ဆင်း(ဒ်)ဝစ်(ခ်ျ)

ကလေးတို့ရေ …

ကလေးတို့ ဆင်း(ဒ်)ဝစ်(ခ်ျ)/Sandwich စားဘူးမြင်ဘူးကြမှာပေါ့နော်။ ပေါင်မုန့်နှစ်ချပ်ကြားထဲမှာအသား၊ ငါး၊ အသီးအရွက်၊ ဥ၊ ဒိန်ခဲ၊ စသည်ဖြင့်အမျိုးမျိုးညှပ်ထားတာလေ။

အဲဒီ ဆင်း(ဒ်)ဝစ်(ခ်ျ) ဆိုတာလူနာမယ်ကစဖြစ်လာတာဆိုတာကလေးတို့သိကြပါရဲ့လားကွယ်။ ၁၈ ရာစုနှစ်ကအင်္ဂလန်ပြည်မှာ ဂျော်(န်) မော်(န်)တဂူ (John Montagu) ဆိုတဲ့နယ်စားကြီးတစ်ဦးရှိခဲ့ဘူးပါတယ်။ သူအပိုင်စားရတဲ့ နယ်မြေကတော့ ဆင်း(ဒ်)ဝစ်(ခ်ျ) ဆိုတဲ့ပြည်နယ်ပါဘဲ။ “ဆ်း(ဒ်)ဝစ်(ခ်ျ)နယ်စားကြီး” ပေါ့ကွယ်။

အဲဒီနယ်စားကြီးဟာဖဲရိုက်အလွန်ဝါသနာပါသတဲ့။ နယ်စားတွေထဲမှာဘုရား တရားဝါသနာပါတဲ့နယ်စားတော်တော်ရှားမှာဘဲနော်။ ထားပါတော့ကွယ်။ အဲဒီနယ်စားဟာနာရီပေါင်းများစွာမထတန်းဖဲရိုက်လို့သူ့မှာထမင်းစားဘို့အချိန်မရှိဘူးတဲ့။ ထမင်းစားတယ်ဆိုတာစကားအဖြစ်သာပြောတာပါ။ သူတို့ကကလေးတို့လိုထမင်းနဲ့ဟင်းစားတာမဟုတ်ပါဘူး။ အဲဒီတော့သူ့အိမ်ကအမှုထမ်းကိုသူ့ဆီအစားအသောက်တစ်ခုယူလာဘို့အမိန့်ပေးခဲ့သတဲ့။ တော်တော်အပျင်းကြီးတဲ့လူကြီးဘဲနော်။ အညောင်းပြေလေးတောင်လမ်းထမလျှောက်ဘူး။ သူ့အမှုထမ်းကနယ်စားကြီးရဲ့ဖဲတွေမညစ်ပတ်ရအောင်ဆိုပြီးပေါင်မုံ့နှစ်ချပ်ကြားမှာအသားတစ်ခုညှပ်ပြီုးပေးတော့လက်တွေမပေဘဲနဲ့ဖဲဆက်ကစားလို့ရခဲ့သတဲ့။ အဲဒီကနေဒီနာမယ် ဆင်း(ဒ်)ဝစ်(ခ်ျ) ဆိုတာဖြစ်လာတာပါဘဲ။ ဒီနာမယ်ကိုသူကဘဲပေးသလား၊ သူနဲ့ဖဲရိုက်နေတဲ့တစ်ခြားမြို့စားနယ်စားတစ်ဦးကဘဲပေးခဲ့သလားတော့အတိအကျမသိကြပါဘူးကွယ်။

ကလေးတို့ကပြောမှာပေါ့၊ “ဒီနေ့ဦးဦးပုံပြင်ကလည်းခါတိုင်းပုံပြင်တွေနဲ့မတူဘူး။ ပျင်းစရာကြီး။ ဘာမှလည်းပညာမရဘူး” လို့။ ဦးဦးပြောချင်တာ “ဆင်း(ဒ်)ဝစ်(ခ်ျ) မြို့စားကြီး” ဆိုတဲ့လူကြီးအကြောင်းမဟုတ်ပါဘူးကွယ်။ ဆင်း(ဒ်)ဝစ်(ခ်ျ) အကြောင်းပြောချင်တာပါ။

ဦးသင်တန်းတွေအများကြီးတက်ခဲ့ဘူးပါတယ်။ အဲဒီသင်တန်းတွေထဲမှာ “ဆင်း(ဒ်)ဝစ်(ခ်ျ)” ဆိုတဲ့စကားလေးတစ်လုံးကိုသင်ခဲ့ရပါတယ်။ အတိအကျပြောရယင် “ဆင်း(ဒ်)ဝစ်(ခ်ျ) ပေးပါ” …. တဲ့။ ကဲ.. ရှင်းပြဘို့လိုလာပြီနော်။ ဒီ “ဆင်း(ဒ်)ဝစ်(ခ်ျ) ပေးနည်း” ကိုဒီမှာကလေးတွေငယ်ငယ်ထဲကစသင်ရပါတယ်။

