ကလေးတို့အတွက်ပုံပြင် Ryan Hreljac (အပိုင်း ၂)

 

အာကာနာလေးဟာ ရိုင်ယန်နေတာ ကနေဒါဆိုတာတောင်မသိရှာပါဘူးကွယ်။ ။ အဲဒီစာနဲ့အတူဂျင်မီလေးရဲ့ဓါတ်ပုံတစ်ပုံလည်းပါလာပါတယ်။ စောစောကရေးပြခဲ့တဲ့စာတွေပို့ပေးဘို့တာဝန်ယူခဲ့တဲ့လူမှုရေးအသင်းကြီးကဘဲတာဝန်ယူပြီးဒီကလေးတွေကိုဓါတ်ပုံရိုက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ သူ့စာသူငယ်ချင်း (pen friend) အကြောင်းကိုရက်သတ္တပတ်အတော်ကြာအောင် ရိုင်ယန် ဟာပြောလို့မပြီးပါဘူး။ သူ့ဖေဖေနဲ့မေမေကိုလည်းသွားမေးခဲ့ပါတယ်။ “ဂျင်မီ့ဆီသွားလည်လို့ရမလား” တဲ့။ သူ့ဖေဖေနဲ့မေမေက “သားအသက် ၁၂ လောက်ရောက်တဲ့အခါမှာတော့ဖေဖေတို့အလည်စားရိတ်စုမိကောင်းပါလိမ့်မယ်” လို့ပြန်ဖြေလိုက်ပါတယ်။ သူ့ဖေဖေနဲ့မေမေမှာအခုလေယဉ်လက်မှတ်ဘိုးပါစုရတော့မယ်နော်။လိုအပ်ချက်တွေကတစ်ခုပြီးတစ်ခုပါဘဲကွယ်။

ရိုင်ယန်ကသူ့ဆီစာပြန်ရေးခဲ့ပါတယ်။ “ခင်မင်ရတဲ့ဂျင်မီရေ၊ မြက်နဲ့လုပ်ထားတဲ့အိမ်မှာနေရတာတော်တော်အေးမှာဘဲနော်။ ငါအခုအသက် ၈ နှစ်ရှိသွားပါပြီ။ ငါ့ရေတွင်းကနေမင်းနေ့တိုင်းရေသောက်ရပါသလား။ ကျောင်းမှာမင်းအကြိုက်ဆုံးဘာသာရပ်ကဘာလဲ။ ငါ့အသက် ၁၂ နှစ်ကျယင်ငါယူဂန္ဓာနိုင်ငံကိုလာလည်မယ်။ ငါတို့အိမ်ကိုအုဋ်ခဲတွေနဲ့ဆောက်ထားပါတယ်။ စာပြန်ရေးနော်။ မှ/- သင့်မိတ်ဆွေ၊ ရိုင်ယန်” တဲ့။

အဲဒီအချိန်မှာတော့ ရိုင်ယန့်အတန်းတစ်ခုထဲတင်မဟုတ်တော့ဘဲတစ်ကျောင်းလုံးကပါပိုက်ဆံဝိုင်းစုနေကြပါပြီကွယ်။ ရိုင်ယန်လေးဟာနာရီပေါင်းများစွာဘဲသူရေးထားတဲ့စာတွေကိုပုံနှိပ်ပြီးတော့အသင်းအဖွဲ့တွေကိုပိုက်ဆံလှူဘို့စာပို့ပြီးအကူအညီတောင်းခဲ့ပါတယ်။ အဲဒီအသင်းတွေကပိုက်ဆံပို့ပေးတဲ့အခါ ရိုင်ယန်က ‘ကျေးဇူးတင်ကြောင်း’ စာပြန်တတ်ပါတယ်။ အဲဒီနှစ် (၁၉၉၉) ကုန်ပိုင်းမှာတော့တွင်းတူးစက်တစ်ခုဘိုး ရိုင်ယန်ရနေပြီဖြစ်ပါတယ်။

အနောက်နိုင်ငံတွေကကုမ္ပဏီတွေဟာပုံမှန်ဈေးဝယ်သူတွေကိုဈေးတစ်ခါလာဝယ်တိုင်းဈေးဝယ်တဲ့တန်ဘိုးအနည်းများပေါ်မူတည်ပြီးအမှတ်ပေးလေ့ရှိပါ တယ်။ အဲဒီအမှတ်တွေကိုကွန်ပြူတာထဲမှာမှတ်ထားပြီး ‘ဘယ်နှစ်မှတ်ပြည့်ယင်ဘာလက်ဆောင်တွေအလကားရမယ်’ ဆိုတဲ့စံနစ်ရှိပါတယ်။

