ကလေးလေး ဂျစ်ကန်ကန်ဖြစ်နေတာက ရိုက်တာကြောင့်လား

မိဘတွေက ကလေးငယ်တွေကို ဆုံးမတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကြမ်းတမ်းတဲ့ ဆုံးမခြင်းတွေက ကလေးငယ်တွေကို စိတ်ဒဏ်ရာရစေနိုင်ပါတယ်။

ကလေးငယ်တွေကို ရိုက်နှက်ဆုံးမတာက မှားယွင်းတဲ့ အပြုအမူတွေပါ။ လူကြီးတွေရဲ့ စိတ်ထဲမှာ ကလေးငယ်တွေကို ရိုက်ပြီးဆုံးမ မယ် ဆိုရင် လိမ္မာသွားလိမ့်မယ်လို့ ထင်နေတာ။ တကယ်တမ်းတော့ ရိုက်နှက်ဆုံးမခံရတဲ့ ကလေးငယ်တွေမှာ စိတ်ဒဏ်ရာတွေရလာပြီး မလိမ္မာတဲ့အပြင် ပေတေတေနဲ့ ဂျစ်ကန်ကန်ဖြစ်သွားပါတယ်။ မိဘနဲ့ လူကြီးတွေရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်မျိုး ပြောင်းလဲလွယ်တဲ့ ကလေးငယ်တွေဖြစ်လာပါတယ်။

ရိုက်နှက်ဆုံးမခြင်းရဲ့ ဆိုးကျိုများ

မကြာခဏ ရိုက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ဂျစ်ကန်ကန်ဖြစ်လာတွေ၊ အကြောက်လွန်တာတွေ၊ မဝံ့မရဲဖြစ်တာတွေ၊ စိတ်အားငယ်တာတွေ၊ သေရာပါဒဏ်ရာတွေအပြင် စိတ်ဓာတ်ကျတာတွေပါ ခံစားရနိုင်ပါတယ်။ ထုံထိုင်းထိုင်းနဲ့ ပေပေတေတေတွေဖြစ်လာပြီး စာသင်ကြားလို့မရတဲ့အထိ ရောက်ရှိသွားနိုင်ပါတယ်။ ရိုက်နှက်ခြင်းက ကလေးငယ်တွေစိတ်ကို အကြောက်တရားတွေ ဖုံးလွမ်းစေပြီး ရဲရင့်ခြင်းနဲ့ သွက်လက်ခြင်းတွေပျောက်ဆုံးလာပါတယ်။ သားသားမီးမီးလေးတွေကို ဆုံးမတဲ့အခါမှာ ညင်ညင်သာသာ ကိုယ်တွယ်ဖို့ လိုအပ်ပါတယ်။ အကြောက်တရားနဲ့ ဝုန်းဒိုင်းကြဲ ဆုံးမတာက နည်းလမ်းမမှန်ပါဘူး။ အကောင်းထက် အဆိုးက ပိုများနေပါတယ်။

ရလာဒ်ဆိုးများ

မိဘတွေက ကလေးငယ်တွေကို ဆုံးမတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကြမ်းတမ်းတဲ့ ဆုံးမခြင်းတွေက ကလေးငယ်တွေကို စိတ်ဒဏ်ရာရစေနိုင်ပါတယ်။ နားလည်အောင် စိတ်ရှည်ရှည်ထားပြီး ရှင်းပြတဲ့ နည်းလမ်းကိုသုံးပါ။ အမှားတစ်ခုပြုလုပ်တိုင်း ကလေးငယ်တွေကို ရိုက်မယ်ဆိုရင် နောက်ဆုံးရလာမယ့် ရလာဒ်က ကောင်းမှာ မဟုတ်ပါဘူး။ မေမေဖေဖေတို့ရဲ့ ဒေါသတွေကိုလည်း ထိန်းချုပ်ဖို့လိုပါတယ်။ ရိုက်နှက်ဆုံးမတာက မေမေဖေဖေတို့ကို စိတ်မကောင်းဖြစ်စေသလို ကလေးငယ်တွေအတွက်လည်း ရလာဒ်မကောင်းနိုင်ပါဘူး။

စိတ်တည်ငြိမ်အောင်ထားပါ

သားသားမီးမီးလေးတွေကြောင့် မေမေဖေဖေတို့ ဒေါသထွက်လာပြီဆိုရင် ပထမဆုံး စိတ်တည်ငြိမ်အောင် ထားပါ။ မေမေဖေဖေရော ကလေးငယ်တွေပါ စိတ်တည်ငြိမ်ပြီဆိုမှ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ရိုက်နှက်ဆုံးမတာတွေရပ်ပြီး အကျိုးအကြောင်းသင့်ရှင်းပြပြောဆိုတာက ပိုမိုထိရောက်ကာ လိမ္မာတဲ့ ကလေးငယ်တွေဖြစ်လာနိုင်ပါတယ်နော်…

Credit : Kalay