ့အသက်မရှိတဲ့စက်ရုပ်ကြီးတစ်ရုပ်လိုဘဲလှမ်းပေးကြပါတယ်။

ကဲ…ဖလင်ကိုရှေ့ကိုပြန်ရစ်ရအောင်။ အခုမိဘုရားဖြစ်လာတဲ့မိန်းကလေးကဘုရင်ဖြစ်လာတဲ့သူ့ယောကျာင်္းကိုဒီလိုမေးခဲ့သတဲ့။ “မိန်းကလေးတွေအများကြီးထဲကသူ့ကိုမှဘာဖြစ်လို့ရွေးခဲ့တာလဲ” တဲ့။ သူ့ခမျာသိချင်ရှာမှာပါဘဲလေ။ သူ့ထက်လှတဲ့၊ သူ့ထက်ချမ်းသာတဲ့မိန်းကလေးတွေအများကြီးရှိတာဘဲမဟုတ်လား

အဲဒီတော့သူ့ယောကျာင်္းကဒီလိုပြန်ဖြေသတဲ့။ “အဲဒီနေ့ကနန်းတော်ကိုလာတဲ့မိန်းကလေးတိုင်းဥယျဉ်မှူးကိုအချိုရည်တစ်ခွက်သွားပေးဘို့ရထားထိန်းကိုမှာထားပါတယ်။ အဲဒီဥယျဉ်မှူးကဘယ်သူလဲသိလား” လို့မေးတော့မိန်းကလေးကခေါင်းခါပြပါတယ်။ “အဲဒီဥယျာဉ်မှူးဟာအခုနှမတော်ကြည့်နေတဲ့လူပါဘဲ” လို့ပြောလိုက်တော့မိန်းကလေးလန့်သွားပါတယ်ကွယ်။

ဘုရင်လေးကဆက်ပြောပါတယ်။ “အဲဒီနေ့ကဥယျဉ်မှူးကသူ့ကိုအချိုရည်တစ်ခွက်လာပေးတဲ့မိန်းကလေးတိုင်းကို ‘သစ်ပင်ပန်းပင်စိုက်ရတာဝါသနာပါပါသလား’ လို့မေးခဲ့ပါတယ်။ အဖြေကိုဥယျာဉ်မှူးကစိတ်မဝင်စားခဲ့ပါဘူး။ ဘယ်လိုဖြေမယ်ဆိုတာသာသူသိချင်တာပါ။ မိန်းကလေးတွေအားလုံးထဲမှာဥယျာဉ်မှူးရဲ့မျက်လုံးကိုသေသေချာချာစိုက်ကြည့်ပြီးလှပတဲ့အပြုံးလေးနဲ့လှိုက်လှိုက်လှဲလဲဖြေခဲ့တာတစ်ယောက်ဘဲရှိပါတယ်။ အဲဒီတစ်ယောက်ကတော့စာမေးပွဲအောင်ခဲ့တဲ့တစ်ယောက်ပါဘဲ” လို့ဘုရင်လေးကပြောတော့မိန်းကလေးတစ်ကိုယ်လုံးအေးစက်သွားပါတော့တယ်။

သူ့ယောကျာင်္းဆက်ပြောပြပါတယ်။ “မောင်တော်ကိုမင်းသားမှန်းသိယင်လူတွေကအချိုဆုံးဆက်ဆန်ကြမယ်။ သူတို့ရဲ့အားနည်းချက်တွေကိုဖုံးထားကြမယ်။ အရှင့်အတွက်ဆိုအသက်တောင်အသေခံမယ်လို့ပြောကောင်းပြောကြ လိမ့်မယ်။ ဘုရင်ကိုဘဲချစ်ပြီးဘုရင်ရဲ့ဥယျာဉ်မှူးကိုတောင်မချစ်နိုင်ယင်အဲဒါဟာမျက်နှာဖုံးတပ်ထားတဲ့အချစ်ဘဲ။ မောင်တော်လိုချင်တာကမောင်တော်နဲ့အတူတိုင်းသူပြည်သားတွေအပေါ်မှာထပ်တူထပ်မျှမေတ္တာထားနိုင်တဲ့လူကိုလိုချင်တာပါ။ အသားလှတဲ့လူထက်အသဲလှတဲ့လူကိုဘဲလိုချင်တာပါ” လို့ပြောတော့မိန်းကလေးအသက်တောင်ရှူဘို့မေ့နေပါတယ်ကွယ်။