ရိုင်ယန့်အိမ်နီးချင်းအမျိုးသားကြီးတစ်ဦးဟာလေယာဉ်မကြာခဏစီးရသူဖြစ်ပါတယ်။ သူလေယာဉ်စီးတိုင်းရထားတဲ့အမှတ်တွေရှိပါတယ်။ သတ်မှတ်ထားတဲ့အမှတ်တွေပြည့်သွားယင်အမှတ်ပေါ်မူတည်ပြီးလေယာဉ်မေတ္တာလက်မှတ်ရပါတယ်။ အဲဒီနှစ်ဒီဇင်ဘာလခရစ္စမတ်မတိုင်မှီမှာသူ့ဇနီးကို “ခရစ မတ်အတွက်ဘာလက်ဆောင်လိုချင်လဲ” လို့မေးတော့ “ဘာမှမလိုချင်ပါဘူး။ ဒါပေမဲ့ ရိုင်ယန်သူ့ရေတွင်းကိုသွားကြည့်နိုင်တာကိုတော့လိုချင်ပါတယ်” လို့ပြန်ဖြေခဲ့ပါတယ်။ အဲဒီအမျိုးသားကြီးဟာ ရိုင်ယန့်ကိုသူရထားတဲ့လေကြောင်းခရီးအမှတ်တွေသွားပေးခဲ့ပါတယ်။

အခုနရေးပြခဲ့တဲ့သတင်းစာကြီးကလည်းရိုင်ယန်တို့မိသားစုယူဂန္ဓာနိုင်ငံကိုသွားလည်နိုင်ဘို့ ‘လေကြောင်းခရီးအမှတ်တွေလှူကြပါ’ လို့မေတ္တာရပ်ခံထားတဲ့ကြော်ငြာထည့်ပေးခဲ့ပါတယ်။ နောက်ပြီးတော့စောစောကရေးပြခဲ့တဲ့ ‘ရေကရားစီမံ ကိန်း’ ကြီးကလည်း ရိုင်ယန်တို့မိသားစုလေယာဉ်လက်မှတ်ဘိုးနဲ့ခရီးစဉ်ကုန်ကျမှုအတွက်ငွေလှူခဲ့ပြန်ပါသေးတယ်။

သက္ကရာဇ် ၂ဝဝဝ ဂျူလိုင်လရဲ့ပူပြင်းလှတဲ့နွေရာသီတစ်မနက်မှာထရပ်(ခ်)ကားကြီးတစ်စီးဟာရိုင်ယန်တို့မိသားစုကိုတင်ပြီးယူဂန္ဓာကမြေလမ်းလေးတစ်ခုကိုမောင်းနှင်နေပါတယ်ကွယ်။ ရိုင်ယန့်သူငယ်ချင်းဂျင်မီရှိရာရွာလေးနားကိုရောက်လာတော့လမ်းဘေးကနေ ကလေး ၄ ယောက်စိတ်လှုပ်ရှားမှုအပြည့်နဲ့ခုန်ထွက်လာပြီး “ရိုင်ယန်…” “ရိုင်ယန်…” “ရိုင်ယန်…” “ရိုင်ယန်…” နဲ့အော်ပြီးလိုက်လာကြပါတယ်ကွယ်။ (ကလေးတို့သတိပြုမိကြပါသလားကွယ်။ ရိုင်ယန်ဟာသူ့သူငယ်ချင်းဂျင်မီကိုသွားတွေ့ဘို့နောက်ထပ် ၄နှစ်စောင့်စရာမလိုတော့ဘူးနော်)။ အဲဒီထရပ်(ခ်) ကားပေါ်မှာစောစောကရေးပြခဲ့တဲ့ ‘ရေကရားစီမံကိန်း’ ကြီးကဒါရိုက်တာလည်းပါလာပါတယ်။

