ကလေးလေးကို ခြင်တွေမကိုက်အောင် ဒီလိုကာကွယ်မယ်
|ခြင်ဆေးခွေကတော့ ခြင်တွေမလာအောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့်လည်း သားသားမီးမီးလေးတွေမှာ ခြင်ဆေးခွေအငွေ့ကြောင့် ဓာတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အခုရာသီက မိုးရာသီဖြစ်တာကြောင့် မိုးနဲ့အတူ ခြင်တွေလည်း ပိုပြီးပေါက်ဖွားလာပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ ခြင်ကိုက်မခံရအောင် ကာကွယ်ပေးဖို့ လိုနေပါပြီ။ ခြင်တွေမလာဖို့အတွက် အိမ်ကိုပဲ လုံခြုံအောင် လုပ်ထားလို့မရပါဘူး။ အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ခြင်ခိုအောင်းတဲ့ နေရာတွေကိုလည်း ဖယ်ရှားရှင်းလင်းရမှာပါ။ တကယ်တော့ သားသားမီးမီးလေးတွေကို ဒုက္ခပေးတာက ခြင်တမျိုးတည်းမကပါဘူး။ တခြားအင်းဆက်ပိုးမွှားတွေကလည်း ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေပါတယ်။ မိုးရာသီမှာ သားသားမီးမီးလေးတွေ ခြင်အန္တရာယ်ကင်းဝေးဖို့အတွက် အခုလို ကာကွယ်ပေးထားနိုင်ပါတယ်။
ခြင်အန္တရယ်ကင်းစေမယ့် အကာအကွယ်များ
၁။ အဝတ်အစား
မိုးရာသီမှာ သားသားမီးမီးလေးတွေကို ခြင်ကိုက်မခံရအောင် အဝတ်အစားလုံလုံခြုံခြုံဝတ်ဆင်ပေးပါ။ ခြင်ကိုက်မခံရအောင် အဝတ်အစားက ရာနှုန်းပြည့် မကာကွယ်နိုင်ပေမယ့်လည်း နည်းပါးအောင်တော့ လျော့ချပေးပါတယ်။ သက်တောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းစေမယ့် အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပေးပါ။
၂။ ဂျယ်၊ ခရင်နဲ့ စပရေးဖျန်းဆေးများ
ဒီနည်းလမ်းလေးတွေကတော့ ကလေးငယ်တွေရဲ့ အရေပြားကနေ ခြင်နဲ့ အင်းဆက်ပိုးမွှားတွေမကိုက်အောင် ကာကွယ်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ အသုံးပြုတဲ့ ပစ္စည်းပေါ်မူတည်ပြီး အချိန်အနည်းအများ ထိရောက်မှု ရှိနိုင်ပါတယ်။ တစ်နေကုန်တော့ ခံမှာမဟုတ်ပါဘူး။ တစ်ခုသတိထားရမှာက မွေးကင်းစ သားသားမီးမီးလေးတွေရဲ့ အသားအရေက အထိအခိုက်မခံနိုင်တာကြောင့် ဓာတုဗေဒပါဝင်တဲ့ လိမ်းဆေးတွေကို ခံနိုင်မှာမဟုတ်ပါဘူး။
၃။ ခြင်ထောင်
ခြင်ထောင်နဲ့ အိပ်တာက ခြင်ကိုက်တာကိုကာကွယ်ပေးပါတယ်။ မွေးကင်းစသားသားမီးမီးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခြင်ထောင်လေးတွေရှိပါတယ်။ ခြင်တွေပေါများတဲ့ အချိန်မှာ သားသားမီးမီးလေးတွေကို ခြင်ထောင်နဲ့ ထားပေးပါ။
၎။ ခြင်ဆေးဖျန်းခြင်း
အိမ်နဲ့ အိမ်ပတ်ဝန်းကျင်ကို ခြင်ဆေးဖျန်းတာက ကလေးငယ်တွေအတွက် ခြင်ကိုက်ခံရမယ့် အန္တရာယ်ကို ကာကွယ်ပေးပါတယ်။
၅။ ခြင်ဆေးခွေ
ခြင်ဆေးခွေကတော့ ခြင်တွေမလာအောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့်လည်း သားသားမီးမီးလေးတွေမှာ ခြင်ဆေးခွေအငွေ့ကြောင့် ဓာတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ခြင်ဆေးခွေကို ရေရှည်အသုံးပြုမယ်ဆိုရင် ကလေးငယ်တွေမှာ အဆုပ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
၆။ ခြင်ရိုက်ဘတ်တံ
ခြင်ရိုက်တဲ့ လျှပ်စစ်ဘတ်တံက ခြင်တွေကို သေစေပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါတယ်။ ခြင်ရိုက်ဘတ်တံကို ကလေးငယ်တွေ ယူမဆော့မိဖို့ သတိပြုရပါမယ်။
သားသားမီးမီးလေးတွေကို ခြင်ကိုက်မခံရအောင် မေမေဖေဖေတို့က ကြိုတင်ကာကွယ်တွေကို စီမံပြုလုပ်ပေးထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်…
Credit : Kalay