ဖလင်ကိုရှေ့ကိုရစ်ပြီးကြည့်ကြရအောင်နော်။ ဒီဘုရင်နဲ့မိဘုရားဟာသူ့တို့တိုင်းသူပြည်သားတွေကိုဆင်းရဲတယ်၊ ချမ်းသာတယ်မခွဲခြား၊ ကျောသားရင်သားမခွဲခြားဘဲပေးကမ်းစွန့်ကြဲခြင်းဖြင့်မေတ္တာနဲ့အုပ်ချုပ်သွားကြသတဲ့။ ဒါကြောင့်သူတို့တိုင်းပြည်ဟာတိုးတက်ခဲ့သလိုတိုင်းသူပြည်သားတွေဟာစိတ်ချမ်းသာခဲ့ကြရသတဲ့။

ပုံပြင်လေးကတော့ဒါပါဘဲကွယ်။ ဒါပေမဲ့ကြုံတုန်းကိုနောက်ဆက်တွဲလေးတစ်ခုဆက်ရေးပြပါရစေကလေးတို့ရေ။ အရှေ့အလည်ပိုင်းကအာရပ်နိုင်ငံဂျော်ဒန်ဆိုတာကလေးတို့ကြားဘူးကြပါသလားကွယ်။ လက်ရှိဘုရင် အဗ္ဗဒူလာဟာရုပ်ဖျက်ပြီးသူ့တိုင်းပြည်ထဲမှာစနည်းနာတတ်သတဲ့။ ဘုရင်တွေဒီလိုရုပ်ဖျက်ပြီးစနည်းနာတာဟာဟိုးရှေးခေတ်မြန်မာပုံပြင်တွေထဲမှာလည်းရှိခဲ့ပါတယ်။ ဘုရင်အဗ္ဗဒူလာဟာတက္ကစီပေါ်ကခရီးသည်လိုလို၊ အဘိုးကြီးတစ်ယောက်လိုလို၊ ရုပ်သံသတင်းထောက်လိုလို၊ ရုပ်ဖျက်ပြီးအစိုးရရုံးတွေ၊ ဆေးရုံတွေကိုသွားသွားကြည့်တတ်ပါတယ်။ ဒီနည်းကိုသူ့အစ်ဖေဘုရင်ဟူစိန်ဆီကရခဲ့တာပါဘဲ။ ဘုရင်ဟူစိန်ဆိုတာရန်သူဖြစ်တဲ့အစ္စရေး(လ်)ကတောင်လေးစားခဲ့ရသူပါ။ ဘုရင်ကြီးဟူစိန်ကွယ်လွန်တော့လက်ရှိအစ္စရေး(လ်) ဝန်ကြီးချုပ် ဘယ်(န်)ဂျမင်(န်) နက်တင်ယာဟူ ကပါလီမန်အစည်းအဝေးကိုတမိနစ်ရပ်ပြီးအလေးပြုခဲ့၊ “ဘုရင်မင်းမြတ်အေးချမ်းစွာအနားယူနိုင်ပါစေ (Rest in peace, Your Majesty)” လို့ဆုမွန်တောင်းခဲ့ပါတယ်။

ကလေးတို့စဉ်းစားကြည့်နော်။ လူတိုင်းလူတိုင်းတစ်ဦးကိုတစ်ဦးရိုးသားစွာနဲ့ပြောဆိုဆက်ဆန်ကြတဲ့နိုင်ငံ၊ လူတိုင်းဟာအထက်စီးယူဆက်ဆန်တာမရှိတဲ့တိုင်းပြည်တစ်ခုမှာနေရယင်ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမလဲနော်။ ဒီလိုတိုင်းပြည်တစ်ခုကိုဖန်တီးနိုင်တဲ့အခွင့်အရေးဟာကလေးတို့လက်ထဲမှာရှိပါတယ်ကွယ်။ တစ်ဦးချင်းစပြင်ဘို့အရေးကြီးတာမမေ့နဲ့နော်။ မျက်နှာမရှိတဲ့လူကိုအရေးမလုပ်ချင်ဘူးဆိုယင်မမှန်ပါဘူး။

ကလေးတို့လိမ္မာယဉ်ကျေးတဲ့မိကောင်းဖခင်သားသမီးလေးတွေဖြစ်ကြပါစေ။ တိုင်းပြည်ရဲ့ပန်းကောင်းလေးတွေဖြစ်ကြပါစေကွယ်။