ရိုင်ယန်က “သူတို့ကျွန်တော့နာမယ်ကိုသိနေကြတယ်နော်” လို့ဆိုတော့ဒါရိုက်တာက “ဒီနားတစ်ဝိုက်ကမိုင်ပေါင်းရာနဲ့ချီဝေးတဲ့နေရာတွေအထိမင်းနာမယ်ကိုလူတိုင်းသိနေပါတယ်” တဲ့။ ကွေ့လေးတစ်ခုကိုချိုးဝင်ပြီးတဲ့အခါမှာတော့အနီးနားမှာရှိတဲ့ရွာတွေက ကလေးတွေငါးထောင် လောက်ဟာကားလမ်းဘေးမှာတန်းစီပြီးရပ်နေကြပါတယ်။ ထရပ်(ခ်)၀င်လာတော့အဲဒီကလေးတွေဟာသံပြိုင်ညီညီညာညာလက်ခုတ်တီးခဲ့ကြပါတယ်။ တီးဝိုင်းတစ်ခုကသူတို့ကိုဦးဆောင်လမ်းပြပြီးကျောင်းဝင်းထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ကျေးရွာကလူကြီးတွေဟာ ရိုင်ယန့်ကိုခန့်ခန့်ညားညားနဲ့ဆီးကြိုကြပြီးသူ့ရေတွင်းရှိရာနေရာကိုခေါ်သွားခဲ့ကြပါတယ်။

ဟင်းသီးဟင်းရွက်တွေစိုက်ထားတဲ့ခြံထဲမှာရေတွင်းလေးတစ်ခုကိုပန်းတွေနဲ့လှပစွာပြင်ဆင်ထားပါတယ်။ ရေတွင်းနားမှာကောင်လေးပိန်ပိန်လေးတစ်ယောက်ရပ်နေပါတယ်။ သူကထွက်လာပြီး ရိုင်ယန့်လက်ကိုဆွဲလို့ “ဟဲလို ရိုင်ယန်၊ ငါဟာဂျင်မီဖြစ်ပါတယ်” လို့ပြောလာပါတယ်။ ရိုင်ယန့်ရေတွင်းနားမှာဖဲကြိုးဖြတ်ဘို့ ရိုင်ယန့်ကို အာကာနာဂျင်မီ ကဦးဆောင်သွားပါတယ်။

ဖဲကြိုးဖြတ်ပြီးတော့အနားကကွင်းပြင်မှာချထားတဲ့ကုလားထိုင်တွေမှာရိုင်ယန် ဟာသူ့မိဘတွေနဲ့အတူထိုင်ရပါတယ်။ ကျေးရွာလူကြီးတစ်ယောက်ကထရပ်ပြီးတော့စကားပြောပါတယ်။ “ခင်ဗျားတို့ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်တို့ရဲ့ကလေးတွေကိုလှည့်ကြည့်ကြပါ။ သူတို့ကျန်းကျန်းမာမာရှိနေတာမြင်ရပါမယ်။ အဲဒါ ရိုင်ယန်နဲ့ ကနေဒါ ကကျွန်တော်တို့မိတ်ဆွေတွေကြောင့်ပါ။ ရေဟာကျွန်တော်တို့အတွက်တော့အသက်ပါဘဲ” တဲ့။

ကျောင်းအုပ်ကြီးကဆိတ်တစ်ကောင်ကိုဆွဲလာပြီးရိုင်ယန့်ရှေ့မှာဦးညွတ်လို့ဆိတ်လက်ဆောင်ပေးခဲ့ပါတယ်။ “ကျွန်တော်တို့ရွာကလက်ဆောင်ပါ” တဲ့။ ရိုင်ယန့်မိဘတွေကိုလည်းသစ်သားနဲ့ထွင်းထားတဲ့အရုပ်တွေ၊ မြေအိုးတွေလက်ဆောင်ပေးခဲ့ကြပါတယ်။ ကလေးနှစ်ဒါဇင်လောက်ကစက်ဝိုင်းဖွဲ့ပြီးကပြကြပါတယ်။ ဂျင်မီက ရိုင်ယန့်လက်ကိုဆွဲပြီး ဒီကလေးတွေနဲ့ဝင်ကပါ တယ်။

အဲဒီမှာလေးနာရီကြာကခုန်ပျော်ပါးပြီးတဲ့အခါ ရိုင်ယန့်မေမေကရပ်ပြီးစကားပြောပါတယ်။ “ဒီနေ့ဟာကျွန်မဘ၀မှာအပျော်ဆုံးနေ့ပါဘဲ။ ဒီနေ့ဟာကျွန်မရင်ထဲမှာအမြဲရှိနေမှာပါ” တဲ့။

အဲဒီညမှာ ရိုင်ယန်ဟာတိတ်ဆိတ်နေလို့သူ့မေမေကဘယ်လိုနေလဲမေးတဲ့အခါ ရိုင်ယန်က “သူအံ့သြလောက်အောင်ကိုကောင်းမွန်မှုခံစားရပါတယ်” လို့ဖြေခဲ့ပါတယ်။ အဲဒီညမှာသားအမိနှစ်ဦးအိပ်ယာဝင်ဘုရားရှိခိုးတဲ့အခါရိုင်ယန်လေးကအပိုဆုလေးတစ်ခုထည့်တောင်းခဲ့ပါတယ်။ “အာဖရိကတိုက် မှာရှိသမျှလူတွေရေသန့်ရရှိပါစေ” တဲ့။