ကလေးတို့တစ်ခုခုပြုလုပ်လို့မှားယင်တစ်ယောက်ယောက်ကအပြစ်တွေတင်ယင်ကလေးတို့နှစ်ခါမနာရဘူးလားကွယ်။ ဒါကြောင့်သူများတွေကိုအပြစ်တင်ယင်လည်းမကောင်းတဲ့အကြောင်းတွေတိုက်ရိုက်မပြောရဘူးကွဲ့။ ကောင်းတာလေးတစ်ခုအရင်ရှာပြောရတယ်။ ကောင်းတာနဲ့စပြော၊ မကောင်းတာကိုညှပ်ပြော၊ ပြီးယင်ကောင်းတာတစ်ခုခုနဲ့ပြန်ပိတ်ရတယ်။ အဲဒီလိုဆိုအဝေဘန်ခံရသူကသက်သာမှုအများကြီးရသလိုဝေဘန်ရတဲ့လူကလည်းအမုန်းမခံရ၊ မျက်နှာမပျက်ရပါဘူးကွယ်။ အဲဒါကိုအပြုသဘောဆန်တဲ့ဝေဘန်မှုလို့ခေါ်ပါတယ်။

ဒါကြောင့်ကလေးတို့လူတစ်ယောက်ကိုအပြစ်တင်တော့မယ်ဆိုယင်နံပတ်တစ်အရင်ဆုံးနဲ့အရေးအကြီးဆုံးသတိရဘို့ကပါးစပ်ကိုအရင်ဆုံးဘရိတ်အုပ်ဘို့ပါဘဲ။ ဒုတိယသတိရဘို့က “ဆင်း(ဒ်)ဝစ်(ခ်ျ) ပေါင်မုံ့” ကလေးကိုသတိရပါ။ ပေါင်မုံ့တစ်လွှာ၊ အသားတို့အရွက်တို့တစ်လွှာ၊ ပြီးမှပေါင်မုံ့တစ်လွှာပြန်လာတယ်နော်။

အပြစ်တင်တော့မယ်ဆိုယင်ကောင်းတာတစ်ခုကိုအရင်ရှာပါ။ သူ့ရဲ့ကျိုးစားမှုတို့၊ စေတနာတို့၊ သစ္စာရှိမှုတို့ကိုကြည့်ပါ။ ပြီးမှသူ့အမှား၊ ဖြစ်တတ်တဲ့အမှားကို (ငြင်ငြင်သာသာလေး) ထောက်ပြပါ။ ပြီးယင်ချီးမွမ်းပါ။ အားပေးပါ။ ဖြစ်နိုင်ယင်ဘယ်လိုလုပ်ရတယ်ဆိုတာကိုမိတ်ဆွေတစ်ဦးအနေနဲ့ပြပေးပါ။ ဆူချည်းဘဲဆူနေယင်ကလေးတို့နားဘယ်သူမှလာချင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ဒို့မြန်မာတစ်ချို့ကထစ်ကနဲရှိပက်ပက်စက်စက်ဆဲတတ်တာ ‘ဒီလူတွေ ဆင်း(ဒ်)ဝစ်(ခ်ျ) ဆိုတဲ့စကားမကြားဘူးသေးလို့’ ဆိုတာနားလည်တတ်အောင်ကျိုးစားနော်။ ဒီ ဆင်း(ဒ်)ဝစ်(ခ်ျ) ပေးနည်းကလေးကိုကလေးတို့သူငယ်ချင်းတွေကြားမှာ၊ မောင်နှမတွေကြားမှာပြန်ဖြန့်နိုင်ယင်ပိုကောင်းတာပေါ့ကွယ်။ အလုပ်လည်းဖြစ်ပါတယ်။ မယုံယင်စမ်းကြည့်။

ဒီ “ဆင်း(ဒ်)ဝစ်(ခ်ျ) ပေးနည်း”ကလေးတို့တစ်သက်လုံးသုံးဘို့လိုပါမယ်ကွယ်။ ဒါကြောင့်စောစောစီးစီးဘဲဒီ နာမယ်လေးကိုအလွတ်ကျက်ပြီးလေ့ကျင့်တော့နော်။ ဒေါသထွက်နေယင်တောင်လက်လွတ်စပယ်မပြောမိကြဘို့သတိရပါ။ “ဆင်း(ဒ်)ဝစ်(ခ်ျ) ပေး” ကြပါကလေးတို့ရေ။

ကလေးတို့လိမ္မာယဉ်ကျေးတဲ့မိကောင်းဖခင်သားသမီးလေးများဖြစ်ကြပါစေကွယ်