‘ရိုင်ယန့်ရေတွင်း’ ပုံပြင်ကလေးကဒါပါဘဲကွယ်။

အိုး ……. မေ့တော့မလို့ကလေးတို့ရေ။

‘ရိုင်ယန့်ရေတွင်း’ လေးပေါ်လာထဲကအဲဒီရွာကလေးက၀မ်းရောဂါတွေ၊ ရေကြောင့်ဖြစ်ရတဲ့နာမကျန်းမှုနှုန်းတွေကျဆင်းခဲ့ပါတယ်။ ရိုင်ယန်ကလေးကတော့နောက်ထပ်ရံပုံငွေတွေဆက်ရှာနေဆဲပါဘဲ။ အဲဒီရေတွင်းပြီးတော့ယူဂန္ဓာမှာနောက်ထပ်တွင်းသုံးဆယ်တူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံကိုလည်းသွားပြီး ‘အိုပရာဝင်ဖရီရှိုး’ မှာစကားပြောခဲ့ပါတယ်။ အဲဒီရှိုးဟာအမေရိကန်မှာလူကြည့်အများဆုံးရှိုးပါဘဲ။ အိုပရာရဲ့အကျင့်တစ်ခုကသူကိုယ်တိုင်ဒီလိုလူမှုရေးတွေကိုရက်ရက်ရောရောကူညီတတ်ပါတယ်။ ရိုင်ယန်ပါတဲ့သူ့ရှိုးကိုကြည့်ကြသူတွေကလည်းတတ်နိုင်သလောက်လှူကြမှာပါဘဲ။ အမေရိကန်ဟာလူဦးရေထူထပ်တဲ့တိုင်းပြည်ကြီးဖြစ်ပြီးချမ်းသာတဲ့တိုင်းပြည်ဖြစ်လို့ ရိုင်ယန်ဟာအလှူငွေကိုဒေါ်လာသန်းနဲ့ချီရလိမ့်မယ်လို့ဦးဦးတွေးမိပါတယ်။ ကလေးတို့ရုပ်ရှင်မင်းသား Matt Damon ရုပ်ရှင်တွေကြည့်ဘူးကြပါသလားကွယ်။ Matt Damon က ရိုင်ယန့်ကိုဒေါ်လာ ၂ သိန်းလှူခဲ့ပါတယ်။ သူ့အသင်းကိုကူညီသူတွေထဲမှာအင်္ဂလန်အိမ်ရှေ့မင်းသား ချား(လ်စ်) လည်းပါပါတယ်ကွယ်။

ရိုင်ယန်ဟာရေတွင်းတွေတူးပေးခဲ့ယုံမကဘဲမသန့်ရှင်းတဲ့ရေကိုသောက်သုံးခြင်းရဲ့အန္တရယ်တွေကိုလည်းပညာပေးလုပ်ဆောင်ရေးစီမံကိန်းတွေလုပ်ခဲ့ပါတယ်။ ‘ရိုင်ယန့်ရေတွင်း’ စီမံကိန်းဟာအာဖရိကတိုက်တွင်သာမကတော့ဘဲကမ္ဘာအနှံ့ တူးလာတဲ့အထိကြီးလာပါတယ်။ အာဖရိက၊ လက်တင်အမေရိကနဲ့တောင်အာရှနိုင်ငံတွေအထိပါဘဲကွယ်။ နိုင်ငံ ၁၆ နိုင်ငံကလူပေါင်း ၇ သောင်းနီးပါးကိုရေသန့်တွေပေးနိုင်ခဲ့သလို မိလ္လာနဲ့ရေဆိုးရေပုတ်တွေဖယ်ရှားရေးစံနစ်ကိုလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ (ကလေးတို့ဒေသတွေမှာမသန့်တဲ့သောက်ရေနဲ့ရေဆိုးရေပုတ်တွေရှိကြပါသလားကွယ်)။

၂ဝဝ၃ ခုနှစ်မှာ ရိုင်ယန်ဟာ World of Children Award ကိုလက်ခံရရှိခဲ့ပါတယ်။ အဲဒီဆုဟာနိုဘဲလ်ဆုကြီးနီးပါးကြီးပါတယ်ကွယ်။ (နိုဘဲလ် ဆုကြီး အကြောင်းကိုတစ်နေ့ကရေးပြခဲ့တယ်နော်)။ ၂၀၀၄ ခုနှစ်မှာတစ်ခါနောက်ထပ်နာမယ်ကောင်းဂုဏ်ပြုလွှာတစ်ခုထပ်ရခဲ့ပြန်ပါတယ်။ နောက်ထပ်လည်း Canadian Meritorious Service Medal, the Duke of Edinburgh Gold Award, The Wolf Award, and Planet Africa’s Nelson Mandela Humanitarian Award တွေထပ်ရခဲ့ပြန်ပါတယ်။

ဒီနေ့မှာတော့ ရိုင်ယန်လေးတစ်ဖြစ်လဲ ရိုင်ယန်ကြီးဟာတက္ကသိုလ်မှာအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံရေးသိပ္ပံပညာရပ်ကိုသင်ယူလျက်ရှိပါတယ်။ ရိုင်ယန်ဟာကမ္ဘာလှည့်ပြီး ‘ရိုင်ယန့်ရေတွင်း’ အလုပ်တွေလုပ်နေပါတယ်။ သူ့မိဘနှစ်ပါးလည်းအလုပ်ကနားပြီးရိုင်ယန့်လုပ်ငန်းတွေမှာအချိန်ပြည့်ပါဝင်ကူညီနေကြပါတယ်။ စောစောက ရိုင်ယန့်သူငယ်ချင်း အာကာနာ ဂျင်မီ ကိုရိုင်ယန့်မိဘတွေကမွေးစားခဲ့လို့ရိုင်ယန်ဟာညီအစ်ကိုတစ်ဦးထပ်ရခဲ့ပြန်ပါတယ်။ (ဒီနေ့မှာဂျင်မီဟာရိုင်ယန့်လိုဘဲမေတ္တာနဲ့ရေတွင်းတူးလုပ်ငန်းတွေလုပ်ဆောင်လျက်ရှိပါတယ်။ တစ်နေ့ကျမှ ဂျင်မီအာကာနာအကြောင်းထပ်ရေးပါအုန်းမယ်ကွယ်)

ဒီပုံပြင်ကနေကလေးတို့ဘာသင်္ခဏ်းစာတွေရခဲ့ပါသလဲကွယ်။

ရိုင်ယန်တို့မိသားစုဟာချမ်းသာကြွယ်ဝသူတွေမဟုတ်ကြပါဘူး။ ရိုင်ယန်လေးတစ်ခုခုရည်ရွယ်လိုက်တိုင်းဘဲကြီးမားတဲ့အခက်အခဲကြီးကအမြဲသူ့ကိုဆီးကြိုနေတာ ကလေးတို့တွေ့မှာပေါ့။ အခက်အခဲတခုနဲ့ကြုံတိုင်းသာသူနောက်ပြန်လှည့်ခဲ့ယင်ဒါတွေတစ်ခုမှဖြစ်လာခဲ့မှာမဟုတ်ပါဘူး။ လူကမုန်ညင်းစေ့လောက်သေးပေမဲ့ရည်ရွယ်ချက်နဲ့သတ္တိကမြင့်မိုရ်တောင်လောက်ကြီးလို့သာဒါတွေအားလုံးဖြစ်လာတာပါ။

ကမ္ဘာအနှံ့ဒီလောက်ကြီးမားတဲ့စီမံကိန်းကြီးဟာတစ်ညနေမှာကနေဒါကမိသားစုထမင်းဝိုင်းလေးမှာသန္ဓေတည်ခဲ့ပါတယ်ကွယ်။ မြန်မာကလေးတွေထဲကနေလည်းတစ်နေ့မှာ ရိုင်ယန်လို ကလေးတွေပေါ်လာမယ်ဆိုတာဦးဦးရင်ထဲအသဲထဲကယုံပါတယ်။ အဲဒီနေ့ကိုတော့ဦးဦးမြင်သွားရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ဦးဦးမြန်မာကလေးတွေရဲ့စိတ်ဓါတ်ကိုယုံကြည်မှုအပြည့်ရှိပါတယ်။

ကလေးတို့လိမ္မာရေးခြားရှိပြီးရိုင်ယန်လိုကြင်နာသနားတတ်၊ အမျှော်အမြင်ကြီးတတ်၊ ဇွဲလုံ့လကြီးတတ်တဲ့၊ လိမ္မာယဉ်ကျေးမိကောင်းဖခင်သားသမီးလေးများဖြစ်ကြပါစေကွယ်။